Category: News

  • “သူခိုးက ဓားပြတိုက်တာ” ထက် “AI နဲ့ လိမ်တာ” က ပိုကြောက်စရာကောင်းနေပါပြီ

    “သူခိုးက ဓားပြတိုက်တာ” ထက် “AI နဲ့ လိမ်တာ” က ပိုကြောက်စရာကောင်းနေပါပြီ

    “အမေ… သားပါ၊ KPay ကနေ ပိုက်ဆံ ၅ သိန်းလောက် အမြန်လွှဲပေးပါ” လို့ ဖုန်းလာရင် ချက်ချင်းမလွှဲလိုက်ပါနဲ့!

    ဒီနေ့ခေတ်မှာ “သူခိုးက ဓားပြတိုက်တာ” ထက် “AI နဲ့ လိမ်တာ” က ပိုကြောက်စရာကောင်းနေပါပြီ။ ဘာလို့လဲဆိုတော့ နည်းပညာက ကျွန်တော်တို့ရဲ့ “အယုံကြည်ရဆုံးအရာ” ဖြစ်တဲ့ မိသားစုဝင်တွေရဲ့ အသံနဲ့ မျက်နှာကိုပါ အတုခိုးလာနိုင်လို့ပါပဲ။

    “အမေ… သားပါ၊ အဖမ်းခံထိလို့၊ KPay ကနေ ပိုက်ဆံ ၅ သိန်းလောက် အမြန်လွှဲပေးပါ” ဆိုတဲ့ တုန်တုန်ရီရီအသံကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ မိဘတိုင်း ရင်ဘတ်တစ်ခုလုံး ဒိန်းခနဲ ဆောင့်ခုန်သွားတတ်ကြပါတယ်။ အသံကလည်း ကိုယ့်သားသမီးအသံ အစစ်၊ နာမည်လည်းခေါ်တယ်၊ ငိုသံပါပါနေတော့ ပြာပြာသလဲလဲနဲ့ ပိုက်ဆံလွှဲမိကြတာ သဘာဝပါပဲ။ ဒါပေမဲ့ သတိထားကြပါ၊ ဒါဟာ တကယ့်အဖြစ်အပျက် မဟုတ်ဘဲ “ကျားဖြန့်” လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက AI နည်းပညာကို အသုံးပြုပြီး သင့်မိသားစုကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်နိုင်ပါတယ်။ ၂၀၂၅-၂၆ ကာလမှာ နယ်စပ်ဘက်က ငွေလိမ်ဂိုဏ်းတွေဟာ နည်းပညာတွေ ဝယ်သုံးလာကြပြီး အရင်လို ရိုးရိုးလိမ်တာမျိုး မဟုတ်တော့ဘဲ Generative AI လက်နက်တွေကို ကိုင်စွဲထားကြပါပြီ။ သူတို့က သင့်သားသမီး၊ သင့်ခင်ပွန်း သို့မဟုတ် ဇနီးရဲ့ အသံကို ၁၀၀ ရာခိုင်နှုန်း တူအောင် AI Voice Cloning နည်းပညာနဲ့ တုပနိုင်သလို၊ Video Call ခေါ်ရင်တောင် မျက်နှာကို Deepfake နည်းပညာနဲ့ အစားထိုးပြီး လိမ်လည်နိုင်တဲ့အဆင့်ကို ရောက်နေပါပြီ။

