Category: News

  • NUG က  ဝန်ကြီးဌာန ၄ ခုကို လျော့ချပြီး အစိုးအဖွဲ့အပြောင်းအလဲပြုလုပ်

    NUG က ဝန်ကြီးဌာန ၄ ခုကို လျော့ချပြီး အစိုးအဖွဲ့အပြောင်းအလဲပြုလုပ်

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ကို ယခုနှစ်ကုန်ပိုင်းတွင် အပြောင်းအလဲ ပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုထားပြီးနောက် ဒုတိယဝန်ကြီးအဆင့်ရှိသူများကို ရာထူးတိုးမြှင့်ပေးခြင်း၊ ဝန်ကြီးဌာ နများကို ပေါင်းစည်းလျှော့ချခြင်းများဖြင့် NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်သည်။

    NUG အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၇ နေရာမှ ၁၂ ဌာနအထိ လျှော့ချ ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် ဒုတိယသမ္မတ (ယာယီသမ္မတ) ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့မှာ မူလအတိုင်း ပါဝင်ခဲ့သည်။

    ယခင် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဒေါက်တာ ဇော်ဝေစိုး ကို ပြည်ထောင်စုဝန်ကြီး (ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး) အဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန် သည် ပညာရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံ သည်လည်း ကျန်းမာရေးဝန်ကြီးအဖြစ် ရာထူးတိုးမြှင့် တာဝန်ယူခဲ့သည်။

    ထို့အပြင် ယခင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဌာနကို လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန အဖြစ် ပြောင်းလဲပေါင်းစည်းလိုက်သည်။ ယင်းဌာနတွင် ဒေါက်တာ ဝင်းမြတ်အေး က ပြည်ထောင်စု ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူပြီး ဒေါက်တာ ငိုင်းတမ်မောင်း က ဒုတိယဝန်ကြီးအဖြစ် ပါဝင်သည်။

    (၁)အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ (၂)ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အပါအဝင် (၄) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှာမူ လျော့ချထားပြီး ပါဝင်လာခြင်း မရှိသည်ကိုတွေ့ရသည်။

    နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာသည် ၎င်း၏ဝန်ကြီးဌာနကို ဖျက်သိမ်း တော့မည်ဖြစ်ကြောင်း ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌတို့က အသိပေးအကြောင်းကြားခဲ့၍ ၎င်း၏ တာဝန်ထမ်းဆောင်မှုများ အခန်းကဏ္ဍတစ်ခု ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့တွင် လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးခဲ့ပြီးဖြစ်သည်။

    ဓာတ်ပုံ – CRPH , NUG

  • မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုး

    မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုး

    မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေး

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို အကြမ်းဖက် စစ်တပ်က ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ သွားလာခြင်းမပြုလုပ်ရန် အသိပေးလိုကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး မြိတ်မြို့နယ်မှ ကော့သောင်းမြို့နယ်အထိ ပြည်ထောင်စု အမြန်လမ်းမကြီးကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

    ထိုသို့ စစ်ကြောင်းထိုးလာပြီး အကြမ်းဖက် စစ်တပ်က စစ်ရေးအရှိန်မြှင့်တင်လာမှုများ ရှိလာနိုင်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း၊ ခရီးသွားပြည်သူများ အနေဖြင့် မြိတ်မြို့နယ်မှ ကော့သောင်းမြို့နယ်အထိ ပြည်ထောင်စု အမြန်လမ်းမကြီးကို လုံးဝ သွားခြင်းမပြုလုပ်ရန် အသိပေးပြောဆိုထားသည်။

    “ဒီနေ့ နံနက် အစောပိုင်း ၆ နာရီကနေစပြီး မြိတ်-ကော့သောင်း ပြည်ထောင်စု အမြန်လမ်းမကြီးကို စစ်ခွေးတွေ စစ်ကြောင်းထိုးလာတယ်။ စစ်ခွေးစစ်ကြောင်းရှိတော့ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ အဲတာကြောင့် ခရီးသွား ပြည်သူတွေ လမ်းပိုင်းကို လုံးဝ (လုံးဝ) အသုံးပြုသွားလာခြင်း မပြုလုပ်ကြဖို့ အသိပေးတဲ့ အနေနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    ခရီးသွား ပြည်သူများအနေဖြင့် ယင်းကြေငြာချက်ထုတ်ပြန်သည့် နေ့ရက်မှစ၍ လိုက်နာဆောင်ရွက်ကြရန်နှင့် အရေးပေါ်နာရေးကိစ္စများရှိပါက သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် အကြောင်းကြား အသိပေး၊ ခွင့်ပြုချက်ရမှသာ သွားလာပေးကြပါရန်နှင့် ယင်းသို့ သွားလာရ ပါကလည်း ကားများကို မှန်ချမောင်းနှင်သွားလာပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်း မြိတ်ခရိုင် ပကဖ မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

