Category: News

  • လက်ပံတန်းတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး  ဒုရဲအုပ်အပါအဝင် ၁၉ ဦး သေဆုံး

    လက်ပံတန်းတွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၁၉ ဦး သေဆုံး

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲအတွက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ် တယောက်အပါအဝင် စစ်ကောင်စီတပ်သား ၁၉ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃ ဆီကနေ သိရပါတယ်။

    ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းကစပြီး ဆင်တလင်းရွာက စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ရှိတဲ့ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

    စခန်းစီးနင်းပြီးတဲ့နောက် စစ်ကောင်စီတပ်သားအင်အား ၈၀ လောက်က စစ်ကြောင်းထိုးလာလို့ အဲ့ဒီစစ်ကြောင်းနဲ့ တောင်တန်းမြိုင်ရွာမှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။

    တိုက်ပွဲမှာ ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တယောက်၊ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၁၈ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

    တိုက်ပွဲအတွင်း MA-3 သေနတ် ၆ လက်၊ MA-1 သေနတ် ၄ လက်နဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

    တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၂၊ ၃၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် ပကဖ၊ လက်ပန်းတန်းမြို့နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

  • နတ်မောက်မြို့အဝင်ဂိတ်အနီး စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး ထိခိုက်ဟုဆို

    နတ်မောက်မြို့အဝင်ဂိတ်အနီး စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး ထိခိုက်ဟုဆို

    မကွေးတိုင်း ၊ နတ်မောက်မြို့ အဝင်ဂိတ်အနီးတွင် စစ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦး ထိခိုက်မှုရှိကြောင်း သိရသည်။

    ဒီဇင်ဘာ ၁၇ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် နတ်မောက်-စိုင်ကောင်း လမ်းပိုင်း၌ ကင်းပုန်းဝပ်ပြီး ပြန်လာသည့် စစ်သား ၁၇ ဦးခန့်ကို နတ်မောက်မြို့တောင်ဘက်၊ မြို့အဝင်ဂိတ်နှင့် ၃ ဖာလုံခန့်အကွာ ၌ တိုက်ခိုက်ခဲ့ရာ နတ်မောက်မြို့တွင်းမှ စစ်ကူများ ထပ်မံရောက်လာကာ ထိတွေ့တိုက်ပွဲ တစ်နာရီခွဲခန့် ဖြစ်ပွားခဲ့ရာ စစ်သား ၅ ဦး မျက်မြင် လဲကျသွားကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ ယနေ့(ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းက သတင်းထုတ်ပြန်သည်။

    “ကင်းပုန်းယူထားပြီးအပြန် နတ်မောက်တောင်ဂိတ်အနီးမှာဖြစ်တာပါဗျ။ နတ်မောက်-စိုင်ကောင်း လမ်းပေါ်မှာပဲဖြစ်တာဗျ။ နတ်မောက်တောင်ဂိတ်ကို စစ်ကူကားတစ်စီး လာချသွားတယ်ဗျ။ တိုက်ပွဲ ဖြစ်ပြီး မိနစ်ပိုင်းအတွင်း ရောက်လာတာ။ ကင်းပုန်းယူထားတဲ့စစ်သားတွေနဲ့ ဂိတ်မှာပေါင်းမိပြီး ဂိတ်အနီးမှာ ဆက်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာပါဗျ။ ဂိတ်နဲ့ဆို ၃ ဖာလုံလောက်ဝေးတယ်။ လဲကျသွားတဲ့ စစ်သားတွေကတော့ ဘာမှတုံ့ပြန်မှုမရှိဘဲ စစ်ကူတပ်သားများနဲ့ အတူပါစစ်သားများကဝိုင်းဆွဲ သွားတာပါဗျ”ဟု ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် နတ်မောက်မြို့အနီးရှိ ကျေးရွာများတွင် ယနေ့(ဒီဇင်ဘာ ၁၈ ရက်)ညနေအထိ စစ်သားများ တပ်ဖြန့်ထားပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် ပြည်သူများ သတိရှိကြရန် ၎င်းကဆိုသည်။

    နတ်မောက်တောင်ဂိတ်သည် မြို့နှင့် တစ်မိုင်ကျော်ဝေးကာ ယင်းချောင်း ခြားထားကြောင်း သိရသည်။

