စစ်တပ်အလိုအရှိဆုံး စာရင်းဝင် NUG စစ်ရေးခေါင်းဆောင်ပျောက်ဆုံးနေပြီး ဖမ်းခံထားရဟု သံသယရှိနေ
NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ပြည်ထဲရေးအတွင်းဝန်ပျောက်ဆုံးနေပြီး သူ့အားစစ်တပ်ကဖမ်းမိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သံသယရှိနေကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်ရေးလှုပ်ရှားမှုများတွင် အရေးပါသည့် ပြည်ထဲရေးနှင့် လ.ဝ.က အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းပျောက်ဆုံးနေပြီး သူ့အားစစ်တပ်ကဖမ်းမိထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သံသယရှိနေကြသည်။
ဦးကွန်မင်းသည် လူမြင်ကွင်းရှေ့ထွက်လေ့မရှိဘဲ လူသိနည်းသော်လည်း မြေပြင်စစ်ရေး လှုပ်ရှားမှုများတွင် အဓိကကျသူတစ်ယောက်ဖြစ်ပြီး စစ်တပ်၏အလိုအရှိဆုံးစာရင်းတွင် ထိပ်ဆုံးမှပါဝင်သည်။

ဦးကွန်မင်းသည် နိုဝင်ဘာလ၊ လကုန်ပိုင်း (သို့မဟုတ်) ဒီဇင်ဘာလ အစောပိုင်းတွင် ခရီးသွားနေစဉ် ပျောက်ဆုံးသွားသည်ဟု NUG ပြည်ထဲရေးဌာနမှ သတင်းအရင်းအမြစ်ကဆိုသည်။
သီတင်းတစ်ပတ်ကြာမြင့်သည့် ဒီဇင်ဘာလ ၇ ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်းလည်း ၎င်းကဆိုသည်။
စစ်တပ်က ဦးကွန်မင်းကို မြန်မာမြန်မာပြည်မြောက်ပိုင်း တစ်နေရာတွင်ဖမ်းဆီးခဲ့ခြင်းဖြစ်နိုင်ကြောင်း လက်ရှိတွင် စစ်ကြောရေးတွင် စစ်ဆေးနေဖွယ်ရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။ စစ်ကိုင်းတိုင်းအတွင်းမှ နောက်ထပ်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဦးကွန်မင်းကို စစ်တပ်က စစ်ကိုင်းတိုင်း နှင့်ရှမ်းမြောက်အစပ်တွင် ဖမ်းဆီးသွားသည်ဟု သီးခြားအတည်ပြုသည်။
ဦးကွန်မင်းစစ်တပ်လက်ထဲ ရောက်နေသည့်သတင်းကို သီးခြား အတည်မပြုနိုင်သော်လည်း သူပျောက်ဆုံးနေကြောင်းကိုတော့ အတည်ပြုနိုင်သည်။
ဦးကွန်မင်းပျောက်ဆုံးမှုကို NUG ဘက်က အရေးပေါ်စုံစမ်းစစ်ဆေးမှုများလုပ်နေပြီး ‘လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေ’ ဟု တပ်လှန့်ထားကြောင်း စုံစမ်းသိရှိရသည်။
လက်ရှိတွင် ဦးကွန်မင်းကို NUG ဘက်ကရာထူးအားလုံးမှ ယာယီရပ်ဆိုင်းလိုက်ပြီး ၎င်းနှင့် အဆက်အသွယ် ဖြတ်တောက်ထားရန် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဝန်ကြီးဌာနများကို ယမန်နေ့က ညွှန်ကြားထားကြောင်း သိရှိရသည်။
“သူ့ Signal ကနေ ဆက်သွယ်ခိုင်းနေတာမှာ NUG ဘက်က ရိပ်မိပြီး ဦးကွန်မင်းရဲ့ Signal ကို ဖြတ်တောက်လိုက်တယ်” ဟု သတင်းအရင်းအမြစ်ကဆိုသည်။
ဦးကွန်မင်းဆိုတာဘယ်သူလဲ