    သူတို့က သင့်အသံကို ဘယ်ကရသလဲဆိုရင် အဖြေကတော့ Social Media ပါပဲ။ သင် TikTok မှာ ကပြထားတဲ့ Video လေးတွေ၊ Facebook Stories မှာ သူငယ်ချင်းတွေနဲ့ ရယ်မောပြောဆိုနေတဲ့ Video တွေ၊ ဒါမှမဟုတ် Group Chat တွေထဲက Voice Notes တွေထဲကနေ သင့်အသံဖိုင် (၃) စက္ကန့်စာလောက် ရလိုက်တာနဲ့ AI က သင့်လေသံ၊ အသံအနိမ့်အမြင့်၊ ရယ်သံကအစ အကုန် ကူးယူနိုင်ပါပြီ။ ပြီးတာနဲ့ သူတို့က ကွန်ပျူတာမှာ စာရိုက်ထည့်လိုက်ရုံနဲ့ သင့်အသံအတိုင်း စကားပြောထွက်လာတာဖြစ်လို့ “ငါ့သားအသံ ငါမှတ်မိတာပေါ့” ဆိုတဲ့ ယုံကြည်မှုကို သူတို့က အခွင့်ကောင်းယူ တိုက်ခိုက်ကြတာပါ။ ဒါကြောင့် ဒီအန္တရာယ်ကို ကာကွယ်ဖို့အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ “Safe Word” လို့ခေါ်တဲ့ မိသားစု လျှို့ဝှက်စကား သတ်မှတ်ထားခြင်းပါပဲ။ ဒီနေ့ည ထမင်းဝိုင်းမှာ မိသားစုတွေ တိုင်ပင်ပြီး “ငါတို့အိမ်ကလူတွေ ဒုက္ခရောက်လို့ ပိုက်ဆံလိုရင် ‘ငါးပိရည်’ သို့မဟုတ် ‘ပုဂံဘုရား’ ဆိုတဲ့ စကားလုံး ပါအောင် ပြောရမယ်၊ အဲဒါမပါရင် ဘယ်သူမှ မယုံကြေး” ဆိုပြီး သတ်မှတ်ထားလိုက်ပါ။ AI က အသံတူအောင် လုပ်နိုင်ပေမယ့် သင့်မိသားစုရဲ့ လျှို့ဝှက်စကားကိုတော့ ဘယ်လိုမှ မသိနိုင်ပါဘူး။

    နောက်ထပ် သတိထားရမယ့်အချက်ကတော့ Messenger သို့မဟုတ် Viber ကနေ ဖုန်းဆက်ပြီး “လိုင်းမကောင်းဘူး” လို့ အကြောင်းပြကာ ပိုက်ဆံလွှဲခိုင်းတဲ့ အခြေအနေမျိုးပါ။ AI Voice တွေက တခါတလေ စက်သံပေါက်တာ၊ စကားထစ်တာတွေကို ဖုံးကွယ်ဖို့ Scammer တွေက အင်တာနက်လိုင်းမကောင်းသလို ဟန်ဆောင်တတ်ကြပါတယ်။ ဒါကြောင့် သားသမီးက ဒုက္ခရောက်နေပြီလို့ Messenger က ဆက်လာရင် ဖုန်းချက်ချင်းချပြီး သူ့ရဲ့ ဖုန်းနံပါတ်အစစ် (Ooredoo/Atom/MPT) ကို ပြန်ခေါ်ပါ၊ ဒါမှမဟုတ် သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဆီ လှမ်းဆက်မေးပါ၊ ပြာပြာသလဲလဲနဲ့ KPay သို့မဟုတ် Wave ကနေ ချက်ချင်း ငွေမလွှဲလိုက်ပါနဲ့။ မြန်မာလူမျိုးတွေက သားသမီးအရေးဆိုရင် အရာရာပုံအောတတ်ကြတဲ့ အားနာတတ်တဲ့ စိတ်ကို “ကျားဖြန့်” တွေက အခွင့်ကောင်းယူနေတာဖြစ်လို့ ကိုယ်ချွေးနည်းစာနဲ့ရှာထားတဲ့ ပိုက်ဆံကို AI သုံးတဲ့ သူခိုးတွေလက်ထဲ မပါသွားပါစေနဲ့။ ဒီစာကို ဖတ်ပြီးရင် ပြီးပြီးရော မထားဘဲ ကိုယ့်အဖေအမေ၊ ဘကြီးဘွားကြီးတွေကို အခုပဲ ဖုန်းဆက်ပြီး ဒီအန္တရာယ်အကြောင်း သတိပေးကာ “Safe Word” သတ်မှတ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

  • CDM ဆရာမနှင့်ခင်ပွန်းအား သတ်ဖြတ်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိဟု KNU ထုတ်ပြန်

    CDM ဆရာမနှင့်ခင်ပွန်းအား သတ်ဖြတ်ခဲ့သူ ၄ ဦးကို ဖမ်းဆီးရမိဟု KNU ထုတ်ပြန်

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာမှ CDM ကျောင်းအုပ်ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူ ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ တာဝန်ခံဖြစ်တဲ့ CDM ကျောင်းအုပ်ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ပုလောမြို့နယ်၊ ဆားခဲရွာ၊ နေအိမ်မှာ ဒီဇင်ဘာ ၁၆ ရက် မနက် ၁ နာရီလောက်မှာ အသတ်ခံခဲ့ရတာပါ။

    ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်နဲ့ မောင်ဝင်းစိုး တို့ဟာ ဒီဇင်ဘာ ၁၃ ရက်က KNU တပ်ရင်း (၇) တပ်ခွဲ (၅) အချုပ်ခန်းထဲမှ ထွက်ပြေးလာသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဆိုပါ ပြစ်မှုကျူးလွန်သူ ၄ ယောက်ထဲမှ‌ ၃ ယောက်ကို ဒီဇင်ဘာ ၁၇ ရက်နဲ့ ကျန်တယောက်ကို ၁၈ ရက်က ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာမှ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်းကို သတ်ဖြတ်ခဲ့တဲ့အမှု ပေါ်လာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်အတွင်းအရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

    ကျူးလွန်သူ ၄ ယောက်ထဲမှ မောင်ဝင်းစိုးက ဆရာမကြီးကို သတ်ဖြတ်ခဲ့ပြီး ကျန်သုံးယောက်က ဆရာမရဲ့ ခင်ပွန်းဖြစ်သူကို ချုပ်နောင်ရာမှာပါဝင်ပြီး ပြစ်မှုကျူးလွန်ပြီးနောက် နားကပ်၊ ဆွဲကြိုးနဲ့ လက်ကောက်တို့ကို ယူဆောင်ကာ ထိုင်းနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားနေချိန်အတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    KNU မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက “ကျနော်တို့ အကုန်လုံး စုံစမ်းစစ်ဆေးပြီးတော့ ကျနော်တို့အဖွဲ့အစည်းရဲ့ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။

    ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်း အသတ်ခံရတဲ့ ဖြစ်စဥ်အပေါ် KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။

    ဆရာမကြီးနဲ့ ခင်ပွန်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တရားမျှတမှုနဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် သေချာစွာစုံစမ်းစစ်ဆေးပေးဖို့ လွတ်လပ်သော CDM နိုင်ငံဝန်ထမ်းအဖွဲ့အစည်း ဖြစ်မြောက်ရေး ကော်မတီက ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးတယ်။

  • ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဗုံးပေါက်

    ပြည်သူ့ပါတီ ရန်ကုန်တိုင်းရုံးအနီး ဗုံးပေါက်

    ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရဲ့ ရန်ကုန်တိုင်းရုံး အနီးမှာ ဒီဇင်ဘာ ၂၁ ရက် မနေ့ည ၇ နာရီခွဲက ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    မနေ့ည ၇ နာရီခွဲက ရန်ကုန်တိုင်း ပြည်သူ့ပါတီရုံးခန်း အဆင်းအတက်လှေကားဘေးက တိုက် ၂ လုံးကြားမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုပြင်းထန်ကြောင်း မြို့ခံတယောက်က ပြောပါတယ်။

    “ဗုံးပေါက်တာ အတော်ပြင်းတယ်။ ညဘက်ပေါက်တော့ လူထိခိုက်မှုတော့ မရှိဘူး။ အဆောက်အအုံက မှန်တွေတော့ ကွဲကုန်တယ်။ စစ်တပ်ရော၊ ရဲရော ရောက်လာပြီး ပန်းဆိုးတန်းတလျှောက် ပိတ်ဆို့ပြီး ကားတွေရော လူတွေရော စစ်ဆေးတယ်။”

    ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ လူထိခိုက်တာ မရှိပေမဲ့ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နဲ့ ရပ်ထားတဲ့ မော်တော်ယာဥ်တချို့ ပျက်စီးသွားတယ်လို့ ပြည်သူ့ပါတီဝင်တယောက်က ပြောပါတယ်။

    “ဗုံးပေါက်တာ မှန်တယ်။ ပါတီဆိုင်းဘုတ်တွေ ပျက်စီးတယ်၊ ရပ်ထားတဲ့ကားတစီး မှန်တွေကွဲတယ်၊ ရုံးခန်းအပေါ်ထပ်တိုက်က မှန်တွေကွဲတယ်။ ရဲဘက်ကတော့ စစ်ဆေးနေတယ်။”

    လတ်တလောမှာ အဆိုပါဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ပြည်သူ့ပါတီရုံးဘက်ကပါ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။