    ဓာတ်ပုံ – ငါးပြေမ ပြောက်ကျားတပ်ဖွဲ့

    ပုံစာ – တိုက်ပွဲဝင် ‌ငါးပြေမပြောက်ကျား ရဲဘော်များ။

  • မြန်မာ့အရေး ကုလစုံစမ်းရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်မည်

    မြန်မာ့အရေး ကုလစုံစမ်းရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်မည်

    မြန်မာ့အရေး ကုလစုံစမ်းရေးယန္တရားနှင့် ပူးပေါင်းဆောင်ရွက်မည့်ဥပဒေကို ပြင်သစ်အောက်လွှတ်တော် တညီတညွတ်တည်း အတည်ပြု

    မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် ပြင်းထန်သော နိုင်ငံတကာရာဇဝတ်မှုများကို အရေးယူနိုင်ရန်အတွက် ပြင်သစ်အစိုးရနှင့် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြား ချုပ်ဆိုထားသည့် တရားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ပြင်သစ်အောက်လွှတ်တော်က ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တညီတညွတ်တည်း အတည်ပြုလိုက်သည်။

    ဤသဘောတူညီချက်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းခြင်း၊ မျှဝေခြင်းနှင့် တရားစွဲဆိုနိုင်ခြင်းတို့အတွက် ခိုင်မာသော တရားရေးအခြေခံဘောင်တစ်ခု ဖြစ်လာစေမည်ဖြစ်သည်။

    အဆိုပါ သဘောတူညီချက်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဂျနီဗာမြို့၌ စတင်လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

    ဥပဒေရေးဆွဲသူ ကိုယ်စားလှယ် မာဇောရီ (Mr. Mazaury) က ဤဥပဒေသည် မြန်မာပြည်သူများကို ကူညီပေးရန်နှင့် စစ်အာဏာရှင်အဖွဲ့အား ထိရောက်စွာ ရှုတ်ချအရေးယူရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆိုသည်။

    ပူးပေါင်းဆောင်ရွက်မှုတွင် စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်တားမြစ်ချက်များပါ ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။

    ယင်း ဥပဒေအတည်ပြုချက်သည် နိုင်ငံတကာတရားရုံးများတွင် မြန်မာစစ်တပ်၏ ကျူးလွန်မှုများကို အရေးယူရန် ကြိုးပမ်းနေသည့် လမ်းကြောင်းအတွက် အားကောင်းသော ခြေလှမ်းတစ်ခု ဖြစ်သည်။

  • မဲရလဒ်ကို စစ်တပ် လက်မခံပါက ငြိမ်ခံနေမည်မဟုတ်ဟု ပြည်သူ့ပါတီ အမတ်လောင်း လူမှုကွန်ရက်၌ ကြွေးကြော်နေ

    မဲရလဒ်ကို စစ်တပ် လက်မခံပါက ငြိမ်ခံနေမည်မဟုတ်ဟု ပြည်သူ့ပါတီ အမတ်လောင်း လူမှုကွန်ရက်၌ ကြွေးကြော်နေ

    အတုအယောင် ရွေးကောက်ပွဲတွင် မဲရလဒ်ကို စစ်တပ်က လက်မခံပါက ငြိမ်ခံနေမည် မဟုတ်ဟု ပြည်သူ့ပါတီ အမတ်လောင်း ဦးစိန်သောင်းက လူမှုကွန်ရက်ပေါ်၌ ကြွေးကြော်နေကြောင်း သိရသည်။

    ဦးစိန်သောင်းသည် အာဏာသိမ်းစစ်တပ် ဝါဒဖြန့်ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ခေါင်းဆောင် သမ္မတ လုပ်နိုင်ချေ ရှိကြောင်း ပြောအပြီးတွင် သမ္မတကို လွှတ်တော်က ရွေးရခြင်း ဖြစ်သဖြင့် ဒီမိုကရက်တစ်ဟု နာမည်ခံထားသော ၄င်းတို့ပါတီများ အနိုင်ရရန် လိုသည်ဟု ယမန်နေ့( ဒီဇင်ဘာ ၁၅ ရက်) က လူမှုကွန်ရက်တွင် တင်ရှိခဲ့သည်ကို တွေ့ရသည်။

    အဆိုပါ ပို့စ်အောက်တွင် ပြည်သူတစ်ဦးက မဲဆွယ်သည်ကို နားလည်ပေးသော်လည်း မဲရလဒ်ကို စစ်တပ်က လက်မခံပါက မည်သို့ လုပ်မည်နည်းဟု မေးခွန်း ထုတ်ခဲ့သည်။