‘ဦးကွမ်မင်း’ ဟုလည်းတစ်ခါတစ်ရံတွင် သတင်းဌာနများက သုံးနှုန်းကြသည့် ‘ဦးကွန်မင်း’သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အလယ်အလတ်ခေါင်းဆောင်တစ်ဦးဖြစ်သည်။
သူသည်လူမြင်ကွင်းရှေ့ထွက်လေ့မရှိဘဲ လူသိနည်းသော်လည်း မြေပြင်စစ်ရေးလှုပ်ရှားမှုများတွင် အဓိကကျသူတစ်ယောက်ဖြစ်ပြီး စစ်တပ်၏အလိုအရှိဆုံးစာရင်း၌ ထိပ်ဆုံးတွင်ပါဝင်သည်။
ဟစ်ဟော့အဆိုတော်နှင့် NLD အမတ် ဦးဖြိုးဇေယျာသော်ကို ဖမ်းမိကြောင်း စစ်တပ်က ၂၀၂၁ နိုဝင်ဘာလအတွင်းက သတင်းထုတ်ပြန်စဉ်တွင် ‘ဦးကွမ်မင်း’ သည် ဦးဖြိုးဇေယျာသော်ဦးဆောင်သည့် ရန်ကုန်မြို့တွင်းတော်လှန်ရေးလှုပ်ရှားမှု၏ နောက်ကွယ်မှ အရေးပါသူအဖြစ် ပုံဖော်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏သတင်းထုတ်ပြန်ချက်များတွင်လည်း ဦးကွန်မင်း၏ မျက်နှာကိုဖျက်ထားပြီး သူ၏လှုပ်ရှားမှုများကိုသာ ထုတ်ပြန်လေ့ရှိသည်။
ဦးကွန်မင်း NUG အာဏာသက်ရောက်သည့် စစ်ကိုင်းတိုင်းအတွင်းမှ နယ်မြေများတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ လှုပ်ခဲ့သည့် ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းများကို ဦးဆောင်ခဲ့သူဟု NUG က သတင်းထုတ်ပြန်ဖူးသည်။
“ဦးကွန်မင်းက ပြည်ထဲရေးအတွက် တော်တော်အရေးပါတယ်။ အင်္ဂလိပ်စာရော ၊ နိုင်ငံရေးအတွေးအခေါ်ရော ၊ စကားပြောရောတော်တဲ့သူပေါ့။ အရင်သူက KNU တပ်မဟာ ၅ ဘက်မှာရှိနေတာ။ အဲဒီကနေ အညာကို သွားတာက ပြည်ထဲရေးအတွက်လိုအပ်ချက်ရှိလို့ ရုံးအဖွဲ့တစ်ခုလုံးရွှေ့သွားတာ” ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကဆိုသည်။
ဦးကွန်မင်းကို စစ်တပ်အမှန်တကယ်ဖမ်းဆီးသွားသည်ဆိုပါက NUG အတွက် အထိနာမည့် ဆုံးရှုံးမှု ဖြစ်လာနိုင်သည်။ ထို့အပြင် NUG ၏သက်တမ်းလေးနှစ်ကျော်အတွင်း စစ်တပ်ဖမ်းမိသည့် ပထမဆုံး အဆင့်မြင့်အစိုးရအရာရှိလည်းဖြစ်လာမည်။
ဦးကွန်မင်းသည် စစ်တပ်ကိုအထိနာစေသည့် လက်နက်ကိုင်တိုက်ခိုက်မှုများကို ဦးဆောင်သည့် NUG ပြည်ထဲရေးတွင် အရေးပါသူဖြစ်ပြီး ဝန်ကြီးဦးလွင်ကိုလတ်၏ ညာလက်ရုံးအဖြစ်လည်း တော်လှန်ရေးတပ်များအကြား နားလည်ထားကြသည်။

(ဓာတ်ပုံ – NUG)
သူသည် NUG ၏ထိပ်ပိုင်းခေါင်းဆောင်များနှင့် မြေပြင်တော်လှန်ရေးတပ်များအကြား ချိတ်ဆက်ရာတွင် အဓိကကျသည့်နေရာမှ ပါဝင်သည်ဟု စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်များကဆိုသည်။
NUG ပြည်ထဲရေး ရဲဘော်များသည် စစ်ကော်မရှင်တပ် စိုးမိုးနယ်မြေများတွင် ဝင်ရောက်လှုပ်ရှားတတ်သဖြင့် ဦးကွန်မင်းအဖမ်းခံရခြင်းကြောင့် NUG ပြည်ထဲရေးကွပ်ကဲမှုအောက်ရှိ ရဲဘော်များအပေါ်လည်း သက်ရောက်မှုရှိလာနိုင်ကြောင်း NUG သတင်းရင်းမြစ်အချို့က သုံးသပ်သည်။
ဦးကွန်မင်းဆီက ပေါက်ကြားလာတဲ့ သတင်းတွေနဲ့ အခု MoHAI(NUG ပြည်ထဲရေး) အောက်က ပကဖ တည်နေရာတွေကို ဗုံးကြဲမှုတွေ လုပ်နေတယ်ကြားတယ်” ဟု NUG ပြည်ထဲရေးဌာနမှ သတင်းအရင်းအမြစ်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီး ကြပ်ရေးဌာန အမြဲတမ်းအတွင်းဝန် ဦးကွန်မင်း သည် ခရီးသွားနေစဉ်အတွင်း အဆက်အသွယ်ပြတ်သွားသဖြင့် လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေကြောင့် ဝန်ကြီးချုပ်အမိန့်ဖြင့် ၎င်းအား တာဝန်များမှ ရပ်ဆိုင်းထားကြောင်း သိရသည်။
၎င်းသည် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာများတွင် တာဝန်ယူရသူဖြစ်၍ ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်းများအား သတိပေးနှိုးဆော်ထားကြောင်း ယုံကြည်စိတ်ချရသည့် သတင်းရင်းမြစ်တဦးက ပြောသည်။
ထိုသို့ အဆက်အသွယ်ပြတ်တောက်နေသည်မှာ တပတ်ခန့်ရှိနေပြီဖြစ်ကာ ရှမ်းမြောက်နှင့် ရှမ်းတောင်ကြား၌ ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်းပြောဆိုကြပြီး ၎င်းနှင့် အဆက်အသွယ်လုပ်ထားသည့် ချန်နယ်များမှ ယာယီထုတ်ပယ်ထားရန်လည်း အစိုးရအဖွဲ့အတွင်း သတိပေးချက်များ ရှိသည်။
ဒေသန္တရအုပ်ချုပ်ရေးပိုင်းတွင် အဓိကကျသူ ဦးကွန်မင်း သည် စစ်ရေးပိုင်း၌ မပါဝင်သော်လည်း NUG လက်အောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းဆင်းပွဲများသို့ ဝန်ကြီးဦးလွင်ကိုလတ်နှင့်အတူ တက်ရောက်လေ့ရှိသည်။


Leave a Reply