  • Justice For Myanmar ၏ လုပ်ရပ် စစ်ကော်မရှင်၏ အရှိုက်ကိုထိပြီး ပြည်သူများကြိုဆို

    Justice For Myanmar ၏ လုပ်ရပ် စစ်ကော်မရှင်၏ အရှိုက်ကိုထိပြီး ပြည်သူများကြိုဆို

    အကြမ်းဖက်စစ်အုပ်စု၏ အွန်လိုင်းဝါဒဖြန့် စစ်ဆင်ရေးများသည် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ၏ တစ်ပြိုင်နက်တည်း အရေးယူဆောင်ရွက်မှုကြောင့် အကြီးအကျယ် အထိနာသွားခဲ့ပြီး ၎င်းတို့၏ အွန်လိုင်းခံစစ် ကျိုးပျက်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

    Twitch၊ Facebook နှင့် YouTube အပါအဝင် နည်းပညာကုမ္ပဏီကြီးများသည် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်ချိရေး အကောင့်များကို ဖယ်ရှားခဲ့ရာ အဆိုပါ လုပ်ရပ်အပေါ် စစ်အုပ်စုအတွက် ဝါဒဖြန့်သူများက Justice For Myanmar (JFM) အဖွဲ့အား ဝေဖန်ကာ ဒေါသူပုန်ထလျက်ရှိသော်လည်း ပြည်သူလူထုကမူ ဝမ်းမြောက်စွာ ကြိုဆိုနေကြသည်။

    “ကျော်နု (ကျော်မျိုးမင်း) တို့အဖွဲ့ပိုဆိုးတယ်။ ဆွေ့ဆွေ့ခုန်နေကြတယ်။ ပြည်သူတွေရဲ့ နားမျက်စိကို ပိတ်လိုက်တယ်လို့တောင် ပြောလိုက်သေးတယ်။ သူတို့အလှည့်လဲ ဘယ်တော့လာမလဲမသိဘူး။ တကယ်က သူတို့က ပြည်တွင်းထဲမှာနေပြီး မြေပြင်အခြေအနေတွေကို တိတိကျကျ မပြောပေးဘူး။ ရိုင်းရိုင်းပြောရရင် ဘောလိုက်မနေတာက များနေတယ်”ဟု ရန်ကုန်မြို့နေ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

    အဆိုပါ အရေးယူဆောင်ရွက်မှုများသည် Justice For Myanmar ၏ ဖိအားပေး တိုင်ကြားမှုများကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Amazon ပိုင် Twitch သည် MRTV နှင့် Myanmar Radio အပါအဝင် လိုင်းပေါင်း ၁၄ ခုကို ၎င်းတို့၏ ဝဘ်ဆိုဒ်မှ ဖယ်ရှားခဲ့သည့်အပြင် Google နှင့် Apple ၏ App Store များပေါ်မှပါ ဖြုတ်ချခဲ့သည်။

    ထို့ပြင် Facebook ကလည်း MITV နှင့် ရတနာပုံသတင်းစာ စာမျက်နှာများကို ပိတ်သိမ်းခဲ့ပြီး MediaFire ကလည်း စစ်တပ်၏ ဝါဒဖြန့်စာရွက်စာတမ်းများ သိမ်းဆည်းထားသည့် အကောင့်များကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။

    “ကျွန်မတို့ကတော့ ကြိုဆိုပါတယ်။ ဘာမှထွေထွေထူးထူး ဗဟုသုတတွေပေးနေတဲ့ ချန်နယ်တွေမှတ်မဟုတ်တာ။ ရှိလည်း ဘယ်သူမှ အရေးမလုပ်သလို၊ မရှိတော့လည်း ကောင်းပါတယ်။ သူတို့ဝါဒဖြန့်ယန္တရားတွေကို နိုင်ငံတကာကုမ္ပဏီကြီးတွေက အခုလို လုပ်တယ်ဆိုတာ သူတို့အခြေအနေ ဘယ်လောက် ရှိနေလဲဆိုတာ ကမ္ဘာက ပိုပြီး မြင်သာသွားစေတာပေါ့”ဟု အသက် ၂၆ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

    ဤသို့ အရေးယူရခြင်း၏ အဓိကအကြောင်းရင်းမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ချိမှုများကို တားဆီးရန် ဖြစ်သည်။