  • ရွေးကောက်ပွဲလေ့လာမည့် နိုင်ငံခြားသားများကို စောင့်ကြည့်ရန် စစ်ကောင်စီအမိန့်ပေး

    ရွေးကောက်ပွဲလေ့လာမည့် နိုင်ငံခြားသားများကို စောင့်ကြည့်ရန် စစ်ကောင်စီအမိန့်ပေး

    ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် ပြည်တွင်းကို ဝင်ရောက်လာမဲ့ နိုင်ငံခြားသားတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ စစ်ကောင်စီခန့် လဝက ဝန်ကြီး ဦးမြင့်ကြိုင်က ဒီဇင်ဘာ ၇ ရက်မှာ အမိန့်ပေးခဲ့တယ်လို့ လေဆိပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

    မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လဝက ဝန်ကြီး ဦးမြင့်ကြိုင်နဲ့ စစ်ထောက်လှမ်းရေး အဖွဲ့တွေ ရောက်လာပြီး ရွေးကောက်ပွဲအတွက် ပြည်ပကနေ ဝင်လာမယ့် နိုင်ငံခြားသားတွေကို စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့တယ်လို့ လေဆိပ်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

    “ရွေးကောက်ပွဲအတွက် နိုင်ငံခြားသားတွေ လာဖို့ရှိတယ်။ တရုတ်နဲ့ ရုရှားက လွဲရင် ကျန်တဲ့ နိုင်ငံတွေက စစ်တပ်ကိုဆန့်ကျင်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းအမှားဖြန့်တဲ့သူတွေ ပါလာနိုင်တယ်။ လဝက ဘက်က သေချာစစ်ဆေးဖို့ ဝန်ကြီးက အမိန့်ပေးတယ်။ မသင်္ကာတဲ့ အချက်အလက် တွေ့တာနဲ့ SP နဲ့ စရဖကို ဆက်သွယ်ပြီး မျက်ခြည်မပြတ် နောက်ယောင်ခံ စောင့်ကြည့်ဖို့ ပြောတယ်။”

    ဒါ့အပြင် ရွေးကောက်ပွဲမတိုင်ခင် ပြည်ပထွက်ခွာမဲ့သူတွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ တင်ထားပါက လဝကနဲ့ လေဆိပ်ရဲက ထွက်ခွာခွင့်မပြုဘဲ ထပ်မံစစ်ဆေးရမယ်လို့ ညွှန်ကြားထားတယ်လို့ လဝက နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်ပထွက်ခွာခွင့်ရော ပြည်တွင်းဝင်လာမယ့်သူရော အကုန်ကန့်သတ်ထားတာ။ ပြည်တွင်းက ထွက်မယ့်သူဆို ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ်၊ ဗိုက်ဘာနဲ့ တစ်တော့တွေပါ စစ်ခိုင်းတာ။ ကြိုတင်မဲပေးဘဲလည်း ပြည်ပထွက်လို့မရဘူး။”

    စစ်အုပ်စုက ပြုလုပ်မဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်လိုသူတွေ အနေနဲ့ မိမိလေ့လာလိုတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်တွေကို ဒီဇင်ဘာ ၅ ရက် နောက်ဆုံး စစ်အုပ်စုခန့် ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားရမယ်လို့ စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီက ရွေးကောက်ပွဲကို အပိုင်းလိုက် ပြုလုပ်သွားမယ်လို့ ပြောဆိုထားပေမဲ့ ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ ရန်ကုန်တိုင်းမှအပ ပြည်နယ်နဲ့တိုင်းက ရပ်ကွက်နဲ့ ကျေးရွာ ၃,၀၀၀ နီးပါးမှာ ပြုလုပ်နိုင်ခြင်းမရှိပါဘူး။

    အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက် ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • မိုးကုတ်ကို စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဦးဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်နေဟု NUG ပြော

    မိုးကုတ်ကို စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ ဦးဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်နေဟု NUG ပြော

    စစ်ကောင်စီတပ်တွေ ပြန်လည်ဝင်ရောက်နေတဲ့ မိုးကုတ်မြို့ကို မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့က ဦးဆောင်တိုက်ခိုက်နေပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်ခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကစပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။

    နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ ဒေသတွင်းမှာ တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အရေးပါတဲ့ ရန်သူ့စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်ကောင်စီလက်ထဲ ပြန်လွှဲပေးမယ်လို့ အောက်တိုဘာ ၂၉ ရက်မှာ ထုတ်ပြန်ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ပြင်ဆင်ခဲ့တာပါ။

    ဖွဲ့စည်းထားတဲ့ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ဟာ ဒေသတွင်း PDF တွေနဲ့ ပကဖ တွေကို စုစည်းပြီး တသမတ်တည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲနေတယ်လို့ ဆိုပါတယ်။

    မိုးကုတ်မြို့ခံတယောက်က “ဒေါက်တာစိုးသူရဇော် ဦးဆောင်ပြီးတော့ သူတို့ စစ်ဦးစီးအဖွဲ့တော့ ဖွဲ့လိုက်ပြီပေါ့နော်။ ဘယ်လို အတိုး-အဆုတ် လုပ်မယ်ဆိုတာတော့ ကျနော်တို့လည်း သေချာတော့ မသိသေးဘူးပေါ့နော်။ ကျနော်တို့ ဒီမြေပြန့်က မဟာမိတ်တွေရော တခြားသော ERO တွေနဲ့ရော ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာတွေရှိတယ်။ နောက်ဆုံးအခြေအနေမှာ စစ်ကောင်စီကို နည်းမျိုးစုံနဲ့ ကျနော်တို့ ဖိအားပေးနိုင်ဖို့အတွက်ပေါ့၊ အင်အားတော့မများဘူး။ ဒါပေမဲ့ လုပ်တတ်ကိုင်တတ်တဲ့သူတွေ များတယ်ပေါ့နော်၊ သေသေချာချာလေး ကျနော်တို့ စုဖွဲ့ထားတယ်” လို့ ပြောပါတယ်။

    မိုးကုတ်မြို့နယ်နဲ့ နယ်မြေချင်းစပ်ဆက်နေတဲ့ စဉ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၃ ခုခွဲပြီး ဝင်ရောက်နေပါတယ်။

    စဉ့်ကူးနယ်ထဲကို စစ်ကောင်စီတပ်တွေက မတ္တရာနယ်ဘက်ကနေ ဝင်ရောက်ခဲ့တာဖြစ်ပြီး မတ္တရာနယ်ထဲက PDF ထိန်းချုပ်နယ်မြေအများစုကို ဒေသကာကွယ်ရေးအဖွဲ့တွေက လက်လွှတ်ထားရပါတယ်။

    မတ္တရာကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “စစ်ကြောင်းကတော့ တကြောင်း တကြောင်းကို အင်အားက လေးငါးရာ ဝန်းကျင်တွေ များတယ်ဗျ။ စစ်ကြောင်းကတော့ လက်ရှိကတော့ စဉ့်ကူးနယ်ဘက်ကို ၃ ကြောင်း မျှပြီးထိုးနေတယ်ဗျ၊ တပြိုင်တည်း။ စဉ့်ကူးမြို့နယ် ကျောက်ငနွား ကျေးရွာဘက်ရယ်၊ နောက်တခါ နဂါးမောက်တောင်ဝန်းကျင်မှာရယ်၊ အရှေ့တကြောင်းကတော့ ပန်းတင်ရွာဝန်းကျင်မှာရယ်ဗျ၊ စဉ့်ကူးမြို့နယ်ထဲကို စစ်ကြောင်းတွေက ရောက်နေပါပြီ၊ ထိတွေ့မှုတွေလည်း ဖြစ်နေပါတယ်ဗျ။ စကစတွေဘက်က အသေအပျောက်တွေ များတယ်ဗျ။ ရှေ့ကသေ နောက်ကတန်းတက်နဲ့ အဲ့လိုမျိုးဖြစ်နေတယ်ဗျ သူတို့ဘက်က။ စဉ့်ကူးမြို့နယ် တောင်ခြမ်းကတော့ အကုန်လုံးနီးပါးပဲ စစ်ဘေးကိုရှောင်နေရတယ်။ ပြည်သူတွေကိုလည်း သူတို့ မထင်ရင်မထင်သလို ပစ်သတ်တာတွေ ရှိပါတယ်။ မတ္တရာမြို့နယ်မှာတော့ သူတို့ နောက်ချန်အင်အားတွေ စကျင်ရွာတို့၊ ရေနံသာရွာတို့ဘက်မှာတွေတော့ ချန်ထားတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရှမ်းမြောက်တွင် တွေ့ရသော MDY-PDF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ-AFP)

