Category: News

  • မန္တလေးနဲ့ အမရပူရမှာ အသံတိတ်သပိတ် ပြုလုပ်

    မန္တလေးနဲ့ အမရပူရမှာ အသံတိတ်သပိတ် ပြုလုပ်

    အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ် (Silent Strike)မှာ မန္တလေးမြို့နဲ့ အမရပူရမြို့က ဒေသခံတွေ တတ်နိုင်သမျှ ပါဝင်နေကြတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာ ၁၀ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူတွေ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်း အသံတိတ်သပိတ် ပြုလုပ်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB) က တိုက်တွန်း ဆော်ဩထားတာ ဖြစ်ပါတယ်။

    “စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့မှာ အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရန်အတွက် ပိတ်ထားမည့် စျေးဆိုင်များ၊ စားသောက်ဆိုင်များ ၊ အလုပ်ရုံစက်ရုံများ၊ ကုမ္ပဏီများကို ဖော်ထုတ် အရေးယူရန်နှင့် ချိတ်ပိတ်ရန်ဖိအားပေးလျက် ရှိသည်။ ပြည်သူလူထုရဲ့ လုံခြုံရေးဟာ အရေးကြီးဆုံး ဖြစ်တာမို့ ဒီလို အကြပ်ကိုင် ဖိအားပေးမှုတွေအောက်မှာ ဈေးဆိုင်တွေကို ဖွင့်လှစ်ရတာကို နားလည် စာနာပါကြောင်းနှင့် ဈေးဆိုင်များကို မပိတ်ဘဲ ဖွင့်လှစ်ကာ အသံတိတ်သပိတ်ကို ဆင်နွှဲကြဖို့ တိုက်တွန်းလိုပါသည်။

    ဆိုင်တံခါးတွေသာ ပွင့်နေပါစေ၊ လူတွေကတော့ ဆိုင်ထဲ၊ အိမ်ထဲမှာပဲ နေပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ လမ်းမတွေပေါ် မထွက်ကြဖို့၊ အပြင်မသွားကြဖို့နဲ့ တိတ်ဆိတ်ခြင်းဖြင့် သက်သေပြကြဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုက ပုံဖော်ချင်နေတဲ့ “ပုံမှန်လည်ပတ်နေပါတယ်” ဆိုတဲ့ အခြေအနေ မဟုတ်ကြောင်းကို လူမရှိတဲ့ လမ်းမတွေ၊ တိတ်ဆိတ်နေတဲ့ မြို့ပြတွေကတဆင့် ကမ္ဘာသိအောင် ချပြရပါမယ်။ ဒါကြောင့် ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၁၀ နာရီ ကနေ ညနေ ၃ နာရီ အတွင်းမှာ ဆိုင်ခန်းတွေထဲ၊ အိမ်တွေထဲမှာပဲ နေထိုင်ပြီး “အသံတိတ်သပိတ်” ကို ပုံစံတစ်မျိုးနဲ့ ဆင်နွှဲကြပါစို့” လို့ GSCB က တိုက်တွန်းပါတယ်။

    အသံတိတ်သပိတ်မှာ ပါဝင်သူတွေကို ရန်ပြုဖမ်းဆီးမယ်လို့ အာဏာသိမ်း စစ်အုပ်စုက ခြိမ်းခြောက်ထားပြီး စျေးတွေမှာ စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

  • အသံတိတ်သပိတ်နေ့တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့

    အသံတိတ်သပိတ်နေ့တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့

    ယနေ့ ( ဒီဇင်ဘာလ ၁၀ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ပြုလုပ်သည့် အသံတိတ်သပိတ်တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့ မြင်ကွင်းအချို့ ဖြစ်သည်။

    တော်လှန်ရေးအင်အားစုများကလည်း ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်လုံးကျွတ်အသံတိတ်သပိတ်(Silent Strike) ပြုလုပ်ရန် နှိုးဆော်ထားကြရာ ရန်ကုန်မြို့၌ ယခင်နေ့ရက်များထက် လူသွားလူလာ သွားလာမှု လျော့ကျသည်ကို တွေ့ခဲ့ရသည်။ သို့သော် ယခင်အသံတိတ်သပိတ်များကဲ့သို့ ရှင်းလင်းနေမှုမျိုးတော့မရှိပေ။

    စစ်တပ်ကားများသည်လည်း မြို့တွင်းလှည့်လည်နေပြီး လူစောင့်ဆိုင်းနေသည့် ကားမှတ်တိုင်များတွင် ဓာတ်ပုံမှတ်တမ်းဆင်းယူနေသည်ကိုလည်း တွေ့ခဲ့ရသည်။

    မြို့တွင်းလုံခြုံရေးကို တိုးမြှင့်ထားမှု တွေ့ရပြီး မတွေ့မြင်ရသည်မှာ ကြာပြီ ဖြစ်သည့် စစ်တပ်ကားများ လှည့်လည်ခြင်း၊ လုံခြုံရေးများချထားခြင်း၊ စစ်ဆေးခြင်းမျိုး ရှ်ိသည်ကိုလည်း တွေ့ရသည်။

  • မုံရွာမှာ အသံတိတ်သပိတ် အောင်မြင်ပြီးနောက် ညနေပိုင်း အပြင်ထွက် သွားလာသူတွေကို ပစ်သတ်မယ်လို့ စစ်အုပ်စု ခြိမ်းခြောက်

    မုံရွာမှာ အသံတိတ်သပိတ် အောင်မြင်ပြီးနောက် ညနေပိုင်း အပြင်ထွက် သွားလာသူတွေကို ပစ်သတ်မယ်လို့ စစ်အုပ်စု ခြိမ်းခြောက်

    စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အသံတိတ်သပိတ် (Silent Strike) အောင်မြင်ပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ညနေပိုင်း အပြင်ထွက်သွားလာသူတွေကို မဖမ်းတော့ဘဲ ပစ်သတ်မယ်လို့ အော်ဟစ်ခြိမ်းခြောက်တယ်လို့ ဒေသခံမြေပြင်ကင်းထောက်အဖွဲ့တွေက ပြောပါတယ်။

    “(မုံရွာ) ပြည်ထောင်စုလမ်းဘက်က ဆိုင်တစ်ဆိုင်ကို စကစ ပတ်ကင်းကားပေါ်က လူက ပြောသွားတယ်တဲ့၊ ညနေ၃နာရီကျော်လို့ ထွက်လာတဲ့ကောင်တွေ မဖမ်းဘူး ပ-စ်သ-တ်မှာတဲ့နော်တဲ့။ (စစ်အုပ်စု) စိတ်တိုနေတယ်။ လူကြီးမင်းအပေါင်းသတိပါ” လို့ မုံရွာမြို့ခံ မြေပြင်ကင်းထောက် အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

    စစ်အုပ်စုက အသံတိတ်သပိတ် မပြုလုပ်ဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး ခြိမ်းခြောက်တဲ့ကြားက မုံရွာတမြို့လုံးနီးပါး အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြကာ လမ်းပေါ် အပြင်ထွက်သွားလာသူ မရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ မုံရွာ အပါအဝင် နိုင်ငံတဝန်းက မြို့၊ရွာတွေမှာ ဒီဇင်ဘာ ၁၀ရက် မနက် ၁၀နာရီကနေ မွန်းလွဲ ၃နာရီအထိ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

    စစ်အုပ်စုကလည်း အသံတိတ်သပိတ်ကို နှောင့်ယှက်နိုင်ဖို့ မေမြို့မှာ ကထိန်လှည့်ပတာ၊ မန္တလေးမှာ ဆောင်းဘောက်ဖွင့်ပြီး ချောတိုင်တက်ပွဲတွေ တုန့်ပြန်လုပ်ဆောင်ခဲ့သလို အသံတိတ်သပိတ်မှာ ပါဝင်သူတွေကို ဖမ်းဆီး၊ ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်ကာ စောင့်ကြည့်ခဲ့ပါတယ်။

    မုံရွာမြို့တွင်း အဓိက လမ်းမကြီးတွေမှာ အသံတိတ်သပိတ်ပြုလုပ်နေစဉ်/Photo -CJ

  • ရန်ကုန်မြို့မှ ပြည်သူများက  အသံတိတ် သပိတ်တွင် ပါဝင်နေပြီး လမ်းဆုံလမ်းခွနှင့်နေရာတိုင်း စစ်တပ်၊ရဲနှင့်ပျူစောထီးများကို  နေရာတိုင်းတွင် ချထား

    ရန်ကုန်မြို့မှ ပြည်သူများက အသံတိတ် သပိတ်တွင် ပါဝင်နေပြီး လမ်းဆုံလမ်းခွနှင့်နေရာတိုင်း စစ်တပ်၊ရဲနှင့်ပျူစောထီးများကို နေရာတိုင်းတွင် ချထား

    ရန်ကုန်မြို့မှ ပြည်သူများက ယနေ့ ပြုလုပ်သည့် အသံတိတ် သပိတ်တွင် ပါဝင်နေကြကြောင်း​ ဒေသခံပြည်သူများနှင့် ကင်းထောက်အဖွဲ့များက ပြောဆိုသည်။

    ရန်ကုန်မြို့တွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ယာဉ်အသွားအလာနှင့် လူအသွားအလာများ ကျဲသွားပြီး စျေးကြီးများတွင် ဆိုင်များသာ ဖွင့်လှစ်ထားကာ ဝယ်သူမရှိတော့ကြောင်း၊ ယခင် အင်းစိန်မှ ရန်ကုန်မြို့တွင်း ၂ နာရီနီးပါး မောင်းရသော ခရီးစဉ်မှာ မိနစ် ၃၀ အတွင်း သွားလာနိုင်ကြောင်း တက္ကစီယာဉ်မောင်းတချို့က ဆိုသည်။

    “ကားအသွားအလာ လုံး၀ကြီး ရပ်သွားတာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ပုံမှန် ယာဉ်ကြောထက် ၈၀ ရာခိုင်နှုန်း လျော့သွားတာ။ တက္ကစီတွေ တော်တော်များများလည်း လမ်းဘေးမှာပဲ ရပ်ထားကြတယ်။ ၁၀ ရာခိုင်နှုန်းလောက်သော ကားတွေကတော့ လမ်းပေါ်မှာ ရှိနေတယ်။ အဲဒါကလည်း လိုင်းကားနဲ့ အိမ်စီးကားတွေ။ အော်ဒါရလို့ လိုက်သွားတာ အင်းစိန်- ဆူးလေကို တကယ်မောင်းတာ နာရီဝက်ပဲကြာပါတယ်။ ပုံမှန်ဆိုရင် ယာဉ်ကြောနဲ့ ၁ နာရီနဲ့ ၂ နာရီကြားလောက်ကြာတဲ့လမ်း” ဟု စမ်းချောင်းမြို့နယ်၊ City Mart အနီးတွင် ဂိတ်ထိုးလေ့ရှိသည့် တက္ကစီယာဉ်မောင်း တစ်ဦးက ဆိုသည်။

    ယနေ့ အသံတိတ်သပိတ်နေ့တွင် သာကေတမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများ အသံတိတ် သပိတ်၌ မပါဝင်နိုင်ရန် ဈေးများ၌ အရပ်ဝတ်များဖြင့် ကင်းလှည့်ပြီး ဓာတ်ပုံရိုက်သူများကိုပါ CCTV ဖြင့် စောင့်ကြည့် ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သာကေတမြို့နယ် အတွင်းရှိ ဈေးများတွင် အရပ်ဝတ်ဖြင့် လုံခြုံရေးယူကာ လှည့်လည်နေခြင်းဖြစ်ပြီး စစ်ကားနှင့် ရဲကားများလည်း အဆက်မပြတ် ကင်းပတ်နေကြောင်း သိရသည်။