    ထို့အပြင် ဒီဇင်ဘာ ၁၀ ရက်က မြောက်ဦးဆေးရုံအား လေကြောင်းမှ တိုက်ခိုက်၍ အရပ်သားများ သေဆုံးခဲ့မှုအပေါ် စစ်အုပ်စုက သတင်းအမှားများ ဖြန့်ဝေခြင်းနှင့် ရိုဟင်ဂျာများအပေါ် အမုန်းစကားများ သွေးထိုးလှုံ့ဆော်ခြင်းတို့ကြောင့် နိုင်ငံတကာက လက်ခံနိုင်စရာမရှိတော့သည့် အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

    ပြည်သူလူထုအနေဖြင့် စစ်အုပ်စု၏ ဝါဒဖြန့်ချန်နယ်များ အပိတ်ခံရခြင်းအပေါ် ပျော်ရွှင်လျက်ရှိပြီး ယခင်စစ်အစိုးရခေတ်များကဲ့သို့ သတင်းအမှောင်ချခံထားရသည့် ခေတ်မဟုတ်တော့ကြောင်းနှင့် စစ်အုပ်စု၏ ဝါဒဖြန့်မှုများသည် ၎င်းတို့အတွက် ဘာမှမထူးခြားတော့ကြောင်း ကောင်းစွာ သိရှိလာကြသည်။

    “အရင် ခေတ်အဆက်ဆက် သူတို့ (စစ်တပ်) ပေးသိတာသိ၊ သူတို့ပေးကြားတာကြာရတဲ့ ခေတ်မဟုတ်တော့ပါဘူး။ သတင်းအမှောင်ဖုံးလို့လည်း မလွယ်တော့ပါဘူး။ သူတို့ ပြည်တွင်းမှာ အွန်လိုင်းထိန်းချုပ်မှုတွေ လုပ်ထားပေမဲ့ ဘယ်ဟာက ဘယ်လိုဆိုတာ ပြည်သူတွေ နားလည်နေပါပြီ။ နီးရာဓားကြောက်နေရလို့သာ ထုတ်မပြောကြတာပဲရှိမယ်”ဟု အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

    လက်ရှိတွင် YouTube တွင် MITV အကောင့်အား ဆက်လက်ချန်ထားဆဲဖြစ်သကဲ့သို့ Telegram၊ X၊ TikTok နှင့် Cloudflare ကဲ့သို့သော ကုမ္ပဏီများသည် စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို ယနေ့ထက်တိုင် အရေးယူဆောင်ရွက်ခြင်း မရှိသေးပေ။

    ထို့ကြောင့် ပြည်သူ့အသံကို နည်းပညာဖြင့် ဖိနှိပ်ပြီး စစ်အုပ်စု၏ ဝါဒဖြန့်စစ်ဆင်ရေးများ အလုံးစုံ ရပ်တန့်သွားစေရန် ကျန်ရှိနေသော နည်းပညာကုမ္ပဏီကြီးများအနေဖြင့် ဆက်လက်အရေးယူခြင်း ရှိ၊ မရှိကိုမူ ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့် မျှော်လင့်နေကြသည်။

    စာတည်း-ကိုဆန်း

    ဓာတ်ပုံ-လူမှုကွန်ရက်

  • သစ်ဖုလ​တောင်စစ်စခန်းက စစ်သားအ​လောင်း​အများအပြား​တွေ့ရှိ

    သစ်ဖုလ​တောင်စစ်စခန်းက စစ်သားအ​လောင်း​အများအပြား​တွေ့ရှိ

    စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရာ စစ်သားရုပ်အလောင်းတွေ အများအပြားတွေ့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

    ဒီဇင်ဘာ ၂၁ ရက် မှာ နယ်မြေရှင်းလင်းစဉ် စစ်သားရုပ်အလောင်းတွေနဲ့ ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သုံ့ပန်းအချို့ထပ်မံဖမ်းမိခဲ့ပါတယ်။

    ကောလင်းမြို့နယ်ထဲက စစ်တပ်ရဲ့စခန်းတချို့ကို PDF ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၉ ရက် ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စခန်းကို စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှု​တွေကြားက​နေ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

