Category: News

  • အသစ်ရေးလို့ မဆုံးနိုင်တဲ့ ရှစ်လေးလုံးရာဇဝင်

    အသစ်ရေးလို့ မဆုံးနိုင်တဲ့ ရှစ်လေးလုံးရာဇဝင်

    အိပ်မောကျနေ၊ ပြည်သူတွေကို

    ထလေ ထတော့၊ နိုးထလော့ဟု

    စ၍နှိုးဆော်၊ ကမ္ဘာကျော်သည်

    မြန်မာပြည်၏၊ ညီညာစုရုံး

    ရှစ်လေးလုံးကား၊ ဖြစ်ပွားခဲ့တာ

    သုံးဆယ်ခွန်နှစ် ရှိပါပြီ။ ။

    သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့တာ ၃၇ နှစ် ရှိပါပြီ။ ၃၇ နှစ်ပွဲ ကျင်းပဖို့အတွက် ကြိုတင်တိုင်ပင်ခဲ့ကြတယ်။ ရန်ပုံငွေ ဘယ်လောက်ကုန်မည်လဲ။ စုထည့်ဝင်ခဲ့ကြတယ်။ တချို့နိုင်ငံတွေမှာတော့ ၈၈၈၈ အကြိုပွဲတွေ၊ ၈၈၈၈ (၃၇) နှစ်အကြို လမ်းလျှောက်ပွဲတွေ လုပ်သွားကြပြီ။ တချို့က ၈-၈-၂၀၂၅ မှာ တိတိကျကျ မနက် ၈ နာရီ ၈ မိနစ် ၈ စက္ကန့်မှာ စကျင်းပကြတယ်။ ၈ စက္ကန့်ငြိမ်ပြီး အလေးပြုကြတာပေါ့။ တချို့ကြတော့လည်း နောက်တနေ့ ၉ ရက်နေ့ စနေနေ့ကျမှ ကျင်းပကြမယ်လေ။ ဒီလို အများပြည်သူ ရုံးပိတ် အလုပ်ပိတ်ရက်ကျမှ နောက်ကျပြီး ၈၈၈၈ (၃၇) နှစ်ကို ကျင်းပကြတာလည်း ရှိသပေါ့။ မည်သို့ပင်ဆိုစေကာမူ ၃၇ နှစ်ကြာတဲ့အထိ ၈၈၈၈ စိတ်ဓာတ်တွေ ခိုင်မာဆဲ၊ ၈၈၈၈ က တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရရှိရေး ရည်မှန်းချက်တွေ ရှင်သန်နေဆဲပါပဲ။

    ညီမှု အရေးစုံတဲ့

    ပြည်သူ့ အရေးတော်ပုံကြီးပါလား

    ကမ္ဘာတုန်အောင် ပြည်သူညီတဲ့

    ဒီမိုကရေစီ တိုက်ပွဲများလို့

    အားပါးတရ မော်ကွန်းတင်

    အာဏာရှင်စနစ် အမြစ်ဖြုတ်ပွဲ။ ။

    တင်မိုး

    မဲဆောက်က ကိုကျော်လင်းမင်းက ၈၈၈၈ နေ့ တောရကျောင်းမှာ ကျင်းပမယ့် ဖိတ်စာပို့လာတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်တွေမှာတော့ ၈၈၈၈ ဆန္ဒပြပွဲတွေ နေ့စဉ်လုပ်နေကြပြီ။ ရန်ကုန်နဲ့ မန္တလေးမှာတောင် ၈၈၈၈ ပိုစတာတွေ ကပ်တဲ့ လှုပ်ရှားမှုတွေ လုပ်နေကြပြီလေ။ ဒါလည်း ဆန္ဒပြနည်း တမျိုးပေပဲ။ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာလည်း ၈၈၈၈ ပွဲအတွက် ကိုသိန်းကိုနဲ့ ကိုအေးမင်းစိုးတို့ ပိုစတာတွေ ရေးနေကြတာ ဖေ့စ်ဘွတ်ခ်မှာ တွေ့လိုက်ပါသေးတယ်။ အို မြန်မာတပြည်လုံး တကမ္ဘာလုံး ရှစ်လေးလုံး အရေးတော်ပုံကြီး ၃၇ နှစ်မြောက်ကို ပုံစံမျိုးစုံ၊ နည်းမျိုးစုံ ကမ်းကုန်အောင် ဆင်ယင်ကျင်းပ ပြုလုပ်နေကြပြီပေါ့။ ဒီလိုအချိန်မှာ လွန်ခဲ့သော ၃၇ နှစ်တာ ၈၈၈၈ ခရီးကြမ်းကြီးကို ရုပ်ရှင်ပိတ်ကား ထိုင်ကြည့်သလို ပြန်ကြည့်မိတော့ ကြုံတွေ့ ဖြတ်သန်းခဲ့သမျှ တရေးရေး ပေါ်လာပါတယ်။

    ၈၈၈၈ အစ ၁၉၈၇ ငွေစက္ကူအရေးအခင်းက

    ၂၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင်ကြောင်း ကြေညာခဲ့တာက ၈၈၈၈ ရှေ့ပြေးတော်လှန်ရေးကို လှုပ်နှိုးလိုက်တာပါ။ အဲသည်အချိန် ကျနော်တို့က ကျောင်းပြေးလို့ ကောင်းတုန်းပေါ့။ နိုင်ငံရေး ကကြီး ခခွေး ဘာမှ မသိသေးပါ။ စိတ်လည်း မဝင်စားသေးပါ။ တနေ့မှာ ကရင်-ထိုင်းနယ်စပ်အထိ မှောင်ခိုလိုက်ဖူးတဲ့ ကျောင်းသားကြီးတယောက်က ကျောင်းပြေးရင်းကနေ “အစိုးရက ၂ ခုရှိတယ်ကွ” လို့ ပြောလိုက်တယ်။ ကြားရတဲ့ ကျနော်တို့ ကျောင်းပြေးတွေက တအံ့တဩပေါ့။ လမ်းစဉ်ပါတီအစိုးရတခုပဲ သိတာလေ။ လမ်းစဉ်ပါတီ ဆိုတာ မဆလကို ခေါ်တာပါ။ အဲသည် ၁၉၈၇ ခုနှစ်က မဆလ ဆိုတဲ့ ဝေါဟာရ မပြောကြသေးဘူး။ ဟုတ်ပြီ။ အစိုးရ ၂ ခုဆိုတော့ နောက်အစိုးရက ဘာလဲ။ ကော်သူးလေ အစိုးရတဲ့။ တောမှာ သူတို့က အုပ်ချုပ်တယ်တဲ့။ သူတို့နယ်မြေ သူတို့အစိုးရ သူတို့အာဏာပဲတဲ့။ အဲသည်နေရာတွေမှာ မဆလ စစ်သားတွေ ပြောက်ကျားအတိုက်ခံရသတဲ့။ နေ့စဉ် မဆလ စစ်သားတွေ သေနေကြသတဲ့။ မကြားဘူးတာတွေ စကြားရခဲ့ပြီ။ အဲသည်ကစ ကျနော်တို့ လေ့လာကြတာပေါ့။

    ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ၇၅ ကျပ်၊ ၂၅ ကျပ်တန် ငွေစက္ကူတွေ ဖျက်သိမ်းလိုက်ကြောင်း ရေဒီယိုက ကြေညာခဲ့ပြီ။ တက္ကသိုလ်ကျောင်းသားတွေ ရန်ကုန်မှာ ကန့်ကွက်ဆန္ဒပြကြတော့ တက္ကသိုလ်တွေ ပိတ်လိုက်တယ်။ ခဏ ငြိမ်သွားတယ်။ ဒါပေမဲ့ မီးခဲပြာဖုံး ရှစ်လေးလုံးကို ဦးတည်နေပြီပေါ့။ ကျောင်းပိတ် အိမ်ပြန်ကြတဲ့ ကျောင်းသားတွေဟာ တတိုင်းပြည်လုံးအနှံ့ကို ရောက်သွားပြီး ကျေးလက်ပြည်သူတွေ၊ အခြေခံနဲ့ အထက်တန်း ကျောင်းသားတွေနဲ့ပါ ပူးပေါင်းသွားပြီး ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုကြီးဟာ သန္ဓေတည်စပြုလာပြီပေါ့။

