စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်က စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စစ်စခန်းကို တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းရာ စစ်သားရုပ်အလောင်းတွေ အများအပြားတွေ့ရှိတယ်လို့ စုံစမ်းသိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မှာ နယ်မြေရှင်းလင်းစဉ် စစ်သားရုပ်အလောင်းတွေနဲ့ ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သုံ့ပန်းအချို့ထပ်မံဖမ်းမိခဲ့ပါတယ်။

ကောလင်းမြို့နယ်ထဲက စစ်တပ်ရဲ့စခန်းတချို့ကို PDF ပူးပေါင်းတပ်တွေက ဒီဇင်ဘာ ၁၉ ရက် ညမှာ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရအရေးပါတဲ့ သစ်ဖုလတောင်စခန်းကို စစ်တပ်က​လေ​ကြောင်းတိုက်ခိုက်မှု​တွေကြားက​နေ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာ၂၁ရက်မှာလည်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့​ပေမယ့် နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ စစ်သားအလောင်းတွေအများအပြား တွေ့ရှိရတာဖြစ်ပါတယ်။

“သူတို့ကဘန်ကာကိုအခိုင်အမာဆောက်ပြီး အဲဒီထဲကနေ ခုခံတာ။ မနေ့ကရော၊ညကပါ တိုက်ပွဲတွေဆက်ဖြစ်ပြီး ဒီနေ့ နယ်‌‌မြေရှင်းလင်းရေးလုပ်တယ်။ စခတွေ (စစ်သား​တွေ)အသေများတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

စစ်​ရေးသတင်းရင်းမြစ်တ​ဦးကလည်း “အသေက များပေမယ့် ဘယ်လောက်လဲဆိုတာ သေချာမသိရဘူး။ အဲဒီတပ်စခန်းမှာတော့ အင်အားက ၅၀ အလွန်ဆုံးလောက်ပဲရှိတာ။ သူကတောင်ကမြင့်နေတော့ စစ်ရေးအရအလွန်အရေးပါတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက်​​နေ့တိုက်ပွဲထဲမှာ စစ်သုံ့ပန်း တဦးဖမ်းမိပြီး ဒီဇင်ဘာ ၂၁ ရက်မှာလည်း စစ်သုံ့ပန်းအချိို့ထပ်မံဖမ်းမိတာဖြစ်ပါတယ်။

စစ်တပ်ကလည်း သစ်ဖုလ‌တောင်စခန်းကို စစ်ကူ​တွေစေလွှတ်ပြီး ပြန်ရဖို့ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းကနေလည်း အပြင်းအထန်ဗုံးကြဲနေတယ်လို့ စစ်​ရေးရင်းမြစ်အချို့ကပြောပါတယ်။

ဒီဇင်ဘာ၂၁ရက်မှာလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ဒါ့အပြင် ကောလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ ကန့်ဘလူနဲ့ တန့်ဆည်မြို့နယ်ကိုလည်းစစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

အရပ်သားထိခိုက်မှုရှိ၊ မရှိကို စုံစမ်းနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ၂၁ ရက်ညနေ ၃ နာရီမှာ ကောလင်းမြို့၊မုတ်ဝကျေးရွာကိုစစ်တပ်ကလေကြောင်းက တိုက်ခိုက်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းထိမှန်ခဲ့ပါတယ်။

ကောလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ ၀န်းသိုမြို့က စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ(၁၁၁)နဲ့ခမရ (၁၂၀)တပ်ရင်းကို လေကြောင်းကနေ အင်အားဖြည့်နေသလို အင်အား ၁၀၀ကျော်ကိုလည်း သစ်ဖုလတောင်ဘက်ကို ပို့ဆောင်ခဲ့ပါတယ်။

အဲဒီစစ်ကြောင်းကို ​PDF ​တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင်ဖမ်းမိပါတယ်။

ဝန်းသိုမြို့နယ်၊အခြေစိုက် ခမရ (၁၂၀)တပ်ရင်းက‌နေ ကောလင်းမြို့ဘက်ကိုဦးတည်ထွက်ခွာလာတဲ့ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း (၄)နဲ့ပူးပေါင်းစစ်ကြောင်းတွေကဒီဇင်ဘာလ၂၁ရက်မနက်ပိုင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ခမရ(၁၂၀)က တပ်မ(၃၃)လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။

စစ်သား ၃ ဦးသေဆုံးပြီး ၇ ဦး အရှင် ဖမ်းမိကာသေနတ် ၁၀ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ​တော်လှန်​ရေးရဲဘော်တဦးကပြောပါတယ်။

လက်တ​လောကောလင်းမြို့နယ်မှာတိုက်ပွဲ​တွေဖြစ်ပွား​နေတာကြောင့် ဒေသခံပြည်သူတွေလုံခြုံရေးနဲ့ လေကြောင်းအန္တရာယ်အတွက် တော်လှန်ရေးအင်အားစုတွေက လူမှုကွန်ရက်ကနေ သတိပေးနေပါတယ်။

(ဒီဇင်ဘာ ၂၀ ရက်မှာ သစ်ဖုလ​တောင်စစ်စခန်းကိုPDF ​တွေသိမ်းပိုက်စဥ်/ ဝန်သိုမှာ​စေလွှတ်တဲ့စစ်​ကြောင်းကို PDF ​တွေတိုက်ခိုက်ပြီး စစ်သုံ့ပန်း​တွေဖမ်းမိစဥ်။ဓါတ်ပုံ-CJ)

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *