Category: News

  • ဗန်၏ ပထမဆုံးချန်ပီယံကာကွယ်ပွဲက ဂျပန်ဖိုက်တာ တက်ဆူရိုနှင့် ဖြစ်လာနိုင်

    ဗန်၏ ပထမဆုံးချန်ပီယံကာကွယ်ပွဲက ဂျပန်ဖိုက်တာ တက်ဆူရိုနှင့် ဖြစ်လာနိုင်

    မြန်မာပြည်ဖွား ချင်းတိုင်းရင်းသားဖိုက်တာ UFC ချန်ပီယံသစ် ဂျိုရှုဗန်ရဲ့ ပထမဆုံး ချန်ပီယံကာကွယ်ပွဲက ဂျပန်ဖိုက်တာ တက်ဆူရိုနဲ့ ဖြစ်လာနိုင်တယ်လို MMA သုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။

    ဗန်ဟာ မနေ့ကထိုးသတ်ခဲ့တဲ့ပွဲမှာ ပြိုင်ဘက် ပန်တိုဂျာက ပုခုံးအဆစ်လွဲတဲ့ဒဏ်ရာ ရသွားတာကြောင့် ပထမအချိန် ၂၆ စက္ကန့်မှာ အနိုင်ရပြီး UFC ဖလိုင်းဝိတ် ကမ္ဘာ့ချန်ပီယံ ဖြစ်လာတာပါ။

    ပန်တိုဂျာနဲ့ မကျေပွဲ သေချာပေါက် ထိုးသတ်သွားဦးမှာဖြစ်ပေမဲ့ ဘယ်အချိန်မှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာမလဲ မသိသေးတာကြောင့် ဗန်ဟာ ဒီကြားထဲမှာ တခြား ပြိုင်ဘက်တယောက်နဲ့ ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ဖို့ ရှိနိုင်တာပါ။

    ဗန်ရဲ့ နောက်ထပ်ပြိုင်ဘက်ဖြစ်လာနိုင်သူက UFC 323 ပွဲမှာပဲ ဖလိုင်းဝိတ်တန်းရဲ့ နံပါတ် ၂ ဘရန်ဒန်မိုရီနိုကို အနိုင်ယူခဲ့တဲ့ ဂျပန်ဖိုက်တာ တက်ဆူရိုတာရီယာပါ။

    တက်ဆူရိုနဲ့ ဗန်တို့ဟာ ၂၀၂၄ ခုနှစ်က UFC 302 မှာ ထိုးသတ်ဖို စီစဉ်ခဲ့ပေမဲ့ ပျက်ပြယ်သွားခဲ့တာပါ။

    တက်ဆူရိုက MMA ၁၉ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ၁၈ ပွဲ အနိုင်ရထားပါတယ်။ ဗန်ထက် တနှစ်ကြီးပြီး အရပ် ၂ လက်မပိုမြင့်တဲ့ တက်ဆူရို ကိုယ်တိုင်ကလည်း ဗန်ရဲ့ ချန်ပီယံကာကွယ်ပွဲ အတွက် ပထမဆုံးပြိုင်ဘက်က သူဖြစ်လာမယ်လို့ မိုရီနိုကို အနိုင်ရတဲ့ပွဲအပြီးမှာ ပြောပါတယ်။

    UFC ဥက္ကဋ္ဌ ဒေနာဝှိုက်ကတော့ ဂျပန်နိုင်ငံမှာ UFC ပွဲ ပြန်လည်ကျင်းပဖို့ စိတ်ကူးရှိကြောင်း တရားဝင် ပြောထားပြီး ဗန်နဲ့ တက်ဆူရိုတို့ရဲ့ ချန်ပီယံလုပွဲ ဖြစ်လာမယ်ဆိုရင် ဂျပန်နိုင်ငံမှာ ကျင်းပသွားဖို့ ရှိပါတယ်။

  • ထရမ့်ရဲ့ မဟာဗျူဟာ မူဝါဒ အပြောင်းအလဲတွေက ရုရှားအမြင်နဲ့ အရမ်းကိုက်ညီတယ်လို့ ရုရှားချီးကျူး