    ဆေးမြီးတိုကု၊ ကျောင်းပိတ်မှုသည်

    လူထုကျောင်းသား၊ ပြည်တလွှားကို

    ပေါင်းစည်းသွားဖို့၊ တွန်းပို့သလို

    ဖြစ်ခဲ့သည်တည့်၊ စစ်တပ်၏ဉာဏ်

    အကွက်မှန်က၊ မဆလ တို့

    မြောင်းပုပ်သို့ဆီ ဦးတည်နေပြီ။ ။

    ၈၈၈၈ ရှေ့ပြေး ဘုန်းမော်အရေးကျဆုံးသည့် အရေးအခင်း

    “မောင်ဖုန်းမော် ကျဆုံးသွားခြင်း၏ အဓိကအကြောင်းအရင်းကို သုံးသပ်ကြည့်ပါက မြန်မာနိုင်ငံတွင် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေရခြင်းကြောင့်သာ ဖြစ်ကြောင်း ပေါ်လွင်ပါသည်။ မောင်ဖုန်းမော်သည် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းအား မိမိတို့ လူ့အခွင့်အရေး မည်မျှဆုံးရှုံးနေသည်၊ လူ့အခွင့်အရေးများ ခံစားပိုင်ခွင့်မရှိသော ပြည်သူများ မည်မျှနစ်နာရသည် စသော အသိအမြင်များရရှိရန် အသက်စွန့်လွှတ်သွားသကဲ့သို့ပင် ဖြစ်ပေသည်။”

    ဒေါ်အောင်ဆန်းစုကြည်

    ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၁ နှစ်ပြည့် သ၀ဏ်လွှာ

    မတ်လ ၁၃၊ ၁၉၈၉ ခုနှစ်

    ငွေစက္ကူအရေးအခင်းနောက်ပိုင်း ပိတ်ထားတဲ့ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ဖုန်းမော်အရေးအခင်း ဆက်ဖြစ်လာတာပါပဲ။ ဖုန်းမော် အရေးအခင်းဟာ ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ ရန်ကုန်စက်မှုတက္ကသိုလ်အနီး ကြို့ကုန်း အနောက်ရပ်ကွက်မှာ ကျောင်းသားနဲ့ အရပ်သား ရန်ပွဲကနေ စခဲ့တာပါ။ အဲသည်ပြဿနာကို မဆလ အစိုးရက ညှိနှိုင်းမဖြေရှင်းဘဲ စက်မှုတက္ကသိုလ်က ကျောင်းသားတွေကို မျက်ရည်ယိုဗုံး၊ သေနတ်တွေသုံး အကြမ်းဖက်တာကြောင့် ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ သေဆုံးခဲ့တာပါ။ ဒီလို သေဆုံးခဲ့တာကို မဆလ က ဝန်မခံဘဲ ဖုန်းမော်အရေးအခင်း စုံစမ်းရေးကော်မရှင်ကို အစိုးရအလိုကျ ၁၉၈၈ ခုနှစ် မတ် ၁၇ ရက်က ဖွဲ့ပါတယ်။ အစီရင်ခံစာ ထွက်ရှိလာတော့လည်း အမှန်တရားကို ဖုံးကွယ်ထားခဲ့လို့ ကျောင်းသား ပြည်သူ ရဟန်းရှင်လူတွေ ပို မကျေနပ်ခဲ့ကြတာပါ။ ဒီလိုနဲ့ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ထွင်းကြရတော့တယ်။ ကိုဖုန်းမော် ကျဆုံးသွားတာကစလို့ ကျောင်းသားလှုပ်ရှားမှုတွေ ဆက်ဖြစ်ပွားခဲ့ပြီး မဆလကို မကျေနပ်ကြတဲ့ ပြည်သူတွေကပါ ပူးပေါင်းပါဝင်ခဲ့ကြလို့ ၁၉၈၈ သြဂုတ်လ ၈ ရက် ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။ စစ်တပ်တပိုင်း မဆလ တပါတီ အာဏာရှင်စနစ်လည်း ချုပ်ငြိမ်းခဲ့ရတာပေါ့။