    ထို့ပြင် ဖုန်းဖြင့်လည်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်း ရိုက်သူများကို ဖမ်းဆီးနိုင်ရန် CCTV များဖြင့် စောင့်ကြည့်နေကြောင်း၊ ပြည်သူများ အသံတိတ် သပိတ်တွင် ပူးပေါင်း ပါဝင်ခြင်းမပြုလုပ်နိုင်ရန် စစ်တပ်က အရပ်ဝတ်ဖြင့် အသွင်ယူကာ ဈေးထဲတွင် လှည့်လည်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “သာကေတမှာ အသံတိတ်သပိတ်ဆင်နွှဲမယ့် ဒီနေ့ နံနက်ပိုင်းကစပြီးတော့ စစ်ခွေးတွေရော ရဲခွေးတွေရော ကားတွေနဲ့ လှည့်လည်နေတယ်။ သာကေတ ၁ စျေးနဲ့ စျေးစည်ပင်တွေမှာလည်း စျေးအနှံ့ CCTV ကင်မရာတွေ လိုက်လံတပ်ဆင်ထားတယ်။ ဓာတ်ပုံနဲ့ ဗီဒိယိုရိုက်တဲ့ သူတွေကို စောင့်ကြည့်ဖမ်းဆီးမယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းသု၀ဏ္ဏကွင်းအနီးတွင် နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်မှစတင်၍ လူအသွားအလာ မရှိသလောက် နည်းပါးသွားပြီး လမ်းပေါ်တွင် မိနစ် ၃၀ အတွင်း ကား ၁၀ စီးဝန်းကျင်သာ သွားလာတော့ကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင်မူ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှစတင်၍ ယာဉ်အသွားအလာ လုံး၀ ကင်းရှင်းသွားကြောင်း၊ ပုံမှန် နေ့စဉ်နေ့တိုင်း ယာဉ်ကြောပိတ်ဆို့လေ့ရှိသော အင်းစိန် အောင်ဇေယျကြိုးတံတားပေါ်တွင် ယာဉ်အသွားအလာ မရှိသလောက် နည်းပါးသွားကြောင်း သိရှိရသည်။

    “ပုံမှန် အမြဲ ရန်ကုန်ဘက်အသွား ကားပိတ်နေတဲ့ အင်းစိန်ကြိုးတံတားပေါ်မှာ ကားပိတ်ဖို့ မပြောနဲ့ ကားဖြတ်သန်းသွားလာတာ အတော်ကို ကျဲသွားတာ။ တံတားပေါ်မှာလည်း ရှင်းလင်းနေတာ။ ဘူး၀နဲ့ အင်းစိန်စျေးရှေ့မှာလည်း စျေးသည်နဲ့ ဆိုင်ခန်းတွေပဲ ရှိတယ်။ လူကို မရှိတာ” ဟု အင်းစိန်မြို့နယ်၊ မျိုးချစ်လမ်းတွင် နေထိုင်သော ပြည်သူတစ်ဦးက ရှင်းပြသည်။

    ရန်ကုန်မြို့လယ်ခေါင်တွင်လည်း ယနေ့ နံနက် ၁၁ နာရီမှစတင်၍ လိုင်းကားကြီးများမှအပ ယာဉ်အသွားအလာ အလွန်လျော့ကျသွားကြောင်း၊ ပုံမှန် လူအသွားအလာ ရှုပ်ထွေး စည်ကားနေသော မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်း၊ အနော်ရထာလမ်းနှင့် ကမ်းနားလမ်းတွင် ယာဉ်အသွားအလာ အလွန်ကျဲသွားကြောင်း သိရှိရသည်။

  • နယ်မြို့မှဆရာဝန်တစ်ဦး၏ ထိတ်လန့်ဖွယ်အတွေ့အကြုံ

    နယ်မြို့မှဆရာဝန်တစ်ဦး၏ ထိတ်လန့်ဖွယ်အတွေ့အကြုံ

    9-12-2025

    နယ်မြို့မှဆရာဝန်တစ်ဦး၏ ထိတ်လန့်ဖွယ်အတွေ့အကြုံ(သို့)အသက်နှင့်စိန်ခေါ်မှုများကြားက တတိယမြောက်တိုက်ပွဲ

    ​ကျွန်တော်က မြို့ငယ်လေးတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ သာမာန်ဆရာဝန်တစ်ယောက်ပါ။