    အဆိုပါ မေးခွန်းအား ဦးစိန်သောင်းက” လက်မခံပေးရင် ပို အရှက်ကွဲမယ်။ ကျတော်တို့ ငြိမ်ခံနေမဲ့ လူစားမျိုး မဟုတ်ပါ” ဟု တုံ့ပြန် ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

    ဦးစိန်သောင်းသည် အတုအယောင် ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီမှ နေ၍ ဟင်္သာတမြို့နယ် တိုင်းဒေသကြီး အမတ်အဖြစ် ဝင်ရောက် ယှဥ်ပြိုင်မည့်သူ ဖြစ်သည်။

    အာဏာသိမ်း စစ်တပ်၏ ဖိနှိပ်ရက်စက်မှုများကို မပြောဆိုရဲသည့် ၄င်းက မဲရလဒ်ကို စစ်တပ်လက်မခံပါက ငြိမ်မခံဟု ပြောခြင်းသည် ရယ်ရွှင်ဖွယ်ရာ ပြက်လုံး တစ်ခုသာ ဖြစ်သည်ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

    ” အသံတိတ် သပိတ်မှာ ဟောပြောပွဲ လုပ်တဲ့ သူတွေ၊ စစ်တပ်က ပြည်သူကို ဘယ်လောက် နှိပ်စက်စက် မပြောရဲတဲ့ သူက ငြိမ်မခံဘူးဆိုတော့ဗျာ၊ ဒီလောက် ရယ်ရတဲ့ ပြက်လုံးမျိုးကို လူရွှင်တော်တွေတောင် ပြက်တတ်မယ် မထင်ဘူး။ ဇာတ် ထောင်စားဖို့ ကောင်းပါတယ်” ဟု အဆိုပါ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူက ပြောသည်။

    ဦးစိန်သောင်းသည် ၄င်းတို့ ပြည်သူ့ပါတီကို မဲပေးရန် လေလုံးထွားသည့် ကတိများပေးကာ မဲဆွယ်နေသူ တစ်ဦးလည်း ဖြစ်သည်။

    ” ကျနော်နဲ့ ပြည်သူ့ပါတီ(အဝါရောင်)ကိုယုံယုံကြည်ကြည်မဲပေးပါ။ ကျနော်ကို မဲပေးခဲရင်ပြည်သူ့စစ်မူထမ်းဥပဒေအကြောင်းပြုပြီး ငွေကြေးကောက်ခံတာတွေ ကင်းရှင်းလုပ်ပေးမယ်လို့ ကတိပေးတယ်။ ကတိမတည်ရင်အသက်ပေးမယ်” ဟု ၄င်းက လေလုံးထွား မဲဆွယ်ထားသေးသည်။

    အာဏာသိမ်း စစ်ခေါင်းဆောင်သည် ၄င်း၏ သမ္မတ အိပ်မက်ကို မက်ခွင့်မရသဖြင့် မဲမသမာဟု ဆိုကာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနှင့် အစိုးရအား လက်နက်အားကိုးကာ အာဏာသိမ်းခဲ့သည်။

    ထို့နောက် ပြီးခဲ့သည့် ၅ နှစ်အတွင်း အုံကြွဆန့်ကျင်နေသည့် လူထုအား ဆိုးရွားသည့် ဖိနှိပ်ရက်စက်မှုများ ပြုလုပ်လျှက် ရှိနေသည်။

    ယခုအခါ စစ်ခေါင်းဆောင်သည် အတုအယောင် ရွေးကောက်ပွဲကို အတင်းအကျပ် ပြုလုပ်ရန် စီစဥ်နေပြီး ၄င်းကို သမ္မတ တင်ပေးနိုင်မည့် ကြံ့ခိုင်ရေးပါတီ အနိုင်ရစေရန်အတွက် နည်းမျိုးစုံဖြင့် ပြုလုပ်လျှက် ရှိနေသည်ကို တွေ့ရသည်။

    ထိုအချိန်တွင် အလင်းခေတ်ကို ဖော်ဆောင်မည်ဟု ကြွေးကြော်ပြီး ဦးကိုကိုကြီးနှင့် ပြည်သူ့ပါတီ အမတ်များသည် အာဏာသိမ်း စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ဝင်ပြိုင်ကာ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်သည်။

