Category: News

  • မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲ

    မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲ

    ဒီပဲယင်းမှာ မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲလို့ လူဒါဇင်ချီ သေဆုံး

    ဒီပဲယင်းနယ် ကျေးရွာတွေကို စစ်အုပ်စုက အကြောင်းမဲ့ တနေကုန် ဗုံးပတ်ကြဲနေ

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဒီကနေ့ ညဦးပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ဒေသခံပြည်သူ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာ ၅ရက် ည၈နာရီမှာ ဒီပဲယင်းနယ် အရှေ့ခြမ်း၊ မရကန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်အတွင်း ဘောလုံးပွဲ ကြည့်ပြီး ထိုင်နေတဲ့ ဒေသခံတွေ သေဆုံးတာလို့ ဆိုပါတယ်။

    “လက်ဖက်ရည်ဆိုင်ဆိုတော့ အထိအခိုက် များတယ်၊ သေတဲ့သူ ဆယ်ကျော်မယ်၊ ခြေပြတ်၊ လက်ပြတ်တွေ ပါတယ်၊ လတ်တလော အတည်ပြုဖို့ ခက်နေသေးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဗုံးထိမှန်လို့ လက်ဖက်ရည်ဆိုင် မီးလောင်နေပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ မရေတွက်နိုင်သေးဘူးလို့ ဆိုပါတယ်။

    ဒီကနေ့ ညနေပိုင်း ဆီးဂိမ်းပြိုင်ပွဲအဖြစ် မြန်မာ – ဖိလစ်ပိုင် အမျိုးသမီး ဘောပွဲရှိလို့ ဒေသခံတွေ လက်ဖက်ရည်ဆိုင်မှာ လာရောက်ကြည့်ရှု့ကြကာ လူစုသလို ဖြစ်နေချိန် ဘောလုံးပွဲပြီးဆုံးလို့ တစ်နာရီခန့် အကြာမှာ စစ်အုပ်စုက ဗုံးလာကြဲ သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်းကစလို့ ဒီပဲယင်းနယ် ကျေးရွာတွေကို တိုက်လေယာဉ် ငါးစီး၊ ဂျိုင်ရိုကော်ပတာ (Gyrocopter – ရဟတ်ယာဉ်ငယ်) နှစ်စီးနဲ့ အကြောင်းမဲ့ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

    ဒီကနေ့ မနက် ၁၁နာရီကနေ ညနေ ၄နာရီအတွင်း ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ကိုးကြိမ်အထိ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

    “ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်း နေရာများအား တံတားဦးနှင့် မိတ္ထီလာ လေတပ်များမှ တက်လာသော Jet Fighter များဟာ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သို့ဖြစ်ပါ၍ မိဘ ပြည်သူများ အနေဖြင့် လေကြောင်းအန္တရာယ် ဂရုစိုက်ကြပါခဗျာ” လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။

    မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုဟာ ဒီပဲယင်းနယ် အပါအဝင် စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်ခရိုင်ထဲက ကျေးရွာတွေနဲ့ နိုင်ငံဝန်းကို နေ့စဉ် ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

    ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်း စစ်အုပ်စုက ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – CJ

  • စစ်တပ်ရွေးကောက်ပွဲမတိုင်မီ EU အဖွဲ့ဝင် နှစ်နိုင်ငံက သံရုံးတွေ ပိတ်သိမ်းတော့မယ်လို့ ကြေညာ

    စစ်တပ်ရွေးကောက်ပွဲမတိုင်မီ EU အဖွဲ့ဝင် နှစ်နိုင်ငံက သံရုံးတွေ ပိတ်သိမ်းတော့မယ်လို့ ကြေညာ

    သံရုံးပိတ်သိမ်းခြင်းဟာ နိုင်ငံတကာက စစ်ကောင်စီနဲ့ ဆက်ဆံရေးကို လျှော့ချ/ဖြတ်တောက်ခြင်းအချက်ပြမှုလို့ CDM သံတမန်အရာရှိသုံးသပ်

    ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ပိတ်သိမ်းတော့မယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ၂၀၂၆ နှစ်ကုန်မှာ ပိတ်သိမ်းသွားမှာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ဆိုးရွားလာတာကြောင့် အခုလို ပိတ်သိမ်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

    ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ်လော့ကီရပ်စ်မူဆန်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစလို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေမှာ သိသိသာသာဆိုးရွားနေခဲ့ပြီး လက်ရှိမှာလည်း ပြန်ကောင်းလာဖို့ မရှိဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဒိန်းမတ်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ ကုန်သွယ်ရေးအကျိုးစီးပွား ပိုရှိစေမယ့် တခြားနေရာတွေမှာ ရင်းမြစ်တွေကို ပြန်လည်အသုံးချသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရပ်စ်မူဆန်က ဆိုပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ သံရုံးကို ပိတ်သိမ်းမယ့်ဖြစ်စဥ်ဟာ ဒိန်းမတ်သံတမန်ရေးရာပြန်လည်ပြုပြင်ဖွဲ့စည်းမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးပိတ်သိမ်းခြင်းလုပ်ငန်းစဉ်တွေကို စနစ်တကျပြုလုပ်သွားမှာဖြစ်ပြီး မပိတ်သိမ်းမီအချိန်အထိ သံရုံးဟာ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ဆောင်ရွက်သွားမယ်လို့ အသိပေးပါတယ်။

    ဒိန်းမတ်နည်းတူ နော်ဒစ်(Nordic)အဖွဲ့ဝင်ဖြစ်တဲ့ ဖင်လန်နိုင်ငံကလည်း ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံရုံးကို လာမယ့်နှစ်ထဲမှာ ပိတ်သိမ်းသွားမယ်လို့ နိုဝင်ဘာလကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာနဲ့ မဟာဗျူဟာအကြောင်းပြချက်တွေကြောင့် အစ္စလာမာဘက်၊ ကာဘူးလ်နဲ့ ရန်ကုန်တို့ရှိ သံရုံးတွေကို သမ္မတအမိန့်နဲ့ ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။

    ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတို့ရှိ နိုင်ငံရေးအခြေအနေ၊ အကန့်အသတ်ဖြစ်နေတဲ့ ကုန်သွယ်ရေး၊ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးနဲ့ဆက်စပ်တဲ့ အပြောင်းအလဲတွေကြောင့် အခုလို သံရုံးတွေ ပိတ်သိမ်းဖို့ ဖြစ်လာတာလို့ သိရပါတယ်။

    သံရုံးဖွင့်လှစ်ဆောင်ရွက်တယ်ဆိုတဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ဖို့၊ နှစ်နိုင်ငံ စီးပွားရေး နဲ့ ကုန်သွယ်ရေးကို အထောက်အကူဖြစ်စေဖို့၊ မိမိနိုင်ငံသားများအတွက် ကာကွယ်ဖို့နဲ့ ဝန်ဆောင်မှုပေးဖို့၊ ယဉ်ကျေးမှုတွေ၊ ပညာရေးတွေဖလှယ်ဖို့ ဖြစ်တယ်လို့ CDM သံတမန်အရာရှိ ဦးအောင်စိုးမိုးက ပြောပါတယ်။

    ဒီလိုသံရုံးပိတ်သိမ်းခြင်းဟာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို လျှော့ချ/ဖြတ်တောက်ခြင်းဆိုတဲ့ အချက်ပြမှုတရပ်ဖြစ်တယ်လို့ အထက်ပါ CDM သံတမန်အရာရှိက မှတ်ချက်ပြုပါတယ်။

    “ဒါက မြန်မာနိုင်ငံ တစ်နည်းအားဖြင့် စစ်ကော်မရှင်နဲ့ ဆက်ဆံရေးအားနည်းမှုကို ပိုထင်ရှားစေပြီး စစ်ကော်မရှင်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပိတ်ဆို့မှုတွေကို ထောက်ခံတဲ့ ဆုံးဖြတ်ချက်ကို ထင်ဟပ်စေပါတယ်”လို့ သူက ဆိုပါတယ်။

    ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတို့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ကတည်းက သံတမန်ဆက်ဆံရေးတွေ ထူထောင်ခဲ့ကြပေမယ့် ၂၀၁၁ နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလရောက်မှသာ ရန်ကုန်မြို့မှာ သံရုံးတွေ ဖွင့်လှစ်ခဲ့ကြတာပါ။

    အဲဒီနှစ်နိုင်ငံစလုံးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်လာစေဖို့လည်း တွန်းအားပေး ကူညီခဲ့တယ်လို့ သိရပါတယ်။

    ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံကို ပေးအပ်နေတဲ့အကူအညီတွေကို ရပ်ဆိုင်းခဲ့ကြပြီး သံတမန်ဆက်ဆံရေးလည်း လျှော့ချခဲ့ကြပါတယ်။

    အာဏာသိမ်းစစ်ကောင်စီနဲ့ သံတမန်ဆက်ဆံကောင်းမွန်တဲ့ နိုင်ငံတချို့သာရှိပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအများစုဟာ သံတမန်ဆက်ဆံရေးအဆင့်လျှော့ချကာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုခဲ့ခြင်းမရှိတာ တွေ့ရပါတယ်။

    စစ်တပ်ဟာ ဒီမိုကရေစီနည်းကျအရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းမှု ၅ နှစ်နီးပါးအကြာ ဒီလကုန်ပိုင်းမှာ ရွေးကောက်ပွဲတွေ စတင်ပြုလုပ်ဖို့ စီစဥ်ထားပြီး အဲဒီအချိန်မှာပဲ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်တို့က သူတို့ရဲ့ သံရုံးတွေကို ပိတ်သိမ်းမယ်လို့ ထုတ်ပြန်ကြေညာလာကြတာ ဖြစ်ပါတယ်။

    (ရန်ကုန်မြို့ရှိ နော်ဒစ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးများအဆောက်အအုံကို တွေ့ရစဥ်။ ဓာတ်ပုံ – နော်ဝေးသံရုံး)

  • အရာရှိ​တွေပါ​သေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ

    ဧရာဝတီတိုက်ပွဲမှာ အရာရှိ​တွေပါ​သေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်အရာရှိအချို့ ထိခိုက်သေဆုံးခဲ့ပြီး ဆေးကုသနေသူတွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ် စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ်။

    သာပေါင်းမြို့နယ်၊သာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေနဲ့ အာရက္ခတပ်တော်(AA)ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

    “တိုက်ပွဲကဆက်တိုက်ပြင်းထန်နေတာဖြစ်ပြီး စစ်တပ်ဘက်မှာ အထိအခိုက်တော်တော်များတယ်။ ပုသိမ်မှာဆေးကုနေရတဲ့သူတွေရှိသလို မင်္ဂလာဒုံစစ်ဆေးရုံကိုပို့ပြီးကုရတာတွေလည်းများတယ်။ အရာရှိတွေပါထိတော့မိသားစုဝင်တွေလည်းအလုပ်ပျက်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေက စိတ်ဓာတ်တွေကျနေပြီ။ရှေ့တန်းကတိုက်ပွဲကလည်း သတင်းကောင်းမရှိဘူး။လက်နက်တွေဆုံးတာလည်းရှိတော့ အရေးယူခံရသေးတယ်”လို့ သာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

    အခုရက်ပိုင်းဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်း စစ်တပ်ကဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂ ရက် မှာတော့ ပုသိမ်မြို့က ရွှေမြင်တင်သုဿန်မှာလုံခြုံရေးအများအပြားချပြီးသင်္ဂြိုဟ်ခဲ့ပါတယ်။

    ဧရာဝတီတိုင်းမှာတိုက်ပွဲတွေစဖြစ်တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ အာဏာသိမ်းဒုခေါင်ဆောင်ကိုယ်တိုင် ပုသိမ်မြို့ကိုရောက်ရှိလာပြီး စစ်‌ကောင်စီတပ်ဖွဲ့တင်တွေ၊ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ တိုက်ပွဲတွေမှာထွက်မပြေးဖို့ စည်းရုံးခဲ့ဖူးပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကလည်း စစ်ခေါင်းဆောင်ကိုယ်တိုင်း ဧရာဝတီတိုင်းကို ရောက်လာပြီး စည်းရုံးရေးဆင်းသွားပါသေးတယ်။