    မိုးကုတ်မြို့ကို စစ်ကောင်စီတပ်တွေ ဝင်လာရင် တုံ့ပြန်တိုက်ခိုက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က ကြိုတင်စီစဉ်ခဲ့တာဖြစ်တဲ့အတွက် တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက အရပ်သားပြည်သူတွေ ထိခိုက်မှုမရှိအောင် ဘေးလွတ်တဲ့နေရာတွေကို ရွှေ့ပြောင်းပေးတာ၊ လိုအပ်တဲ့အထောက်အပံ့တွေကို အချိန်နဲ့တပြေးညီ ပေးအပ်နိုင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်မှာ ဖော်ပြပါတယ်။

    ✍🏻သုတချမ်းသာ

  • NUG ပြည်ထဲရေးအတွင်းဝန် ပျောက်ဆုံးနေ၍ ရာထူးမှရပ်ဆိုင်းထား

    NUG ပြည်ထဲရေးအတွင်းဝန် ပျောက်ဆုံးနေ၍ ရာထူးမှရပ်ဆိုင်းထား

    စစ်တပ်အလိုအရှိဆုံး စာရင်းဝင် NUG စစ်ရေးခေါင်းဆောင်ပျောက်ဆုံးနေပြီး ဖမ်းခံထားရဟု သံသယရှိနေ

    NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ပြည်ထဲရေးအတွင်းဝန်ပျောက်ဆုံးနေပြီး သူ့အားစစ်တပ်ကဖမ်းမိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သံသယရှိနေကြသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ပြည်ထဲရေးနှင့် လ.ဝ.က အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းပျောက်ဆုံးနေပြီး သူ့အားစစ်တပ်ကဖမ်းမိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သံသယရှိနေကြသည်။

    ဦးကွန်မင်းသည် လူမြင်ကွင်းရှေ့ထွက်လေ့မရှိဘဲ လူသိနည်းသော်လည်း မြေပြင်စစ်ရေး လှုပ်ရှားမှုများတွင် အဓိကကျသူတစ်ယောက်ဖြစ်ပြီး စစ်တပ်၏အလိုအရှိဆုံးစာရင်းတွင် ထိပ်ဆုံးမှပါဝင်သည်။

    ဦးကွန်မင်းသည် နိုဝင်ဘာလ၊ လကုန်ပိုင်း (သို့မဟုတ်) ဒီဇင်ဘာလ အစောပိုင်းတွင် ခရီးသွားနေစဉ် ပျောက်ဆုံးသွားသည်ဟု NUG ပြည်ထဲရေးဌာနမှ သတင်းအရင်းအမြစ်ကဆိုသည်။

    သီတင်းတစ်ပတ်ကြာမြင့်သည့် ဒီဇင်ဘာလ ၇ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်းလည်း ၎င်းကဆိုသည်။

    စစ်တပ်က ဦးကွန်မင်းကို မြန်မာမြန်မာပြည်မြောက်ပိုင်း တစ်နေရာတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း လက်ရှိတွင် စစ်ကြောရေးတွင် စစ်ဆေးနေဖွယ်ရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။ စစ်ကိုင်းတိုင်းအတွင်းမှ နောက်ထပ်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဦးကွန်မင်းကို စစ်တပ်က စစ်ကိုင်းတိုင်း နှင့်ရှမ်းမြောက်အစပ်တွင် ဖမ်းဆီးသွားသည်ဟု သီးခြားအတည်ပြုသည်။