    ဓာတ်ပုံ-လူမှုကွန်ရက်

  • သမိုင်းဝင် ပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ရှိတဲ့  ဧကသိန်းနဲ့ချီ လျှို့ဝှက်ဘိန်းစိုက်ခင်းကြီး

    သမိုင်းဝင် ပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ရှိတဲ့ ဧကသိန်းနဲ့ချီ လျှို့ဝှက်ဘိန်းစိုက်ခင်းကြီး

    ပင်လုံညီလာခံကျင်းပခဲ့ပြီး ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်မြို့တစ်မြို့ဖြစ်ခဲ့ပြီး အခုတော့ အဲပင်လုံမြို့နဲ့ ၃မိုင်အကွာမှာ ဧကသိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတွေ ဝေဝေဆာဆာဖူးပွင့်လျက်ရှိနေပါတယ်။

    နေရာအတိအကျပြောရရင် ပင်လုံကနေ ဟိုပုံးမြို့အနီးကို တိုက်ရိုက်ပေါက်ရောက်တဲ့ ဖြတ်လမ်းပေါ်မှာတည်ရှိပြီး ကျောက်တန်းလို့ခေါ်တဲ့ ရွာကြီးကို ဖြတ်သန်းသွားလာရတဲ့အတွက် ကျောက်တန်းလမ်းလို့လည်း အများက ခေါ်ဝေါ်ကြပါတယ်။

    ကျောက်တန်းရွာနဲ့ပင်လုံမြို့ဟာ မိုင်အားဖြင့် ၄၄မိုင်ရှိပြီး အဲ၄၄မိုင်ထဲက မိုင်၂ဝလောက်ဟာ ပတ်ပတ်လည် ဘိန်းစိုက်ခင်းတွေနဲ့ ဝိုင်းရံထားပြီး ဘိန်းစိုက်ခင်းတွေဟာ မျက်စိတစ်ဆုံးထိ တွေ့မြင်ရလျက်ရှိနေပါတယ်။

    “အရင်ကတော့ ဘိန်းစိုက်ခင်းတွေ မြင်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက် များတဲ့ ဘိန်းခြံမမြင်ဖူးဘူး။ ဘယ်နားရပ်ရပ် မျက်စိတစ်ဆုံးကို မြင်ရတယ်။ အနည်းဆုံး ဧက ၁သိန်းကျော်ရှိမယ်လို့ ခန့်မှန်းရတယ်”လို့ အဲလမ်းပေါ် ဖြတ်သန်းသွားလာတဲ့ ကားသမားတစ်ဦးက မှတ်ချက်ပြုပါတယ်။

    အဲဧက သိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတည်ရှိရာဟာ အကွာအဝေးအားဖြင့် တောင်ကြီးနဲ့ မိုင်၄ဝ၊ ဟိုပုံးနဲ့ ၇မိုင် သမိုင်းဝင်မြို့ကြီးဖြစ်တဲ့ ပင်လုံနဲ့ ၃မိုင်နဲ့သာ ကွာဝေးပါတယ်။

    ဘိန်းတွေစိုက်ပျိုးထားတဲ့ အဲကျောက်တန်းနဲ့ပင်လုံမြို့ကြားမှာ လက်နက်ကိုင်တွေရဲ့ ဂိတ်ပေါင်း ၅ခုရှိပြီး အဲထဲမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)ဂိတ်က ၂ခု၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ဂိတ်က ၁ခု၊ စစ်ကောင်စီဂိတ် ၁ခုနဲ့ ပင်လုံမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့PNOပူးပေါင်းဂိတ် ၁ခုဆိုပြီး ရှိရာ ပင်လုံမြို့အဝင်ဂိတ်က စစ်ဆေးရေးဂိတ်မှာ အဓိကအားဖြင့် မူးယစ်ဆေးဝါးကို အဓိကထားစစ်ဆေးတယ်လို့ ဆိုထားပြန်ပါတယ်။

    စစ်ကောင်စီတပ်ရဲ့ တပ်စခန်းကတော့ ကျောက်တန်းနဲ့ပင်လုံအလယ်လောက်မှာ တည်ရှိကာ ဘိန်းစိုက်ခင်းတွေ ဝန်းရံထားတဲ့ တောင်ပေါ်ဘုရားမှာ တည်ရှိထားပြီး အဓိကကတော့ စစ်ကောင်စီရဲ့ ဗျူဟာက အထိုင်ချထားတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ ဘိန်းခြစ်ရာသီရောက်ရှိလာတော့မှာဖြစ်ပြီး ဘိန်းစိုက်ခင်းတောင်သူတွေကို အခြားလက်နက်ကိုင်တွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ကပါ ကားနဲ့လာရောက်ပြီး လုံခြုံရေးယူပေးနေတာတွေ တွေ့မြင်ရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