    လတ်တလောမှာ ဧရာဝတီတိုင်းအတွင်းသာပေါင်းမြို့နယ်အပြင် ရွှေသောင်ယံနဲ့လေးမျက်နှာမြို့နယ်တွေမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။

    သာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ်မ (၆၆)လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေတယ်လို့ AA က နိုဝင်ဘာလ၁၁ ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

    အော်တိုဘာလ၃ရက်နေ့ကနေ နိုဝင်ဘာလ၇ရက်နေ့အတွင်း တိုက်ပွဲတွေမှာ ရှေ့တန်းကနေထွက်ပြေးလာလို့ ဖမ်းမိထားသူ ၂၀ကျော်၊ လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ကျော်ရှိတယ်လို့ ဆိုပါတယ်။

    “အရာရှိတွေသေရင်သာအသံထွက်တာ။ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ပတ်သက်ရင် ဘာမှမကြားရတော့ဘူး။ ရပ်ကွက်ထဲကနေခေါ်သွားတယ်။ ပြီးတော့အဆက်သွယ်မရတော့ဘူး။ အဲဒီလိုလူတွေအများကြီးပဲ”လို့ ဧရာဝတီတိုင်းဓနုဖြူမြို့ခံတစ်ဦးကပြောပါတယ်။

    ယရွှေသောင်ယံ၊ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်ဟာရခိုင်ပြည်နယ်၊ဂွမြို့နယ်နဲ့ ဆက်စပ်နေပါတယ်။

    ၂၀၂၄ ဒီဇင်ဘာလကဂွမြို့ကို AAက သိမ်းယူပြီးတဲ့နောက်ပိုင်းမှာလည်း ရွှေသောင်ယံ၊ သာပေါင်းနဲ့ ဂွမြို့နယ်စပ်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ဖူးပါတယ်။

    ရွှေသောင်ယံမြို့နယ်ထဲမှာဆိုရင် ၂၀၂၅ ဇန်နဝါရီလထဲမှာ တိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဘောမိနဲ့ မကျီးစင်ရွာကို AAနဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။အိမ်ခြေလေးရာကျော်ရှိတဲ့ ဘောမိရွာကိုစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ ဒေသခံတချို့လည်း သေဆုံးခဲ့ပါတယ်။

    လေးမျက်နှာမြို့နယ်အတွင်းကတိုက်ပွဲတွေမှာလည်းအရပ်သားထိခိုက်သေဆုံးမှုတွေရှိနေပြီး အရပ်သားတွေရှိနေတဲ့ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။စစ်ဘေးရှောင်ပြည်သူ တွေကိုအကူအညီတွေပေးကြဖို့အတွက် ဧရာဝတီတိုင်းထဲက အရပ်ဖက်လူမှုကူညီရေးလုပ်ဆောင်သူတွေက တောင်းဆိုထားပါတယ်။

    တိုက်ပွဲတွေထဲမှာအထိနာနေတဲ့စစ်အုပ်စုကအရပ်သားပြည်သူတွေရှိတဲ့ကျေးရွာတွေကို ပစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာ ၂၃ ရက်က လေးမျက်နှာမြို့နယ်၊ စပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲလို့ အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း AYA PDF အမှတ် ၂၉ ဗျူဟာက ထုတ်ပြန်ထားပါတယ်။

  • ရန်ကုန်၊ စလင်းနှင့် ဝမ်းတွင်းမြို့နယ်တွင် လူငယ် ၅၀ နီးပါး စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်၊ စလင်းနှင့် ဝမ်းတွင်းမြို့နယ်တွင် လူငယ် ၅၀ နီးပါး စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၄၃နှစ်အရွယ် ကလေးဖခင်တစ်ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော သားသမီး ၂ ဦး၏ ဖခင်ဖြစ်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားသည် ညစာစားရန် အပြင်သို့ သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ မိသားစုကလည်း လူပျောက်ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း၊ ၎င်း၏ အသက်အရွယ်မှာ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြားဖြစ်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မဟုတ်တော့သော်လည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