    ထရမ့်ရဲ့ မဟာဗျူဟာ မူဝါဒ အပြောင်းအလဲတွေက ရုရှားအမြင်နဲ့ အရမ်းကိုက်ညီတယ်လို့ ရုရှားချီးကျူး

    အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာ မူဝါဒ အသစ်ဟာ ရုရှားရဲ့ သဘောထား အမြင်၊ အတွေးအခေါ်တွေနဲ့ အများကြီး ကိုက်ညီကြောင်း ရုရှား အစိုးရက ချီးကျူး ပြောဆိုလိုက်ပါတယ်။

    ရုရှား သမ္မတ အိမ်တော်ဖြစ်တဲ့ ကရင်မလင်နန်းတော်က သဘောထား မှတ်ချက် ပေးခဲ့ရာမှာတော့ ဒီဇင်ဘာ ၅ ရက်နေ့မှာ အိမ်ဖြူတော်ဆီကနေ ထွက်ပေါ်လာတဲ့ မူဝါဒ သဘောထားတွေကို ထောက်ခံ ကြိုဆိုထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သဘောထား မှတ်ချက်တွေမှာတော့ အမေရိကန်ဟာ မဟာမိတ် ဥရောပ သမဂ္ဂ (EU)ကို ဝေဖန်ထားခဲ့ပြီး ရုရှားနဲ့ ဆက်ဆံရေး မြှင့်တင်လိုတဲ့ သဘောထားတွေကို သိသိသာသာ ပြသထားခဲ့ပါတယ်။

    စာမျက်နှာ ၃၃ မျက်နှာ ပါဝင်တဲ့ အမျိုးသား လုံခြုံရေး မဟာဗျူဟာ အသစ်ဟာ သမ္မတ ထရမ့်က ကမ္ဘာကြီးအပေါ် ရှုမြင်ပုံတွေနဲ့ ကမ္ဘာ့ အခင်းအကျင်းတွေကို စီမံကိုင်တွယ်ရာမှာ အမေရိကန်ရဲ့ စစ်ရေးနဲ့ စီးပွားရေး အင်အားကို သူက ဘယ်လို အသုံးချဖို့ ရည်ရွယ်သလဲ ဆိုတာတွေကို ထုတ်နုတ်ပြထားတာ ဖြစ်ပါတယ်။

    ထရမ့်က အဲဒီ မဟာဗျူဟာ အခင်းအကျင်းတွေဟာ လူ့သမိုင်းမှာ အထူးကဲဆုံးနဲ့ အအောင်မြင်ဆုံး နိုင်ငံအဖြစ် အမေရိကန်ရဲ့ ရပ်တည်မှုကို ဆက်လက် တည်တံ့စေမယ့် လမ်းပြမြေပုံလို့လည်း ညွှန်းဆိုခဲ့ပါတယ်။

    သူ့ရဲ့ မူဝါဒတွေထဲမှာ အနောက်နိုင်ငံတွေရဲ့ ဝိသေသတွေကို ပြန်လည် ဖော်ဆောင်ဖို့၊ နိုင်ငံခြား လွှမ်းမိုးမှုတွေကို တိုက်ဖျက်ဖို့၊ အလွန်အကျွံ ရွှေ့ပြောင်း အခြေချနေတာတွေကို တားဆီးဖို့၊ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို ဖြိုခွင်းတာ အပါအဝင် အမေရိကန် အကျိုးစီးပွားကို ဗဟိုပြုတဲ့ လုပ်ငန်းစဉ်တွေမှာ ပိုပြီး အားထည့်လုပ်ဆောင်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။ ပြီးတော့ EUရဲ့ လက်ရှိ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်သွားနေမယ်ဆိုရင် နောက်ထပ် နှစ် ၂၀ အတွင်း ဥရောပဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားလိမ့်မယ်လို့ ထရမ့်က ဝေဖန်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ဥရောပရဲ့ ယဉ်ကျေးမှု ထုံးစံတွေ ပျက်သုဉ်းပျောက်ကွယ်သွားတာမျိုးပါ ဖြစ်နိုင်တယ်လို့ ထရမ့်က ဆိုပါတယ်။

