Category: News

  • ကျားသစ်နက်တပ်မတော်မှ အနူးညွတ်တောင်းပန်ခြင်း

    ကျားသစ်နက်တပ်မတော်မှ အနူးညွတ်တောင်းပန်ခြင်း

    အနူးညွတ်တောင်းပန်ခြင်း🙏🙏🙏

    ပုလဲမြို့မှ ထွက်ခွာလာကာပုလဲမြို့နှင့်အနီးတဝိုက်တွင် လှည့်လည်စစ်ကြောင်းထိုးကာ ပြညသူလူထု၏ အသက်အိုးအိမ်များကို ဖျက်ဆီးနေသော စကမ စစ်ကြောင်းအား ခုခံ တိုက်ခိုက်ခြင်း

    ချစ်ရသောပြည်သူလူထုအား အကာကွယ်မပေးနိုင်ခြင်းအပေါ် မိမိတို့ တပ်အနေဖြင့် ညှိုးငယ်စွာတောင်းပန်အပ်ပါသည်။

    လက်ရှိ ရုန်းကန်နေရသည့်

    ၁။ လုံလောက်သော လက်နက်ခဲယမ်းမရှိခြင်း

    ၂။ ပြည်သူတို့၏အထွေထွေအကြပ်တည်းများနှင့်အတူ ဝယ်ယူရန် ရံပုံငွေ(လုံးဝ) ပြတ်တောက်နေခြင်း

    စသည့် အခက်ခဲများသည် ယင်းစစ်ကြောင်းအား ကာကွယ်နိုင်ရန်အတွက် အဆင်မပြေမှူများ ရှိခဲ့ရသည့်အတွက် စစ်ကြောင်းထိုးခံ နယ်မြေများရှိ ပြည်သူများအား ထပ်ဆင့် အလေးနက်ထားတောင်းပန်အပ်ပါသည်။

    လက်နက်ဖြင့် လုံခြုံစွာ အကွာကွယ်မပေးနိုင်သော်လည်း စစ်ကြောင်းသတင်းများအား အနီးကပ်ထောက်လှမ်းကာ ပြည်သူတို့ ရှောင်ရန် ဆောင်ရန်များကို ပြန်ကြားရေး သတင်းဌာန ထားရှိကာ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ကြေငြာပေးလျှက်ရှိသည့်အတွက် စစ်ကြောင်းသတင်းများသိရှိနိုင်ရန် ပြန်ကြားရေးသတင်းဌာန၏ Icon ကုဒ်များကို နီးစပ်ရာ ပအဖ/ ပကဖ များထံမှ တောင်းယူနားထောင်ကြပါရန် စစ်ရေးသတိ စစ်ရေးအသိဖြင့် နေထိုင်ပေးကြပါဟု

    အထူးအလေးနက်ထားတောင်းပန်ရင်းဖြင့်🙏🙏🙏

    အသိပေးလိုက်ရပါတယ်ခင်ဗျာ။

    သတင်းနှင့်ပြန်ကြားရေး

    ကျားသစ်နက်တပ်မတော် Black Leopard Army

    ယင်းမာပက်ခရိုင်အမှတ်(၁၁)တပ်ရင်း

  • ကမာရွတ် လှည်းတန်းတွင် စစ်အုပ်စုက အင်အားအမြောက်အမြားဖြင့် ဈေးဆိုင်များကို ပိတ်သိမ်းခိုင်း

    ကမာရွတ် လှည်းတန်းတွင် စစ်အုပ်စုက အင်အားအမြောက်အမြားဖြင့် ဈေးဆိုင်များကို ပိတ်သိမ်းခိုင်း

    ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဈေးအရှေ့မှအင်းစိန်လမ်းဘက်အထိ ဈေးဆိုင်ခန်း များကို စစ်ကော်မရှင်တပ်မှ ရာထူးကြီးသူတဦးအပါအဝင် စည်ပင်အင်အား အမြောက်အမြားဖြင့် လမ်းဘေးဈေးဆိုင်များကို ပိတ်သိမ်းခိုင်းနေကြောင်း သိရသည်။