    ဦးကွန်မင်းစစ်တပ်လက်ထဲ ရောက်နေသည့်သတင်းကို သီးခြား အတည်မပြုနိုင်သော်လည်း သူပျောက်ဆုံးနေကြောင်းကိုတော့ အတည်ပြုနိုင်သည်။

    ဦးကွန်မင်းပျောက်ဆုံးမှုကို NUG ဘက်က အရေးပေါ်စုံစမ်းစစ်ဆေးမှုများလုပ်နေပြီး ‘လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေ’ ဟု တပ်လှန့်ထားကြောင်း စုံစမ်းသိရှိရသည်။

    လက်ရှိတွင် ဦးကွန်မင်းကို NUG ဘက်ကရာထူးအားလုံးမှ ယာယီရပ်ဆိုင်းလိုက်ပြီး ၎င်းနှင့် အဆက်အသွယ် ဖြတ်တောက်ထားရန် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဝန်ကြီးဌာနများကို ယမန်နေ့က ညွှန်ကြားထားကြောင်း သိရှိရသည်။

    “သူ့ Signal ကနေ ဆက်သွယ်ခိုင်းနေတာမှာ NUG ဘက်က ရိပ်မိပြီး ဦးကွန်မင်းရဲ့ Signal ကို ဖြတ်တောက်လိုက်တယ်” ဟု သတင်းအရင်းအမြစ်ကဆိုသည်။

    ဦးကွန်မင်းဆိုတာဘယ်သူလဲ

    NUG တပ်များကို မိန့်ခွန်းပြောနေသည့် ဦးကွန်မင်း (ဓာတ်ပုံ- NUG )

    ‘ဦးကွမ်မင်း’ ဟုလည်းတစ်ခါတစ်ရံတွင် သတင်းဌာနများက သုံးနှုန်းကြသည့် ‘ဦးကွန်မင်း’သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အလယ်အလတ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

    သူသည်လူမြင်ကွင်းရှေ့ထွက်လေ့မရှိဘဲ လူသိနည်းသော်လည်း မြေပြင်စစ်ရေးလှုပ်ရှားမှုများတွင် အဓိကကျသူတစ်ယောက်ဖြစ်ပြီး စစ်တပ်၏အလိုအရှိဆုံးစာရင်း၌ ထိပ်ဆုံးတွင်ပါဝင်သည်။

    ဟစ်ဟော့အဆိုတော်နှင့် NLD အမတ် ဦးဖြိုးဇေယျာသော်ကို ဖမ်းမိကြောင်း စစ်တပ်က ၂၀၂၁ နိုဝင်ဘာလအတွင်းက သတင်းထုတ်ပြန်စဉ်တွင် ‘ဦးကွမ်မင်း’ သည် ဦးဖြိုးဇေယျာသော်ဦးဆောင်သည့် ရန်ကုန်မြို့တွင်းတော်လှန်ရေးလှုပ်ရှားမှု၏ နောက်ကွယ်မှ အရေးပါသူအဖြစ် ပုံဖော်ခဲ့သည်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏သတင်းထုတ်ပြန်ချက်များတွင်လည်း ဦးကွန်မင်း၏ မျက်နှာကိုဖျက်ထားပြီး သူ၏လှုပ်ရှားမှုများကိုသာ ထုတ်ပြန်လေ့ရှိသည်။

    ဦးကွန်မင်း NUG အာဏာသက်ရောက်သည့် စစ်ကိုင်းတိုင်းအတွင်းမှ နယ်မြေများတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ လှုပ်ခဲ့သည့် ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်ခဲ့သူဟု NUG က သတင်းထုတ်ပြန်ဖူးသည်။

    “ဦးကွန်မင်းက ပြည်ထဲရေးအတွက် တော်တော်အရေးပါတယ်။ အင်္ဂလိပ်စာရော ၊ နိုင်ငံရေးအတွေးအခေါ်ရော ၊ စကားပြောရောတော်တဲ့သူပေါ့။ အရင်သူက KNU တပ်မဟာ ၅ ဘက်မှာရှိနေတာ။ အဲဒီကနေ အညာကို သွားတာက ပြည်ထဲရေးအတွက်လိုအပ်ချက်ရှိလို့ ရုံးအဖွဲ့တစ်ခုလုံးရွှေ့သွားတာ” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကဆိုသည်။