    ၈၈၈၈ အရေးတော်ပုံကြီး၏ အောင်ပွဲ အသီးအပွင့်များ

    ၈၈၈၈ အရေးတော်ပုံကြီးမှာ စစ်တပ်၊ ရဲ၊ လုံထိန်းတွေက ပစ်ခတ်လို့ ရိုက်နှက်လို့ ပြည်သူ ကျောင်းသားတွေ သေဆုံးခဲ့ကြရတာကတော့ ထောင်နဲ့ချီ မရေတွက်နိုင်အောင်ပါပဲ။ နောက်ဆုံး ၁၉၈၈ ခုနှစ်မှာ စစ်တပ်တပိုင်း မဆလအစိုးရကနေ စစ်တပ်ကို အာဏာပြန်သိမ်းခိုင်းလိုက်ပြီး အရေးတော်ပုံကြီးကို ဖြိုခွဲခဲ့ပါတယ်။ ဒီလိုနဲ့ ပြီးဆုံးသွားမှာလား။ မဟုတ်ပါ။ အခု ၃၇ နှစ်မှာလည်း ဆက်လက်တိုက်ပွဲဝင်နေကြဆဲပါ။ ၈၈၈၈ အသီးအပွင့်တွေ များလှပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်သွေး ဒေါ်အောင်ဆန်းစုကြည် ပေါ်ပေါက်လာပါတယ်။ ဒီမိုကရေစီတိုက်ပွဲကြီးကို ဒုတိယ လွတ်လပ်ရေးတိုက်ပွဲကြီးလို့ ခေါ်ဝေါ်ပြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးထဲ ခုန်ဝင်လာပါတယ်။ ပြည်သူ့ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် အဖြစ် အခု ၃၇ နှစ်တိုင် ဦးဆောင်လျက်ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလည်း ပေါ်ပေါက်လာပါတယ်။ ၁၉၉၀ ခုနှစ်၊ ၂၀၁၂ ခုနှစ်ကြားဖြတ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ပြည်သူ့ထောက်ခံမှု အပြတ်အသတ် ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၃၇ နှစ်တာကာလမှာ ထင်ရှားတဲ့ ခေါင်းဆောင်တွေလည်း အသီးသီး ပေါ်ပေါက်လာခဲ့ပါတယ်။ ကမ္ဘာမှာ မရှိဘူးသေးတဲ့ ABSDF ကျောင်းသားတပ်မတော်လည်း ပေါ်ပေါက်ခဲ့ပါတယ်။

    ABSDF ကို ဖြတ်သန်းခြင်း ၂

    သွေးပလက်ဖောင်း

    စာသင်ကျောင်းတို့

    ရွှေ့ပြောင်းမြိုင်ရပ်နှင်သောအခါ။

    သမိုင်းမီးလျှံ

    မုန်တိုင်းထန်သည်

    ဓား လှံ လေး မြား ပွားစီး၏။ ။

    မောင်လွမ်းဏီ

    ABSDF ကျောင်းသားတပ်မတော်ကို ၈၈၈၈ ကာလ စစ်အာဏာသိမ်းအပြီး တောတွင်းကို ထွက်လာကြသူတွေက ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းထားခဲ့တာပါ။ အခုဆိုရင် ကျောင်းသားတပ်မတော်လည်း ၃၇ နှစ်သား ရှိပါပြီ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကာလတွေမှာ ခေတ္တ သွေးအေးသွားခဲ့ကြတာ ရှိခဲ့ပေမဲ့ စစ်ကောင်စီ အာဏာသိမ်းအပြီးမှာ တိုက်ပွဲတွေ ဆက်လက် ဆင်နွှဲနေပါပြီ။ နွေဦးတော်လှန်ရေးမှာ ကျောင်းသားတပ်မတော်ရဲ့ အင်အားတွေလည်း ထပ်မံတိုးပွားလာနေပြီး အာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ခိုက်နေပါပြီ။