    အဆိုပါလမ်းတကြောရှိ ဆိုင်ခင်းလက်စစျေးသည်များကို ယနေ့(ဒီဇင်ဘာလ ၁၀ ရက်) ညနေ ၆ နာရီဝန်း ကျင်တွင် စစ်အုပ်စုနှင့် စည်ပင်ဝန်ထမ်း စုစုပေါင်း ၄၀ ဦးခန့်က မည်သည့်စျေးသည်မှ မထွက်ရဟုဆိုပြီး လာရောက်ပြောဆိုကာ ဆိုင်သိမ်းခိုင်းထားကြောင်း လှိုင်ကင်းထောက်အဖွဲ့(Hlaing Scout Channel-HSC) နှင့် ရန်ကုန်ကင်းထောက်ကွန်ရက်အဖွဲ့(Rangoon Scout Network-RSN)တို့က ထုတ်ပြန်ထားသည်။

    “အကြောင်းရင်းတော့ မသိရသေးဘူးဗျ၊ တနေ့က Bluetooth စပီကာ ဆန္ဒပြသွားတာနဲ့ ဆက်စပ်မယ် ထင်တယ်။ အဲဒီနေ့ကလည်း ဈေးသည်တွေကို သိမ်းခိုင်းခဲ့တယ်”ဟု RSN မှ တာဝန်ရှိသူက သို့ပြောသည်။

    အင်းစိန်လမ်းမပေါ်နှင့် လှည်းတန်းစျေးတဝိုက်တွင် လက်ရှိအချိန်၌လည်း လက်နက်ကိုင်ထားသော စစ်အုပ်စုတပ်သားနှင့် စည်ပင်ဝန်ထမ်းအချို့ကင်းလှည့်နေကြောင်း ဒေသခံများကပြောသည်။

    “ညနေလောက်က ကားလမ်းမပေါ်ကစျေးသည်တွေကို ဘယ်စျေးသည်မှ မမြင်ချင်ဘူးဆိုပြီး သိမ်းခိုင်း တာလို့ သိလိုက်တယ်။ လာပြောပြီး ပြန်သွားတာထင်တယ်။ အခုကတော့စစ်ခွေး နှစ်ကောင်နဲ့ စည်ပင်ကကောင်တွေ အဲဒီနား အခုထိရှိနေတုန်းပဲ”ဟု ကမာရွတ်မြို့ခံတဦးက ပြောသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ – Yangon 4 Brothers (Y4B) က လှည်းတန်းစျေးအနီး Bluetooth Speaker Sound Box ဖြင့် ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြ ခဲ့ရာ ရဲနှင့်စစ်အုပ်စုတို့ကလာရောက်ဖြုတ်ယူပြီး အနီးအနားက လမ်းဘေးစျေးဆိုင်များကိုလည်း ဆိုင်သိမ်းခိုင်းခဲ့ကြောင်း မြို့ခံများထံကသိရသည်။

    နိုင်ငံအဝန်းက အရပ်သားပြည်သူများအား ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ) အထိ စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်(Silent Strike) တွင်ပါဝင်ပူးပေါင်းရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

    Rangoon Scout Network မှတာဝန်ရှိသူ၏အဆိုအရ တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်ဘက်တွင်လည်း ပျုစောထီးဟုယူဆရသည့် အရပ်ဝတ်အဖွဲ့က တုတ်၊ ဓါးများကိုင်ဆောင်ပြီး ယနေ့ ပိတ်ထားသည့် ဆိုင် ခန်းများကို ငွေကြေးလိုက်တောင်းသွားကြောင်းဆိုသည်။

    ရန်ကုန်နှင့် မန္တလေးအပါအဝင် ကျန်မြို့ပြကျေးရွာများတွင်လည်း အသံတိတ်သပိတ်အောင်မြင်ကြောင်း သပိတ်အင်အားစု၊ တော်လှန်ရေးအင်အားစုအဖွဲ့များက ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာများတွင် မှတ် တမ်းပုံများနှင့်တကွ အသီးသီးဖော်ပြထားကြသည်။