    ထရမ့်ရဲ့ မူဝါဒ အသစ်တွေနဲ့ ပတ်သက်ပြီး ဥရောပဖက်ကတော့ မကျေမနပ် တုံ့ပြန်တဲ့ သဘောထားမှတ်ချက်တချို့ ထွက်ပေါ်ခဲ့ပြီး ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဂျိုဟန်း ဝေ့ဒ်ဖူလ်က ဂျာမနီရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လိုပြင်ပ အကြံပေးချက်မှ မလိုဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

    ဒါပေမဲ့ ရုရှားကတော့ ထရမ့်ရဲ့ အဲဒီ အမျိုးသား လုံခြုံရေး မဟာဗျူဟာကို ချီးကျူးခဲ့ပြီး အမေရိကန်ရဲ့ မူဝါဒ ပြင်ဆင် ပြောင်းလဲလာမှုတွေ အများအပြားဟာ ရုရှားက လက်ခံထားတဲ့ သဘောတရားတွေနဲ့ အများကြီး ကိုက်ညီတယ်လို့ ယုံကြည် လက်ခံထားကြောင်း ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က မှတ်ချက်ပေးခဲ့ပါတယ်။

    ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲကို ရပ်ဆိုင်းစေဖို့ အမေရိကန် အစိုးရက ကြားဝင် စေ့စပ်ပေးနေတဲ့ အချိန်မှာ အမေရိကန်ရဲ့ မူဝါဒ အပြောင်းအလဲကို ရုရှားက ထောက်ခံကြောင်း ထုတ်ဖော် ကြေညာခဲ့တာပါ။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ဒီဇင်ဘာ ၈ ရက်နေ့ကျရင် လန်ဒန်မှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

    ကိုးကား: Guardian

    ဓာတ်ပုံ – Getty Images, State Emergency Service Of Ukraine/Reuters

  • လှည်းတန်းမှာ Bluetooth Speakerနဲ့ ဆန္ဒပြ

    လှည်းတန်းမှာ Bluetooth Speakerနဲ့ ဆန္ဒပြ

    ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ လှည်းတန်းဈေးအနီးမှာ Bluetooth Speaker နဲ့ တော်လှန်ရေးသီချင်းဖွင့်ပြီး ဆန္ဒပြတာကို ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

    “တော်လှန်ရေးသီချင်းကို Bluetooth ဆောင်းဘောက်နဲ့ ဖွင့်ထားလို့ဆိုလားပဲ။လှည်းတန်းစျေးရှေ့ လမ်းကို ပိတ်ထားတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။

    ဒီနေ့(ဒီဇင်ဘာ ၇ရက်) ည ၇နာရီလောက်မှာ လှည်းတန်းမှာ ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့ခဲ့ပေမယ့် ရိုးရိုးစပီတာတစ်ခုဖြစ်တာကြောင့် သိမ်းဆည်းသွားတယ်လို့ Rangoon Scout Network -RSN က ထုတ်ပြန်ထားပါတယ်။

    “သပိတ်လှုပ်ရှားသူများက Bluetooth Speaker ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး စပီကာပေါ်တွင် ‘မထိရ မကိုင်ရ’ စသဖြင့် စာချိတ်ဆွဲထားသောကြောင့် အကြမ်းဖက်စစ်သားများ လမ်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်”လို့ RSN ကအသိပေးထားပါတယ်။

    စစ်ကောင်စီတပ်က လမ်းပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာကြောင့် ကားလမ်းတွေပိတ်တာကိုကြုံခဲ့ရတယ်လို့ YBS စီးနင်းသူ‌တွေကလည်း ပြောပါတယ်။