    ရှစ်လေးလုံးက ပေါက်ဖွားလာတဲ့ အသီးအပွင့်တခုကတော့ ကျနော်တို့ရဲ့ DVB ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာနပါ။ DVB ကို တော်လှန်ရေးတပ်ပေါင်းစုရဲ့ ပြည်သူ့အသံအဖြစ် ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက်က စတင်ခဲ့ပါတယ်။ ၈၈၈၈ ကာလမှာ ဗကသများအဖွဲ့ချုပ် ကျောင်းသားသမဂ္ဂတွေ ပေါ်ပေါက်လာခဲ့တယ်။ DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အပါအဝင် တခြား ဒီမိုကရေစီ နိုင်ငံရေးပါတီတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် ၂၀၁၅ ရွေးကောက်ပွဲကနေ တက်လာတဲ့ NLD ဒီမိုကရေစီအစိုးရတောင် ပေါ်ပေါက်လာခဲ့ပါတယ်။ NLD ၅ နှစ်တာ အုပ်ချုပ်စဉ်အတွင်း နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ မျက်နှာပန်းပွင့်ခဲ့ပါတယ်။ အခု မင်းအောင်လှိုင်လို အာဆီယံ တက်မရ၊ ဥရောပ အမေရိက သွားမရ၊ ကုလသမဂ္ဂ မသွားရ မဟုတ်ပါဘူး။ နိုင်ငံတကာကဖိတ်လို့ နိုင်ငံ့ခေါင်းဆောင် ဦးဝင်းမြင့်တို့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ပွဲလယ်တင့်ခဲ့ပါတယ်။ တိုင်းပြည်ကို အဘက်ဘက်ကနေ ပြုပြင်ပြောင်းလဲရေးတွေ တော်တော်များများ လုပ်ခဲ့ပါတယ်။ ၂၀၂၁ စစ်တပ်သာ အာဏာမသိမ်းရင် မြန်မာပြည်ဟာ အတော့်ကို တိုးတက်နေလောက်ပါပြီ။ အခုတော့ စစ်တပ်ခေါင်းဆောင်တွေရဲ့ လောဘကြောင့် တိုင်းပြည်လည်း ပြာပုံဖြစ်၊ စစ်ပွဲတွေက တပြည်လုံး၊ ပြည်သူတွေက ကြိမ်မီးအုံးပြီး လုံးလုံးကြီး စီးပွားပျက် ဘဝပျက်သူတွေ တပုံတပင်နဲ့နိုင်ငံ ဖြစ်နေပါပြီ။ ဒီ့ထက် ဝမ်းနည်းစရာ ကောင်းတာကလည်း ရှိပါသေးတယ်။

    စူးနစ်နေသော ၁၇ နှစ်

    ညီမလေး ဝင်းမော်ဦးရေ …..

    အဲဒီတုန်းက

    အထက (၂) လသာ ကနေ

    ဆူးလေ

    တို့မောင်နှမတွေ ချီတက်

    ခွပ်ဒေါင်းအလံ ဖက်လို့….

    သွေးတစ်ချက် မပျက်ခဲ့ဘူး။

    အဲဒီတုန်းက

    အန်ဂျီအို မရှိ

    ပရိုပိုဆယ် မရှိ

    ဆယ်လူလာ မရှိ

    ဒေါ်လာ မရှိ

    ကွန်ပြူတာ မရှိ

    အင်တာနက် မရှိ

    နတ်ဝင်သည်တွေ မရှိ

    ပယောဂတွေ မရှိခဲ့ဘူး။

    စွန့်လွှတ်မှုတွေ ရှိခဲ့တယ်၊

    ပေးဆပ်မှုတွေ ရှိခဲ့တယ်၊

    သွေးစည်းမှုတွေ ရှိခဲ့တယ်၊

    သူရဲကောင်းတွေရှိခဲ့တယ်၊

    အာဇာနည်တွေ ရှိခဲ့တယ်။

    အခု

    ရှိခဲ့တာတွေ မရှိတော့ဘဲ

    မရှိခဲ့တာတွေ ရှိခဲ့ပြီကွယ်…..။

    ရှစ်လေးလုံးရေးတော်ပုံ အာဇာနည်များသို့

    လင်းနွေးအိမ်

    သြဂုတ်လ၊ ၇၊ ၂၀၀၅

    ရှစ်လေးလုံး အရေးတော်ပုံအကြောင်း ကဗျာတွေ လိုက်ရှာတဲ့အခါ ၁၇ နှစ်မြောက်က အထက်ပါကဗျာကို တွေ့ပါတယ်။ ကဗျာလေးတွေနဲ့ ဆောင်းပါးတွေကို သရုပ်ဖော်ရေးသားချင်တဲ့ အတွက် ဒီကဗျာလေးကိုလည်း ထည့်ပေးလိုက်ပါတယ်။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “အသစ်ရေးလို့ မဆုံးနိုင်တဲ့ ရှစ်လေးလုံးရာဇဝင်” ဆိုတာကလည်း ကဗျာဆရာကြီး တင်မိုးရဲ့ “ရှစ်လေးလုံး ရာဇဝင်” ကဗျာရဲ့ ပထမဆုံး ၂ ကြောင်းကို ယူထားတာပါ။