  • အသံတိတ်သပိတ်တွင် အင်းစိန်ထောင် ထောင်ပိုင်အမိန့်ဖြင့် ထောင်ဝန်ထမ်များနှင့် မိသားစုဝင်များ ပါဝင်ပူးပေါင်းခဲ့ကြ

    အသံတိတ်သပိတ်တွင် အင်းစိန်ထောင် ထောင်ပိုင်အမိန့်ဖြင့် ထောင်ဝန်ထမ်များနှင့် မိသားစုဝင်များ ပါဝင်ပူးပေါင်းခဲ့ကြ

    အသံတိတ်သပိတ်တွင် အင်းစိန်ထောင် ထောင်ပိုင်အမိန့်ဖြင့် ထောင်ဝန်ထမ်များနှင့် မိသားစုဝင်များ ပါဝင်ပူးပေါင်းခဲ့ကြ

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်တွင် အင်းစိန်ထောင်ဝန်းရှိသူများ ဝန်ထမ်းများနှင့် မိသားစုဝင်များအားလုံး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ အပြင်မထွက်ရဟု ထောင်ပိုင်နှင့်တာဝန်ရှိသူများက အမိန့်ထုတ်ကာ အသံတိတ်သပိတ် – Silent Strike တွင် ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

    “ဒီနေ့ အင်းစိန်ထောင်က အသိတစ်ယောက်နဲ့တွေ့ဖို့ ချိန်းထားတာ၊ အဲဒါ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ အပြင်မထွက်ရဆိုပြီး ဝန်ထမ်းတွေအားချိန်ကော မိသားစုတွေကော ထောင်ဝန်းအတွင်းက လူတွေ အပြင်မထွက်ရဆိုပြီး အမိန့်ထုတ်ထားတယ်တဲ့။ အဲဒါကြောင့် သူတို့တွေ ဝန်ထမ်းတွေ အားလုံးပဲပြောပါတော့ အသံတိတ်သပိတ် မှာပူးပေါင်းပါဝင်တယ်ပြောရမယ်။ သူတို့အပြင်မထွက်တော့ လမ်းပေါ်မှာ ပိုပြီးတော့ လူကိုမရှိတော့တာ တော်တော်အောင်မြင်တယ်” ဟု ယနေ့ အင်းစိန်ထောင်ဝန်းအတွင်းဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

    ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) ကျရောက်သော (၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအပါအဝင် မြို့များတွင် အသံတိတ်သပိတ် – Silent Strike တွင် ပြည်သူများပူးပေါင်းပါဝင်ခဲ့ကြသည့်အတွက် အောင်မြင်မှုရှိခဲ့ကြောင်း၊ တစ်ချို့သော မြို့များတွင် ရဲတပ်ဝန်းအတွင်းရှိ ဝန်ထမ်းမိသားစုများကိုပါ အပြင်မထွက်ကြသည့်အတွက် Silent Strike ပိုမိုအောင်မြင်ခဲ့ကြောင်း သိရသည်။

  • ကမ္ဘောဒီးယားနယ်စပ်အနီး၌ တင့်ကားများ ပစ်ခတ်နေပုံ ရုပ်သံဖိုင် ထိုင်းစစ်တပ် ထုတ်ပြန်

    ကမ္ဘောဒီးယားနယ်စပ်အနီး၌ တင့်ကားများ ပစ်ခတ်နေပုံ ရုပ်သံဖိုင် ထိုင်းစစ်တပ် ထုတ်ပြန်

    ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း ၂ နိုင်ငံ နယ်စပ်ရဲ့ ကမ္ဘောဒီးယားဘက်ခြမ်းက ခြံဝင်းတခုကို ဖျက်ဆီးဖို့ ‘တင့်ကားနဲ့ပစ်ခတ်တဲ့ စစ်ဆင်ရေး’ လုပ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေမီချေပြည်နယ်၊ ဆရာငွိုင်မြို့မှာရှိတဲ့ အဲဒီပစ်မှတ်ဟာ ထိုင်းနိုင်ငံ၊ ဆာကဲးပြည်နယ်၊ ထာ့ဖရာယာ ခရိုင်မှာရှိတဲ့ ဘန်းထာ့ဖရာယာ နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ တခြားတဖက်မှာ ရှိတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