    ကျွန်တော့်ရဲ့ နေ့ရက်တွေဟာ ခွဲစိတ်ခန်းထဲက သံမဏိရနံ့နဲ့ ပြီးဆုံးလေ့ရှိပြီး ဓားသွားအောက်မှာ အသက်ပေါင်းများစွာနဲ့ နေ့တိုင်း ရင်ဆိုင်နေရပါတယ်။

    ဒါပေမဲ့…

    မနေ့က ကြုံတွေ့ရတဲ့ အခြေအနေဟာ ကျွန်တော့်ရဲ့ ဆေးပညာသက်တမ်းတစ်လျှောက် အဆိုးရွားဆုံး၊ အကြောက်ရဆုံး စိန်ခေါ်မှုတစ်ခုလို့ ဆိုရပါလိမ့်မယ်။

    ​ပထမစိန်ခေါ်မှုကမလှုပ်ရှားနိုင်သော ကျောရိုးနှင့် အာရုံကြောများဆိုင်ရာခန္ဓာကိုယ်အောက်ပိုင်း အားနည်းနေတဲ့အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးပါ။

    စိုးရိမ်စရာအကောင်းဆုံးကတော့ သူမဟာ အောက်ပိုင်းခြေနှစ်ဖက် မသန်စွမ်းတာ ကြာနေပြီဖြစ်ပြီး၊ ဒီတစ်ကြိမ်က သူမရဲ့ တတိယမြောက် ခွဲစိတ်မွေးဖွားမှု (Cesarean Section) ဖြစ်နေတာပါပဲ။

    ​စာတွေ့အရရော၊ လက်တွေ့အရပါ… တတိယအကြိမ် ခွဲစိတ်မှုဟာ အရင်နှစ်ကြိမ်ထက် အဆပေါင်းများစွာ ပိုမိုအန္တရာယ်များတယ်ဆိုတာ ကျွန်တော်သိပါတယ်။

    အမာရွတ်တွေကြောင့်၊ သွေးကြောနဲ့ ဆီးအိမ်တွေ ပူးကပ်နေတာတွေကြောင့် ခွဲစိတ်ဆရာဝန်အတွက် အလွန်ခက်ခဲပါတယ်။

    ​ဒါပေမဲ့… အဲဒီအပေါ်မှာ လူနာရဲ့ အောက်ပိုင်းမသန်စွမ်းမှုက သေမင်းတမန်လို ခြိမ်းခြောက်နေတဲ့ နောက်ထပ်ကြီးမားတဲ့ အခက်အခဲကို ပေါင်းထည့်လိုက်တာပါပဲ။

    လူနာကိုအထူးကု OG ဆရာဝန်တွေရှိရာလွဲပြောင်းပေးသော်လည်းသွားနိုင်ဖို့မစွမ်းသာတဲ့အခြေအနေအောက်မှာတာဝန်ဟာကျနော့်ပခုံးပေါ်ရောက်လာရတာပါပဲ

    ​ကျွန်တော့်ရဲ့ ပထမဆုံး အဓိကအခက်အခဲက မေ့ဆေး (သို့မဟုတ်) ထုံဆေးကို ဘေးကင်းလုံခြုံစွာ ပေးနိုင်ရေးပါပဲ။

    အောက်ပိုင်းမသန်စွမ်းတဲ့အတွက် ကျောရိုးဆစ်ထဲကို ဆေးထိုးသွင်းတဲ့အခါပုံမှန်လို မဟုတ်ဘဲ အာရုံကြောတွေ ရွေ့နေတာ၊ အမာရွတ်တစ်ရှူးတွေကပိတ်ဆို့နေတာမျိုး ဖြစ်နိုင်ပါတယ်။

    ​”အမရေ… အခု ခါးကြောထဲကို ဆေးသွင်းနေပြီနော်” လို့ ကျွန်တော်ပြောရင်း သူမရဲ့ မျက်နှာကို စိုက်ကြည့်မိတယ်။

    သူမရဲ့ မျှော်လင့်ချက်အပြည့်နဲ့ မျက်ဝန်းတွေက ကျွန်တော့်လက်ကို အနည်းငယ်မျှ မရွေ့ရန် တောင်းဆိုနေသလိုပါပဲ။