    ပင်လုံ-ကျောက်တန်းလမ်းဟာ မူလကတည်းက အေးချမ်းသာယာခဲ့ပြီး အခုလည်း အဲဒီလမ်းဟာ ဝေဝေဆာဆာဖူးပွင့်နေတဲ့ ဘိန်းစိုက်ခင်းတွေနဲ့အတူ ခရီးသွားတွေဟာ သူတို့ရဲ့ လူမှုကွန်ရက်(TikTok)မှာ အများအပြား ပြန်လည်ဝေမျှနေကြတာကို တွေ့မြင်နေရပြီး သွားရောက်လိုသူတွေလည်း များပြားနေတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် ခရီးသွားအများစုဟာ အဲလမ်းကို သိကြခြင်းမရှိဘဲ လဲချား-တောင်ကြီး ခရီးလမ်းကို လဲချား-ပင်လုံ-လွိုင်လင်-ဟိုပုံး-တောင်ကြီး အဲပုံမှန်ခရီးလမ်းကိုသာ သွားကြပြီး အနည်းစုကသာ ပင်လုံကနေ ဟိုပုံးအနီးကို တိုက်ရိုက်ရောက်မယ့် ကျောက်တန်းလမ်းကို သွားလာနေကြတာ ဖြစ်ပါတယ်။

    အချို့ကတော့ အဲလမ်းခရီးဟာ အတက်အဆင်းကြမ်းတာကြောင့် မသွားကြတာလို့ ဆိုပါတယ်။

    အဲဒီလမ်းဟာ လမ်းမကြီးဖြစ်ပြီး ထူးဆန်းနေတာက Google Map မှာ ရှာဖွေလို့ မရတာဘဲ ဖြစ်ပါတယ်။ ဒီလမ်းပိုင်းကို အစပိုင်းမှာတော့ ဒေသခံတွေသာ ဖြတ်သန်းသွားလာကြပြီး လွိုင်လင်မြို့မှာ ရေးကြီးခဲ့တဲ့ လွန်ခဲ့တဲ့ ၂ဝ၂၄ခုနှစ် စက်တင်ဘာလမှသာ ခရီးသွားတွေက ဖြတ်လမ်းအဖြစ် စတင်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

    လဲချားရှိဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရ အဲဒီဘိန်းစိုက်ခင်းတွေဟာ လွန်ခဲ့တဲ့ ၂နှစ်က စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ ဆိုထားတာကြောင့် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ပေါ်ထွက်လာတဲ့ ဘိန်းစိုက်ခင်းတွေယူဆနိုင်ပါတယ်။

    ဒါပေမယ့် အခုလို အချိန်တိုအတွင်း ဧကသိန်းနဲ့ချီတဲ့ ဘိန်းစိုက်ခင်းတွေ အလျင်အမြန်ပေါ်ထွက်လာတာဟာ အံသြဖို့ကောင်းသလို အခုဘိန်းစိုက်ခင်းတွေဟာ စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်လို့ စစ်ကောင်စီတပ်ကိုယ်တိုင် မပါဝင်ဘဲ မဖြစ်နိုင်ဘူးလို့ သွားလာနေကြတဲ့ ကားသမားတွေက ပြောပါတယ်။

    ၂ဝ၂၃ခုနှစ်ကနေစတင်ပြီး အဖဂန်နစ္စတန်ကို ကျော်ဖြတ်ပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ လက်ရှိ ၂ဝ၂၅ခုနှစ်မှာလည်း ၈၈ရာခိုင်နှုန်းနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ (UNODC)က ထုတ်ပြန်ထားပါတယ်။

    ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ လှပတဲ့ ဘိန်းစိုက်ခင်းတွေဟာ လည်ပတ်သွားစရာနေရာတစ်ခုလိုဖြစ်နေပြီး နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီတပ်ကပင် အဲလုပ်ငန်းမှာ ပါဝင်ပတ်သတ်နေကြောင်းပါခင်ဗျား…။



    ဓာတ်ပုံ – CJ ၊ TikTok

    မိုင်းအနိုင် စုံစမ်းရေးသားသည်။