    အဆောက်အအုံဖွဲ့စည်းပုံ၊ စိုက်ခင်းတွေနဲ့ လမ်းအပြင်အဆင်တွေက ဂြိုဟ်တုပုံရိပ်တွေနဲ့ ကိုက်ညီနေလို့ ဗီဒီယိုရဲ့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။

    ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ရဲ့ ရိုက်ကူးတဲ့ ရက်စွဲကိုတော့ လွတ်လွတ်လပ်လပ် အတည်မပြုနိုင်ပါဘူး။

    အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံစလုံးက သူတို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရာမှာ နောက်မဆုတ်ဘူးလို့ ပြောခဲ့ကြလို့ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား အငြင်းပွားနေတဲ့ နယ်စပ်တလျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါတယ်။

    ဒီဇင်ဘာ ၈ ရက်မှာ ပြန်ဖြစ်တဲ့ ပဋိပက္ခတွေအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။

    Source: Reuters

  • ထိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ကမ္ဘောဒီးယား နုတ်ထွက်

    ထိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ ကမ္ဘောဒီးယား နုတ်ထွက်

    ထိုင်း-ကမ္ဘောဒီးယားနယ်စပ် တင်းမာမှုများကြောင့် အားကစားသမားများ၏ လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကို အကြောင်းပြ၍ အဖွဲ့ဝင် ၁၃၇ ဦးပါဝင်သော ကမ္ဘောဒီးယားအားကစားအဖွဲ့ သည် ထိုင်းနိုင်ငံတွင် ကျင်းပနေသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEA Games) မှ နုတ်ထွက်ကြောင်း ပြောကြားလိုက်သည်။

    ကမ္ဘောဒီးယားအဖွဲ့သည် (၃၃) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်မှ နုတ်ထွက်ကြောင်း ကြေညာပြီး ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထောက်ပြကာ ကြာသပတေးနေ့တွင် ၎င်းတို့နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု ပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီတွင် ပြိုင်ပွဲစီစဉ်သူများထံ နုတ်ထွက်ကြောင်း အတည်ပြုစာတရားဝင် တင်သွင်းရန် ယင်းအဖွဲ့က စီစဉ်ထားသည်။

    ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့သည် ရာဇမန်ဂလာ အမျိုးသားအားကစားကွင်းတွင် ပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ခဲ့သည်။

    အားကစားသမားနှင့် ဝန်ထမ်း ၁၃၇ ဦးပါဝင်သည့် အဖွဲ့သည် ကြာသပတေးနေ့တွင် ဖနွမ်းပင်သို့ ပြန်ရန် ဘန်ကောက်မှ ထွက်ခွာမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

    ထိုင်းအိမ်ရှင်များ၏ နွေးထွေးသော ကြိုဆိုမှုအတွက် ဝမ်းသာသော်လည်း နယ်စပ်တလျှောက် မရေရာမှု များကြောင့် အားကစားသမားများ၏ လုံခြုံရေးကို စိုးရိမ်နေရဆဲဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင်က ပြောကြားခဲ့သည်။

    ထို့ကြောင့် အဖွဲ့သည် မူလက ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် အားကစားနည်း ၁၂ မျိုးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

    The Nation မှ Cambodian athletes withdraw from 33rd SEA Games အား သောမတ် ဘာသာပြန် သည်။

    ဓာတ်ပုံ- ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့အား ရာဇမန်ဂလာ အမျိုးသားအားကစားကွင်းတွင် ပြုလုပ်ခဲ့သော ဖွင့်ပွဲအခမ်းအနားတွင် တွေ့ရစဉ်။