    အသစ်ရေးလို့မဆုံးနိုင်တဲ့ ရှစ်လေးလုံးရာဇဝင်ကို မဖျက်ကြနဲ့

    တို့ဗမာပြည်၊ ပြည်သူစုရုံး

    ရှစ်လေးလုံးကား၊

    နှစ်သုံးဆယ်ပင် တိုင်ခဲ့ပြီ။

    ရှမ်း ချင်း ကချင်၊ ကရင် ကယား

    မြန်မာ ရခိုင်၊ တရုတ် ကုလား

    ကျောင်းသား ရဟန်း၊ ဗန်းရွက်သီလရင်

    မျက်မမြင်ရော၊ မျက်မြင်ရော

    တူ တံစဉ်ရော၊ ပေါက်ပြားရော

    လေးရော မြားရော၊ တုတ်ဓားရော

    တောရော မြို့ပါ၊

    ဗမာတပြည်လုံး၊ ခြိမ့်ခြိမ့်ချုန်းတဲ့

    မဆုံးနေ့ည၊ သွေးတော်ကြသည်

    သည်လိုတိုင်ဖောက်၊ လက်သီးမြှောက်ချီ

    သည်လိုဟစ်ကြွေး၊ သွေးစည်းသည်။

    မောင်စွမ်းရည်

    ၈၈၈၈ အနှစ် ၃၀ ပြည့်က ကဗျာ

    အထက်ပါ ဆရာကြီး မောင်စွမ်းရည်ရဲ့ ကဗျာထဲက အတိုင်းပါပဲ။ ၈၈၈၈ မှာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် မြန်မာပြည်သားအားလုံးက ပါဝင်ခဲ့ကြတာပါ။ အားလုံးဟာ ၈၈ မျိုးဆက်တွေလေ။ အခုအချိန်မှာ ၈၈ မျိုးဆက်တွေဟာ နွေဦးတော်လှန်ရေးမှာ နိုင်ရာတာဝန်ယူ ဆင်နွှဲနေကြပါပြီ။ အခုလို ၈၈၈၈ အရေးတော်ပုံကြီး ၃၇ နှစ်ကာလမှာ ငါတို့ ၈၈၈၈ မျိုးဆက်တွေဟာ ဒီမိုကရေစီ ရရှိရေး စစ်အာဏာရှင် အမြစ်ဖြတ်ရေးဆိုတဲ့ ၈၈၈၈ တာဝန်တွေကို နွေဦးတော်လှန်ရေးနဲ့ ပူးတွဲ တိုက်ပွဲဝင်ကြရပါမယ်။ ၈၈၈၈ မျိုးဆက်တွေဟာ စစ်အာဏာရှင်အလိုကျ ပါတီဖွဲ့ပြီး စစ်ကျွန်သက်ရှည်မယ့် ရွေးကောက်ပွဲဝင်ရေး လုပ်နေကြပြီလား၊ စစ်အာဏာရှင်က ဟန်ပြလုပ်နေတဲ့ အတုအယောင် ငြိမ်းချမ်းရေးပွဲတွေကို သွားတက်နေမိကြပြီလား၊ နွေဦးတော်လှန်ရေးကို ဆန့်ကျင်နေမိပြီလား သုံးသပ်ကြပါ။ အခုပြောခဲ့တဲ့ အချက်တွေကို လုပ်ကိုင်မိနေပါသော ၈၈၈၈ မျိုးဆက် ပုဂ္ဂိုလ်တွေဟာတော့ ရှစ်လေးလုံးရာဇဝင်ကို အိုးမဲသုတ်နေကြ ဖျက်နေကြသူတွေပါ။ အခုပြောခဲ့တဲ့ အချက်တွေကို ဆန့်ကျင်ပြီး နွေဦးတော်လှန်ရေးမှာ ပြတ်သားစွာ ပါဝင်နေကြတဲ့ ၈၈၈၈ မျိုးဆက်တွေဟာတော့ဖြင့် “အသစ်ရေးလို့မဆုံးနိုင်တဲ့ ရှစ်လေးလုံးရာဇဝင်” ကို အသစ် အသစ် ရေးထိုးနေကြသူများ ဖြစ်ကြပါတယ်။ ။