    ​ကျွန်တော်ချွေးတွေပြန်လာခဲ့တယ်။

    ထုံဆေးသာ မအောင်မြင်ခဲ့ရင် ရိုးရိုးမေ့ဆေးပေးဖို့ စဉ်းစားရတော့မယ်။ ကိုယ်ဝန်ဆောင်တွေမှာ မေ့ဆေးပေးရင် အစာအိမ်ထဲက အစာတွေ အဆုတ်ထဲ ရောက်နိုင်ခြေက ပိုမြင့်ပြီး၊ သူမရဲ့ အဆုတ်စွမ်းရည်ကလည်း ကျဆင်းနေလို့ မေ့ဆေးနဲ့ အချိန်ကြာကြီး အားကိုးနေရမယ့် သေမင်းတံခါးဝရောက်နိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

    ​”ဘုရား… ကျောရိုးဆစ်ထုံဆေးလေး အောင်မြင်ပါစေ” လို့ တိတ်တိတ်လေး ဆုတောင်းရင်း လက်ကို တင်းတင်းဆုပ်ထားရတယ်။

    ကံကောင်းစွာပဲ ခါးအာရုံကြောထုံဆေး (Spinal Block) ဟာ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့… ကျွန်တော့်ရဲ့ ကြောက်ရွံ့မှုက မပြေသေးပါဘူး။

    ​ဒုတိယစိန်ခေါ်မှုရှိသေးတယ်

    ​လူနာရဲ့ ဝမ်းဗိုက်သားပေါ်က အရင်ခွဲစိတ်မှုနှစ်ကြိမ်ရဲ့ ထူထဲပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အမာရွတ်ကြီးတွေကို ကျွန်တော် ဓားနဲ့ ဖြတ်တောက်လိုက်ချိန်မှာခွဲစိတ်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားတယ်။

    ​ကျွန်တော်တို့ ဖြည်းဖြည်းချင်း ဖောက်ဝင်လိုက်တာနဲ့ အတွင်းထဲက အူတွေ၊ ဆီးအိမ်နဲ့ သားအိမ်တွေဟာ ပုံမှန်မဟုတ်ဘဲ တင်းတင်းကြပ်ကြပ် တွယ်ကပ်နေတာကို ထိတ်လန့်စွာ တွေ့လိုက်ရတယ်။

    ဒါဟာ ကျွန်တော်တို့ အစကတည်းက စိုးရိမ်ခဲ့တဲ့ အခြေအနေပါပဲ။

    ဒီလို တွယ်ကပ်နေတာတွေကို ဂရုတစိုက် ခွဲထုတ်နေရချိန်မှာ ကျွန်တော့်ရဲ့ နှလုံးခုန်နှုန်းက အဆက်မပြတ် မြန်နေခဲ့တယ်။

    နည်းနည်းလေး မှားလိုက်တာနဲ့ဆီးအိမ် သို့မဟုတ် အူကို ထိခိုက်မိပြီး လူနာရဲ့ အခြေအနေ ဆိုးရွားစွာပြောင်းလဲသွားနိုင်ပါတယ်။

    ​နောက်ထပ် အသက်အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုကမရပ်မနား သွေးထွက်မှု (Postpartum Hemorrhage) ပါ။

    ​သားအိမ်ကို ဖောက်ပြီး ကလေးကို ထုတ်ယူတဲ့အခါ အမာရွတ်နေရာတွေက သွေးကြောတွေဟာ ပိုပြီး အားနည်းနေသလို၊ အရင်ခွဲစိတ်မှုတွေကြောင့် သားအိမ်သွေးကြောတွေက ပုံမှန်မဟုတ်ဘဲ ကြီးထွား၊ ပေါက်ကွဲလုနီးပါး ဖြစ်နေနိုင်ပါတယ်။

    ကလေးကို ထုတ်လိုက်တာနဲ့ သားအိမ်က မကျုံ့ဘဲ ပိုက်လုံးဖွင့်ထားသလို သွေးတွေ ပန်းထွက်လာမှာကို ကျွန်တော် အကြောက်ဆုံးပါပဲ။