    ဦးကွန်မင်းကို စစ်တပ်အမှန်တကယ်ဖမ်းဆီးသွားသည်ဆိုပါက NUG အတွက် အထိနာမည့် ဆုံးရှုံးမှု ဖြစ်လာနိုင်သည်။ ထို့အပြင် NUG ၏သက်တမ်းလေးနှစ်ကျော်အတွင်း စစ်တပ်ဖမ်းမိသည့် ပထမဆုံး အဆင့်မြင့်အစိုးရအရာရှိလည်းဖြစ်လာမည်။

    ဦးကွန်မင်းသည် စစ်တပ်ကိုအထိနာစေသည့် လက်နက်ကိုင်တိုက်ခိုက်မှုများကို ဦးဆောင်သည့် NUG ပြည်ထဲရေးတွင် အရေးပါသူဖြစ်ပြီး ဝန်ကြီးဦးလွင်ကိုလတ်၏ ညာလက်ရုံးအဖြစ်လည်း တော်လှန်ရေးတပ်များအကြား နားလည်ထားကြသည်။

    ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့နယ်ထဲက နေရာများအား သွားရောက်ကြည့်ရှုနေသည့်ဦးကွန်မင်း
    (ဓာတ်ပုံ – NUG)

    သူသည် NUG ၏ထိပ်ပိုင်းခေါင်းဆောင်များနှင့် မြေပြင်တော်လှန်ရေးတပ်များအကြား ချိတ်ဆက်ရာတွင် အဓိကကျသည့်နေရာမှ ပါဝင်သည်ဟု စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်များကဆိုသည်။

    NUG ပြည်ထဲရေး ရဲဘော်များသည် စစ်ကော်မရှင်တပ် စိုးမိုးနယ်မြေများတွင် ဝင်ရောက်လှုပ်ရှားတတ်သဖြင့် ဦးကွန်မင်းအဖမ်းခံရခြင်းကြောင့် NUG ပြည်ထဲရေးကွပ်ကဲမှုအောက်ရှိ ရဲဘော်များအပေါ်လည်း သက်ရောက်မှုရှိလာနိုင်ကြောင်း NUG သတင်းရင်းမြစ်အချို့က သုံးသပ်သည်။

    ဦးကွန်မင်းဆီက ပေါက်ကြားလာတဲ့ သတင်းတွေနဲ့ အခု MoHAI(NUG ပြည်ထဲရေး) အောက်က ပကဖ တည်နေရာတွေကို ဗုံးကြဲမှုတွေ လုပ်နေတယ်ကြားတယ်” ဟု NUG ပြည်ထဲရေးဌာနမှ သတင်းအရင်းအမြစ်က ပြောသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဌာန အမြဲတမ်းအတွင်းဝန် ဦးကွန်မင်း သည် ခရီးသွားနေစဉ်အတွင်း အဆက်အသွယ်ပြတ်သွားသဖြင့် လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေကြောင့် ဝန်ကြီးချုပ်အမိန့်ဖြင့် ၎င်းအား တာဝန်များမှ ရပ်ဆိုင်းထားကြောင်း သိရသည်။

    ၎င်းသည် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာများတွင် တာဝန်ယူရသူဖြစ်၍ ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်းများအား သတိပေးနှိုးဆော်ထားကြောင်း ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်တဦးက ပြောသည်။

    ထိုသို့ အဆက်အသွယ်ပြတ်တောက်နေသည်မှာ တပတ်ခန့်ရှိနေပြီဖြစ်ကာ ရှမ်းမြောက်နှင့် ရှမ်းတောင်ကြား၌ ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်းပြောဆိုကြပြီး ၎င်းနှင့် အဆက်အသွယ်လုပ်ထားသည့် ချန်နယ်များမှ ယာယီထုတ်ပယ်ထားရန်လည်း အစိုးရအဖွဲ့အတွင်း သတိပေးချက်များ ရှိသည်။

    ဒေသန္တရအုပ်ချုပ်ရေးပိုင်းတွင် အဓိကကျသူ ဦးကွန်မင်း သည် စစ်ရေးပိုင်း၌ မပါဝင်သော်လည်း NUG လက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲများသို့ ဝန်ကြီးဦးလွင်ကိုလတ်နှင့်အတူ တက်ရောက်လေ့ရှိသည်။