    ဒီဇင်ဘာ၂၁ရက်မှာလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့​ပေမယ့် နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ စစ်သားအလောင်းတွေအများအပြား တွေ့ရှိရတာဖြစ်ပါတယ်။

    “သူတို့ကဘန်ကာကိုအခိုင်အမာဆောက်ပြီး အဲဒီထဲကနေ ခုခံတာ။ မနေ့ကရော၊ညကပါ တိုက်ပွဲတွေဆက်ဖြစ်ပြီး ဒီနေ့ နယ်‌‌မြေရှင်းလင်းရေးလုပ်တယ်။ စခတွေ (စစ်သား​တွေ)အသေများတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

    စစ်​ရေးသတင်းရင်းမြစ်တ​ဦးကလည်း “အသေက များပေမယ့် ဘယ်လောက်လဲဆိုတာ သေချာမသိရဘူး။ အဲဒီတပ်စခန်းမှာတော့ အင်အားက ၅၀ အလွန်ဆုံးလောက်ပဲရှိတာ။ သူကတောင်ကမြင့်နေတော့ စစ်ရေးအရအလွန်အရေးပါတယ်”လို့ ပြောပါတယ်။

    ဒီဇင်ဘာ ၂၀ ရက်​​နေ့တိုက်ပွဲထဲမှာ စစ်သုံ့ပန်း တဦးဖမ်းမိပြီး ဒီဇင်ဘာ ၂၁ ရက်မှာလည်း စစ်သုံ့ပန်းအချိို့ထပ်မံဖမ်းမိတာဖြစ်ပါတယ်။

    စစ်တပ်ကလည်း သစ်ဖုလ‌တောင်စခန်းကို စစ်ကူ​တွေစေလွှတ်ပြီး ပြန်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲနေတယ်လို့ စစ်​ရေးရင်းမြစ်အချို့ကပြောပါတယ်။

    ဒီဇင်ဘာ၂၁ရက်မှာလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ဒါ့အပြင် ကောလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်ကိုလည်းစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

    အရပ်သားထိခိုက်မှုရှိ၊ မရှိကို စုံစမ်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

    ဒီဇင်ဘာ၂၁ ရက်ညနေ ၃ နာရီမှာ ကောလင်းမြို့၊မုတ်ဝကျေးရွာကိုစစ်တပ်ကလေကြောင်းက တိုက်ခိုက်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းထိမှန်ခဲ့ပါတယ်။

    ကောလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ ၀န်းသိုမြို့က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၁)နဲ့ခမရ (၁၂၀)တပ်ရင်းကို လေကြောင်းကနေ အင်အားဖြည့်နေသလို အင်အား ၁၀၀ကျော်ကိုလည်း သစ်ဖုလတောင်ဘက်ကို ပို့ဆောင်ခဲ့ပါတယ်။

    အဲဒီစစ်ကြောင်းကို ​PDF ​တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိပါတယ်။

    ဝန်းသိုမြို့နယ်၊အခြေစိုက် ခမရ (၁၂၀)တပ်ရင်းက‌နေ ကောလင်းမြို့ဘက်ကိုဦးတည်ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း (၄)နဲ့ပူးပေါင်းစစ်ကြောင်းတွေကဒီဇင်ဘာလ၂၁ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    ခမရ(၁၂၀)က တပ်မ(၃၃)လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။

    စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာသေနတ် ၁၀ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ​တော်လှန်​ရေးရဲဘော်တဦးကပြောပါတယ်။

    လက်တ​လောကောလင်းမြို့နယ်မှာတိုက်ပွဲ​တွေဖြစ်ပွား​နေတာကြောင့် ဒေသခံပြည်သူတွေလုံခြုံရေးနဲ့ လေကြောင်းအန္တရာယ်အတွက် တော်လှန်ရေးအင်အားစုတွေက လူမှုကွန်ရက်ကနေ သတိပေးနေပါတယ်။

    (ဒီဇင်ဘာ ၂၀ ရက်မှာ သစ်ဖုလ​တောင်စစ်စခန်းကိုPDF ​တွေသိမ်းပိုက်စဥ်/ ဝန်သိုမှာ​စေလွှတ်တဲ့စစ်​ကြောင်းကို PDF ​တွေတိုက်ခိုက်ပြီး စစ်သုံ့ပန်း​တွေဖမ်းမိစဥ်။ဓါတ်ပုံ-CJ)