    ​ခွဲစိတ်ခန်းထဲက တိတ်ဆိတ်မှုဟာ သံမဏိလိုပဲ လေးလံနေတယ်။

    ကျွန်တော်တို့ အဖွဲ့သားအားလုံးဟာ အသက်ကို မရှူဝံ့ကြဘဲ အချိန်ကို စက္ကန့်ပိုင်းနဲ့ တွက်ချက်နေရတယ်။

    ကလေးကို မြန်မြန်ဆန်ဆန် ထုတ်ယူပြီး သားအိမ်ကို ကျုံ့စေဖို့ ဆေးတွေအားလုံးကို ကျွန်တော်က အမိန့်ပေး၊ သူနာပြုတွေက တရစပ် ပြင်ဆင်နေရတယ်။

    ​သူနာပြုတစ်ဦးက တုန်ယင်စွာနဲ့ “ကလေးထွက်ပြီ…” လို့ ပြောလိုက်ပြီး စက္ကန့်ပိုင်းအကြာမှာ…

    “အူဝဲ အူဝဲ…!!” ဆိုတဲ့ ကလေးငယ်ရဲ့ စူးရှပြီး အသက်ရှင်သန်နေကြောင်း သက်သေပြတဲ့ ငိုသံကို ကြားလိုက်ရတဲ့အခါမှကျွန်တော် ရင်ထဲက အသက်ကို ပြင်းပြင်းရှူထုတ်နိုင်တော့တယ်။

    ​အောင်မြင်ပြီ! လို့ စိတ်ထဲကနေ အသံနက်ကြီးနဲ့ အော်ဟစ်လိုက်တယ်။

    ​ဒီအချိန်မှာ ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်က ဆေးပညာအသိတစ်ခုတည်း မဟုတ်ပါဘူး။

    ဒါဟာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အားနည်းနေသည့်တိုင် ရင်သွေးအတွက် အသက်ကို လောင်းကြေးထပ်ရဲခဲ့တဲ့ မိခင်တစ်ဦးရဲ့ စွန့်လွှတ်အနစ်နာခံမှု ကို လေးစားဂါရဝပြုတဲ့ ခံစားချက်ပါ။

    ​ကျွန်တော်တို့ ဆရာဝန်တွေဟာ ဒီလို ခက်ခဲ၊ ထိတ်လန့်စရာကောင်းတဲ့ အန္တရာယ်တွေကြားထဲကပဲ အသက်ပေါင်းများစွာအတွက် တာဝန်ယူရသူတွေပါ။

    ဒီနေ့ စိန်ခေါ်မှုကြီးတစ်ခုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်။

    ဒါပေမဲ့… နောက်တစ်ကြိမ် ခွဲစိတ်မှုတစ်ခုကို ရင်ဆိုင်ရရင်လည်း ဒီလို စိတ်ဖိစီးမှု၊ ဒီလို စိုးရိမ်စိတ်၊ ဒီလို တိကျသေချာမှုတွေနဲ့ပဲ အလုပ်လုပ်နေရဦးမှာပါ။

    ​ကျွန်တော့်ရဲ့ ရင်ထဲမှာ စွဲမြဲသွားတာကတော့​ဆေးပညာဟာ အခက်အခဲများကို ကျော်လွှားရန် ဖြစ်ပြီး လူသားဆန်မှုသည် ထိုအခက်အခဲများကို ရင်ဆိုင်ရဲသော မိခင်၏ သတ္တိကို ချီးမြှင့်ရန် ဖြစ်သည် ဆိုတာပါပဲ။

    ​ခွဲစိတ်ခန်းထဲက ကျွန်တော်တို့ အဖွဲ့သားအားလုံးပြုံးနေကြတယ်။

    အဲဒီအပြုံးတွေမှာ ပင်ပန်းနွမ်းနယ်မှုတွေ ရှိနေပေမဲ့ တန်ဖိုးရှိတဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ ထိတ်လန့်ဖွယ်ရာ အောင်ပွဲခံခြင်း အရသာ ပါဝင်နေတယ်ဆိုတာ အသေအချာပါပဲ။

    ​မြို့နယ်ကျန်းမာရေးဦးစီးဌာန