    မပြီးဆုံးသေး၊ သမိုင်းရေးကြ

    ရှစ်လေးလုံးကို၊ တာဝန်ကျေဖို့

    တို့တွေစုစည်း ညီညွတ်ကြ။ ။

    မောင်တူး

  • လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင် တော်လှန်ရေး ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ်လှုပ်ရှား

    လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင် တော်လှန်ရေး ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ်လှုပ်ရှား

    ရန်ကုန်တွင် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်အာဏာရှင် တော်လှန်ရေး ၃၇ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ ထီးသပိတ်လှုပ်ရှား

    (more…)

  • ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီး

    ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီး

    ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီး

    (more…)

  • မုံရွာမှာ နေအိမ်နဲ့အလုပ်ရုံတွေထဲထိ ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒေသခံ ၄၀ နီးပါးဖမ်းခံထားရ

    မုံရွာမှာ နေအိမ်နဲ့အလုပ်ရုံတွေထဲထိ ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒေသခံ ၄၀ နီးပါးဖမ်းခံထားရ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာပြီး ဒေသခံ ၄၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မုံရွာမြို့ရဲ့ ပေ ၈၀ လမ်း၊ ရန်ကင်းမီးပွိင့်၊ ကျောက္ကာလမ်း၊ ကမ်းနားလမ်း၊ မြို့ပေါ်ရပ်ကွက်တွေထဲနဲ့ မြို့အနီးကျေးရွာတွေမှာ ဇူလိုင်နောက်ဆုံးပတ်ကတည်းက စတင်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

    “ဇူလိုင် ၂၄ ရက်ပတ်ဝန်းကျင်ကတည်းက ပေါ်တာဆွဲနေတာ။ ခုရက်ပိုင်းပိုကြမ်းလာတယ်။ အချို့နေအိမ် အလုပ်ရုံထဲ ဝင်ဆွဲတယ်ပြောတယ်။ လောလောဆယ်တော့ နေရာတနေရာပြီး တနေရာ ရွှေ့ပြောင်းပြီး အလစ်အငိုက်ဆွဲနေတာ”လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၆ နဲ့ ၁၇ အတွက် လူမပြည့်မီသေးတာကြောင့် ခုလိုပေါ်တာ ဆွဲဖမ်းဆီး တာဖြစ်နိုင်ပြီး သြဂုတ် ၇ ရက်ဒီကနေ့အထိ ဖမ်းဆီးခံထားရသူ ၄၀ ဝန်းကျင်ရှိကာ အဲ့ဒီထဲက ၅ ဦးကိုသာပြန်လွှတ်လိုက်တယ်လို့ သိရကြောင်း သူကဆက်ပြောပါတယ်။

    ဒီအရေအတွက်ဟာ ဒေသခံတွေ လက်လှမ်းမီသလောက်သိရှိတဲ့အရေအတွက်ဖြစ်ကာ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေဟာ ယူနီဖောင်းဝတ်နဲ့အပြင် အရပ်ဝတ်တွေနဲ့ပါစောင့်ကြည့်ဖမ်းဆီးနေတာဖြစ်ပြီး ခုလိုဖမ်းဆီးတာတွေ လုပ်နေတာကြောင့်လူငယ်တွေလည်း လမ်းပေါ်ကိုမထွက်ရဲကြဘူးလို့ ဆိုပါတယ်။

