လှည်းတန်းမှာ Bluetooth Speakerနဲ့ ဆန္ဒပြ

ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ လှည်းတန်းဈေးအနီးမှာ Bluetooth Speaker နဲ့ တော်လှန်ရေးသီချင်းဖွင့်ပြီး ဆန္ဒပြတာကို ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလာရောက်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“တော်လှန်ရေးသီချင်းကို Bluetooth ဆောင်းဘောက်နဲ့ ဖွင့်ထားလို့ဆိုလားပဲ။လှည်းတန်းစျေးရှေ့ လမ်းကို ပိတ်ထားတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဒီနေ့(ဒီဇင်ဘာ ၇ရက်) ည ၇နာရီလောက်မှာ လှည်းတန်းမှာ ဗုံးတွေ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းတွေကိုပိတ်ဆို့ခဲ့ပေမယ့် ရိုးရိုးစပီတာတစ်ခုဖြစ်တာကြောင့် သိမ်းဆည်းသွားတယ်လို့ Rangoon Scout Network -RSN က ထုတ်ပြန်ထားပါတယ်။

“သပိတ်လှုပ်ရှားသူများက Bluetooth Speaker ဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး စပီကာပေါ်တွင် ‘မထိရ မကိုင်ရ’ စသဖြင့် စာချိတ်ဆွဲထားသောကြောင့် အကြမ်းဖက်စစ်သားများ လမ်းပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်”လို့ RSN ကအသိပေးထားပါတယ်။

စစ်ကောင်စီတပ်က လမ်းပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာကြောင့် ကားလမ်းတွေပိတ်တာကိုကြုံခဲ့ရတယ်လို့ YBS စီးနင်းသူ‌တွေကလည်း ပြောပါတယ်။

ဒီဇင်ဘာ ၁၀ရက်မှာ ကျရောက်မယ့် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

အသံတိတ်သပိတ်ကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိပြုလုပ်မှာဖြစ်ပြီး အဲဒီ့အချိန်တွေမှာ ပြည်သူတွေအနေနဲ့ အပြင်မထွက်ပဲနေကြဖို့ တိုက်တွန်းထားပါတယ်။

(ရန်ကုန်မြို့ရဲ့ လူစည်ကားတဲ့ လှည်းတန်းကားမှတ်တိုင်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ – PS)


Comments

Leave a Reply

Your email address will not be published. Required fields are marked *