    ဒီဇင်ဘာ ၁၀ရက်မှာ ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

    အသံတိတ်သပိတ်ကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိပြုလုပ်မှာဖြစ်ပြီး အဲဒီ့အချိန်တွေမှာ ပြည်သူတွေအနေနဲ့ အပြင်မထွက်ပဲနေကြဖို့ တိုက်တွန်းထားပါတယ်။

    (ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ လှည်းတန်းကားမှတ်တိုင်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ – PS)

  • အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး

    အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး

    မဲဆောက်မှာပြုလုပ်တဲ့ အဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ရဲ့ ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုသူနည်းပါး

    ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ပြုလုပ်တဲ့ ကျောက်ဖော့ဖဝေါရိုးရာပွဲတော် ဖျော်ဖြေပွဲမှာ မြန်မာအဆိုတော် အိမ့်ချစ်နဲ့ ဝေလတို့ လာရောက်သီဆိုဖျော်ဖြေပေမဲ့ မြန်မာအသိုင်းအဝိုင်းက သွားရောက်ကြည့်ရှုသူ မရှိသလောက် နည်းပါးခဲ့တယ်လို့ မဲဆောက် မြန်မာအသိုင်းအဝန်းဆီက သိရပါတယ်။

    ဒီဖျော်ဖြေပွဲကို မဲဆောက်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (အမ်ဖိုရုံး) ဝင်းအတွင်းမှာ ဒီနေ့ ဒီဇင်ဘာ ၆ ရက်နဲ့ မနက်ဖြန် ဒီဇင်ဘာ ၇ ရက် နှစ်ရက်ဆက်ကျင်းပမှာဖြစ်ပြီး မြန်မာအဆိုတော်တွေဖြစ်တဲ့ အိမ့်ချစ်၊ မေလသံစဉ်၊ ဝေလနဲ့ နောနော်တို့လည်း ပါဝင်သီဆိုကြမှာ ဖြစ်ပါတယ်။

    ဒါပေမဲ့ ကျောက်ဖော့ဖဝေါရိုးရာပွဲတော် ဖျော်ဖြေပွဲမှာ မြန်မာနိုင်ငံကနေ လာရောက်သီဆိုဖျော်ဖြေသူတွေဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် လာရောက်မဲပေးဖို့ စည်းရုံးလှုံ့ဆော်ရာမှာ ပါဝင်ထားကြသူတွေဖြစ်တာကြောင့် သွားရောက်ကြည့်ရှုတာမျိုးမလုပ်ဘဲ သပိတ်မှောက်ကြဖို့ကို Fncc Burma Fact Check Community က တိုက်တွန်းထားပါသေးတယ်။

    စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်အုပ်စုနဲ့ ပူးပေါင်းပါဝင်နေပြီး စစ်အုပ်စုအလိုကျ လုပ်ဆောင်နေတဲ့ သရုပ်ဆောင်အနုပညာရှင်တွေ၊ ဟာသသရုပ်တွေနဲ့ အဆိုတော်တွေကို လူမှုရေးပြစ်ဒဏ် (Boycott) လုပ်ဆောင်ဖို့ တော်လှန်ရေးမှာပါဝင်နေတဲ့ အင်အားစုတွေကလည်း တိုက်တွန်းမှုတွေ ရှိနေပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်ကလည်း အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့ အဆိုတော်ယုန်လေး စီစဉ်ရိုက်ကူးတဲ့ “မြို့ပြထဲကလမ်းမ” ရုပ်ရှင်ဇာတ်ကားကို Boycott လုပ်ဖို့ တိုက်တွန်းမှုတွေရှိခဲ့သလို ပြည်သူတွေကလည်း သွားရောက်မကြည့်ရှုခဲ့တာကြောင့် ရုပ်ရှင်ရုံတင်တဲ့ ပထမနေ့မှာတင် ရုံပိတ်လိုက်ရပါသေးတယ်။