    သြဂုတ် ၃ ရက်မှာလည်း မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်က ရေဦးဆန်ဆိုင်ဂိတ်၊ ရန်ကင်း ရပ်ကွက်ထဲရှိ အသောကလမ်း၊ ကမ်းနားလမ်း၊ ရေကူးကန်လမ်းနဲ့ ဗိုလ်တေဇလမ်းတွေမှာ လက်နက်ကိုင် စစ်ကောင်စီ အဖွဲ့ဝင် အင်အား ၇ ဦးကျော်နဲ့ လဝကရုံးက ဝန်ထမ်းအချို့ဟာ အံစာတုံးကား ၁ စီး၊ စစ်ကား ၁ စီးနဲ့ လမ်းသွားလမ်းလာအမျိုးသားတွေကို ဖမ်းဆီးခဲ့တယ်လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

    ဖမ်းဆီးခံရသူတွေထဲမှာ မုံရွာမြို့ပေါ်ရှိ ရုံကြီး၊ ဆူးလေကုန်း၊ အောင်ချမ်းသာ၊ စက်မှုဇုန်၊ အင်းရွာသစ်၊ သလ္လာ၊ ချမ်းမြသာစည်စတဲ့ ရပ်ကွက်တွေက အမျိုးသားတွေနဲ့ မုံရွာမြို့အနီးရှိ လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းရွာက အမျိုးသားတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။

    “အဲ့ ၃ ရက်နေ့ကတော့ စစ်ကားပေါ်ကို လူအပြည့်ဘဲ။ ၂၀ ဦးရေ ဝန်းကျင်လောက်တော့ ပါမယ်။ ညနေဘက် ၆ နာရီလောက်ကျ ဗိုလ်ချုပ်လမ်းပေါ်ကနေ အနောက်တန်းတန်း မောင်းချသွားတာ။ အဲ့နေ့က ညနေဘက်လူငယ်တွေ သိပ်မထွက်ကြဘူး။ လမ်းပေါ်မှာ လူကြီးပိုင်းတွေပဲ တွေ့ရတာ။”လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

    စစ်မှုထမ်းဖို့ ဖမ်းဆီးသွားသူတွေကို မုံရွာမြို့တော်ခန်းမထဲမှာ ထိန်းသိမ်းထားပြီးနောက် လူဦးရေ အရေအတွက်ပြည့်ပါက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ ဆီကို ပို့ဆောင်တယ်လို့ ဆိုပါတယ်။

    သြဂုတ် ၄ ရက်ကနေ ၆ ရက်အထိလည်း မုံရွာမြို့ပေါ် မိုးရွာသွန်းနေပေမယ့် ထန်းတောရပ်ကွက်၊ မုံရွာတောင်၊ စက်မှုဇုန်ရပ်ကွက်၊ မြဝတီရပ်ကွက်နဲ့ အလုံသုံးထောင့်ချွန်းနေရာတွေမှာ လမ်းသွားလမ်းလာ အမျိုးသားတွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

    စစ်မှုထမ်းဖမ်းဆီးခံရသူတွေထဲက မြို့ပေါ်နေသူတွေဖြစ်ပါက မှတ်ပုံတင်တွေကို မိသားစုဝင်တွေဆီ ဆက်သွယ်တောင်းခံပြီး လာရောက်မပေးသူတွေကိုတော့ မှတ်ပုံတင်အသစ်ပြန်လည် လုပ်ဆောင် ပေးတယ်လို့လည်း အဓမ္မဖမ်းဆီးခံရသူတဦးရဲ့ မိသားစုဝင်ဆီက စုံစမ်းသိရပါတယ်။

    အခုရက်ပိုင်း မုံရွာမှာ စစ်ကောင်စီတွေက စစ်မှုထမ်းဖို့အမျိုးသားတွေကို နေ့စဥ်ဖမ်းဆီးနေတာကြောင့် မြစ်အနောက်ဘက် ရွာရှည်၊ ထန်းတောကြီးနဲ့ ညောင်ပင်ကြီးကျေးရွာတွေက နေ့စား အလုပ်သမား တွေလည်း မုံရွာမြို့ပေါ်ကို အလုပ်မဆင်းဘဲ ရက်ပိုင်းအနားယူထားကြတယ်လို့လည်း ပွဲရုံလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

    ပုံစာ – ဇီးကုန်းမြို့နယ်အတွင်း စစ်ဆေးရေးလုပ်ဆောင်နေသည့် စစ်ကောင်စီအဖွဲ့များ။ (ပုံဟောင်း)