    “အဖမ်းခံရတဲ့သူက စုဆောင်းရေးတပ်ကို ရောက်သွားတယ်။ သူက ကျန်းမာရေးသိပ်မကောင်းဘူး။ သူ့တပ်က အရာရှိကို သူက အသက် ၄၀ ကျော်နေပြီ ဘာလို့ စစ်မှုထမ်းခိုင်းတာလဲမေးတော့ မင်းကို ဖမ်းပြီး ရောင်းစားသွားတာဆိုပြီး ပြောတယ်လို့ သိရတယ်” ဟု ယင်းဖြစ်စဉ်ကို သိရှိသော ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ မကွေးတိုင်း၊ စလင်းမြို့တွင်လည်း လူငယ် ၂၉ ဦးကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၁၄၀ ဖြင့် ပြန်ရွေးခိုင်းကာ ငွေကြေးပေးနိုင်ခြင်းမရှိသူများကို စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

    ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၂၉ ဦးထဲမှ လူငယ် ၂ ဦးကိုသာ မိသားစုက ငွေကျပ် သိန်း ၁၄၀ ဖြင့် ပြန်လည် ရွေးထုတ်နိုင်ခဲ့ပြီး ကျန် ၂၇ဦးမှာ ရမည်းသင်းမြို့ အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ရလသ အမှတ် (၁) ရဲ/စစ် သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

    “လူငယ် ၂၉ ဦးကို စစ်ခွေးတွေက ပေါ်တာဆွဲဖမ်းသွားတယ်။ စစ်ခွေး ပေါ်တာဆွဲ ဖမ်းဆီးသွားတဲ့ လူငယ် ၂၉ ဦးထဲက ၂ ဦးကို ၁ ဦးလျှင် သိန်း ၁၄၀ဖြင့် မိသားစုဝင်များက ပြန်ရွှေးခဲ့ရပြီး၊ ၂ ဦးထဲကို ပြန်ရွှေးလို့ရတယ်။ ကျန်တဲ့ လူငယ် ၂၇ ဦးကိုတော့ ရမည်းသင်းမြို့ အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ရလသ အမှတ် (၁) ရဲ/စစ် သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့တယ်လို့ သိရတယ်”ဟု ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။

    အလားတူ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ် ကျေးရွာ ၄ ရွာကို ဝင်ရောက်စီးနင်းပြီး လူငယ် ၁၅ ဦးကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice Of Wundwin မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် မိတ္ထီလာ မှ လာသော အကြမ်းဖက် စစ်တပ် စစ်ကား ကား၃စီးက ဝမ်းတွင်းမြို့နယ် ကျေးရွာ ၄ရွာကို ဝင်ရောက်စီးနင်းပြီး လူငယ် ၁၅ ဦးကို အကြမ်းဖက် စစ်တပ် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် လူငယ်များမှာ သဖန်ရွာကျေးရွာမှ ၇ ဦး ၊ ရှားတောကျေးရွာမှ ၃ဦး ၊ ရွှေဖလားကန်ကျေးရွာမှ ၁ ဦး ၊ တဲစုကကျေးရွာမှ ၄ ဦး တို့ ဖြစ်ကြောင်း သိရှိရသည်။

    “စစ်ခွေး ဖမ်းဆီးသွားတဲ့ လူငယ် အသက်၂၀ ဝန်းကျင်တွေလို့ပြောတယ်။ သဖန်ရွာကျေးရွာ ၇ ဦး ၊ ရှားတောကျေးရွာ ၃ဦး၊ ရွှေဖလားကန်ကျေးရွာ ၁ ဦး၊ တဲစုကကျေးရွာ ၄ ဦးကို စစ်ခွေးတွေက ဝင် ဆွဲသွားတယ်။ လူလတ်ပိုင်းတွေပေါ့။ အသက် ၄၀ ကျော်လည်းပါတယ်။ အမျိုးသားတွေကြီးပဲ ။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို မိတ္ထီလာဘက်ကိုခေါ်သွားတယ်”ဟု Voice Of Wundwin မှ တာဝန်ရှိသူက ပြောဆိုသည်။