    ဓာတ်ပုံ – အောင်အောင်

  • လားရှိုးတွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးနည်း ပညာပေး

    လားရှိုးတွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကော်မရှင်က မဲပေးနည်း ပညာပေး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်က ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ရွာတချို့ကို ဒီဇင်ဘာ ၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မဲပေးနည်း အသိပညာပေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဒီဇင်ဘာ ၃ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ MNDAA ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရွာတွေကို မိုင်းရယ် အခြေစိုက် စစ်ကောင်စီတပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရောက်ရှိလာပြီး EVM စနစ်နဲ့ မဲပေးနည်းတွေ လာရောက် အသိပေးသွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

    “လားရှိုးနဲ့ မိုင်းရယ်ကြားက ရွာတွေခင်ဗျ။ ရွာ ဘယ်နှရွာလောက်ဆိုတာ မကြားမိဘူး။ အနီးဆုံး မယ်ဟန်ဘက်ရော။ ဟိုယ၊ လွယ်ငင်း၊ နမ့်ပေါင်၊ သံလွင်၊ မန်ပျဉ်၊ ခါးသျှိ၊ မယ်ဟန်” လို့ သူက ပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေ ဝင်ရောက်လာချိန်မှာ MNDAA တပ်ဖွဲ့တွေ လုံခြုံရေး လိုက်ပါလာပြီး MNDAA ခန့် နမ့်ပေါင်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ မဲပေးပုံအကြောင်း ဆွေးနွေး ဟောပြောသွားတာလို့ ဆိုပါတယ်။

    လားရှိုးမြို့နယ်က MNDAA ထိန်းချုပ်ထားတဲ့ ရွာတွေလည်း အဆင်ပြေသလို ရွေးကောက်ပွဲ လုပ်သွားမယ့်ပုံ တွေ့မြင်ရပြီး လားရှိုးမြို့ပေါ်ရော မြို့ပြင်ပါ ရွေးကောက်ပွဲ ပထမအကြိမ်မှာ ပါဝင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “နမ့်ပေါင် တို့၊ မယ်ဟန် တို့လည်း ပါတယ်။ ဟုတ်တယ် သေချာတယ်။ အခုပဲ သူတို့ မနက် မနက်ဆို ရွာတွေကို အရေးပေါ် စာရင်း သွားသွားကောက်တာပေါ့လေ။ အိမ်ထောင်စု စာရင်းယူပြီးတော့ တခါတည်း သူတို့ သိတဲ့အတိုင်းပဲ အရေးပေါ် ပုံစံလိုမျိုး လုပ်ဖြစ်အောင် လုပ်မှာပဲ” လို့ သူက ပြောပါတယ်။

    ရပ်ကျေးက လွှတ်ထားတဲ့ ဝန်ထမ်းတချို့ကို အဲဒီဒေသမှာ MNDAA တပ်ဖွဲ့တွေနဲ့ ပေါင်းပြီးတော့ တအိမ်တက်ဆင်း မြို့ပေါ်မှာ လုပ်သလို အရေးပေါ် ပုံစံလိုမျိုးလုပ်မယ့် သဘောရှိတယ်လို့ သူက ပြောပါတယ်။

    မဲစာရင်းကပ်ထားတာကို လာကြည့်သူ မရှိသလောက် နည်းပါးနေပြီး ဒီဇင်ဘာ ၁ ရက်ကစ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်ကောင်စီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ လဝကတွေက တအိမ်တက်ဆင်း အိမ်ထောင်စုစာရင်းနဲ့ မဲစာရင်း ပါ၊ မပါ လိုက်လံ စစ်ဆေးနေတာလို့ ဆိုပါတယ်။

    မဲစာရင်း မှန်ကန်မှုရှိစေရေး လားရှိးမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုတွေ အပါအဝင် နောင်ချို၊ သီပေါ၊ ကျောက်မဲနဲ့ မိုင်းရယ်မြို့တွေမှာ တာဝန်ရှိသူတွေက မဲစာရင်းမှန်ကန်မှုရှိစေရေး door to door လိုက်လံစစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်ဆီကတဆင့် ပြန်တောင်းယူခဲ့ပြီးနောက် လားရှိုးမြို့နယ်ရှိ ကျေးရွာတွေကိုတော့ MNDAA က ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

    Photo: CJ