    အောက်တိုဘာလ ၉ ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ်ရှိ ကျင်းရွာမှ လူငယ် ၁ ဦး ၊ ဖိုလ်ကုန်းရွာမှ လူငယ် ၁ ဦးနှင့် အိုင်သာရွာ ၊ နတ်နန်းရွာတို့မှ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က ယခု ဒီဇင်ဘာလလယ်ပိုင်းတွင် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၂၀ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလ စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့

    စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့

    ပေါက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့

    မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    နိုဝင်ဘာလ အတွင်း ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့သော စစ်တပ်၏ ကပစ ၂၄ မှ ထွက်လာသော စစ်ကြောင်းသည် ပေါက်မြို့နယ်၊ အနောက်တောင်ဘက်ရှိ တယ်ပင်ရွာနှင့် မကျီးကုန်းရွာကို ဝင်ရောက် စီးနင်းစဉ် တယ်ပင်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဖြိုးဝေဇော် ၊ အသက် ၂၀နှစ်အရွယ် ခိုင်လင်းအောင် ၊ အသက် ၁၈နှစ်အရွယ် မင်းခန့်ဇော် နှင့် မကျီးကုန်းရွာမှ အသက် ၂၅နှစ် အရွယ် ပြည်စုံဝင်း တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ဖမ်းဆီးခဲ့သော ပြည်သူများကို စစ်ဆေးမေးမြန်းပြီး ပြည်သူ ၃ ဦးကို လက်နောက်ပြန် ကြိုးတုပ်၍ သစ်တုံးပေါ် တင်ကာ လက်ညှိုးများကို ဖြတ်တောက်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၁ ဦးကိုလည်း ၎င်းတို့ စစ်ဆေးမေးမြန်းစဉ် စကားထစ်သည်ဟုဆိုကာ နားရွက်ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

    ယင်းသို့ ပြည်သူ ၄ ဦးကို ဖမ်းဆီး နှိပ်စက်ပြီးနောက် ပေါက်မြို့နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးရာ လမ်းတလျှောက်တွင် လူသားဒိုင်းအဖြစ် ရှေ့ဆုံးမှ ထားပြီး စေလွှတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငဖောင်ကန်ကျေးရွာသို့ ရောက်ရှိချိန်တွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “စစ်ခွေးစစ်ကြောင်းက အင်အား ၂၀၀ ခန့်ပါတယ်။ စစ်ခွေးတွေက နေအိမ်တွေကို မီးရှို့တာရှိပါတယ်။ ကျေးရွာတွေ မီးရှို့ဖျက်ဆီးတာ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တာ ပစ္စည်းတွေ ခိုးယူသွားတာ အများအပြား ကျူးလွန်ခဲ့ပါတယ်။ နေ့ရက် အတိအကျတော့ ကျနော်တို့ဆီ ရောက်ရှိထားတာမျိုးတော့ မရှိသေးပါဘူး။ ကျူးလွန်ခဲ့တာတော့ စစ်ကြောင်းထိုးရာ တလျှောက်လုံးပါပဲခွေးတပ်က ပြန်လွှတ်ပေးလိုက်တာပါ။ ဖမ်းပြီး စစ်ကြောင်း တလျှောက် လူသားဒိုင်း လုပ်ခဲ့တာ မသေလို့ ပြန်လွှတ်ပေးလိုက်တာပါ” ဟု မကွေးတိုင်း ပကဖမှ တာဝန်ရှိသူက ပြောဆိုသည်။

    ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အမျိုးသမီးများ အပါအဝင် ပြည်သူ ၁၆ ဦးကိုလည်း မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၀ ခု နှင့် စစ်ရှောင်စခန်း ၁ ခုကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၈၅ လုံးနှင့် စစ်ရှောင်တဲအိမ် ၃၀ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်၏ စစ်ရာဇ၀တ်မှု ကျူးလွန်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပြီးဆုံးသွားမည်မဟုတ်ဘဲ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် အကြမ်းဖက်စစ်တပ် အလုံးစုံ တိုက်ခိုက်နိုင်‌ရေး ဦးတည်ကာ ပြည်သူလူထုအတွက် တရားမျှတမှု ပြန်လည် ရရှိသည်အထိ မဆုတ်မနစ် တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။