Category: News

  • လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ

    လေးကေ့ကော်ဒေသမှာ စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတဲ့ BGF (၈၈၈)ဗျူဟာ အထိနာ

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က ဖလူးကျေးရွာကို ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ (၈၈၈) ဗျူဟာက စစ်တပ်နဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာရာ ​​တော်လှန်​ရေးတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် အထိနာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီကနေ့ (အောက်တိုဘာ ၁၆ရက်)မှာ BGFရဲ့ (၈၈၈)ဗျူဟာ ဒုဗျူဟာမှူးကွပ်ကဲတဲ့ အင်အား ၄၀၀ ​ခန့်ပါတဲ့ စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး ဖလူးရွာဘက်ကို စစ်ကြောင်းထိုးလာတာလို့ စုံစမ်းသိရပါတယ်။

    BGFနဲ့ စစ်ကောင်စီပူးပေါင်းတပ်ရဲ့ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDFပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာသွားတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    “ကရင်အချင်းချင်း သစ္စာဆိုထားတာ အခု သစ္စာစူးပြီပေါ့။ သူတို့က ဖလူးရရေးထိုးလာနေတာ။ လေးကေ့ကော်ရရင်လည်း နောက်ကျောမလုံတော့ သူတို့က ဖလူးကို ရချင်နေတာ”လို့ တပ်မဟာ (၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဖလူးရွာနဲ့ လေးကေ့ကော်မြို့သစ်ဟာ (၁၀)မိုင်ကျော် ကွာဝေးပါတယ်။

    လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်က ၁၀၀ခန့် သေဆုံးပြီး အလင်းဝင်လာသူများရှိနေတယ်လို့ ကျားသစ်နက်စစ်ကြောင်း အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ထားပါတယ်။

    လက်တလောမှာ စစ်ကောင်စီတပ်နဲ့ BGFပူးပေါင်းတပ်တွေက လေးကေ့ကော်မြို့သစ်ပြန်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ လေးကေ့ကော်မြို့ နေရာအချို့ကို ပြန်ရထားပေမယ့် အလုံးစုံမရသေးဘူးလို့လည်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ တပ်ရင်းတချို့ရဲ့ အကူအညီနဲ့ လေးကေ့ကော်မြို့သစ်ကို စက်တင်ဘာ ၂၁ ရက်စပြီး စစ်ကြောင်း ထိုးခဲ့တာ ဖြစ်ပါတယ်။

    လေးကေ့ကော်မြို့သစ်ဆီကိုစစ်ကြောင်း ၅ ကြောင်းနဲ့ ထိုးစစ်ဆင်ရာမှာ BGF ရဲ့ ဗိုလ်တင်ဝင်းအဖွဲ့က လေးကေ့ကော်ရဲ့ အရှေ့မြောက်ဘက် မယ်ဝါးခီးရွာဘက်ကနေ စစ်ကြောင်းကူထိုးတယ်လို့သိရပါတယ်။ BGFရဲ့ ဗိုလ်မုတ်သုန်အဖွဲ့က လေးကေ့ကော်ရဲ့ အနောက်မြောက်ဘက်က ကျောက်ဂူရွာကနေ စစ်ကြောင်း ကူထိုးလာတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    လေးကေ့ကော်မြို့သစ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU) /KNLA ၊ ဗျူဟာအမှတ် (၃၂) ကျားသစ်နက်စစ်​ကြောင်း ၊ ​ကော်ဘရာစစ်​ကြောင်း ၊ ဗွီနွန်စစ်​ကြောင်း ၊ Justice Solider စစ်​ကြောင်း မဟာမိတ်ပူး​ပေါင်းစစ်​ကြောင်းတွေနဲ့ စစ်ကောင်စီပူးပေါင်းတပ်တွေ နေ့စဉ် တိုက်ပွဲပြင်းထန်နေတယ်လို့ ကျားသစ်နက်စစ်ကြောင်းက အသိပေးပါတယ်။

    တော်လှန်ရေးပူးပေါင်းတပ်က ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘော ကိုယ်တိုင် စစ်မြေပြင်မှာ ဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံ စက်တင်ဘာ ၂၆ ရက်က လူမှုကွန်ရက်မှာ ပေါ်ထွက်လာပါတယ်။

    စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့စစ်တပ်သားသစ်တွေကို မူးယစ်ဆေးတွေကျွေးပြီးရှေ့တက်ခိုင်းတာလို့လည်း လေးကေ့ကော်ဒေသမှာ တိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးရဲဘော်တွေက အသိပေးထားပါတယ်။

    (BGF တပ်ဖွဲ့ဝင် အချို့ ။ ဓါတ်ပုံ-CJ )

  • နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းက ရေဒါကို စစ်အုပ်စု ဖြုတ်သိမ်းရွှေ့ပြောင်းထား

    နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးစခန်းက ရေဒါကို စစ်အုပ်စု ဖြုတ်သိမ်းရွှေ့ပြောင်းထား

    မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းက နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးအထိုင်စခန်းက P-18 Early Warning Radar အမျိုးအစားရေဒါကို စစ်အုပ်စုတပ်က ဖြုတ်သိမ်းရွှေ့ပြောင်းထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာအဖွဲ့(Myanmar Defense & Security Institute – MDSI)က အောက်တိုဘာလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

    အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေက နတ်ရေကန်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်တိုက်ထိုးစစ်ဆင်နေချိန်မှာပဲ စစ်အုပ်စုက ရေဒါကို အခုနှစ်ဖေဖော်ဝါရီလမှာ ဖြုတ်သိမ်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    အဲဒီရေဒါဟာ ရခိုင်ပြည်နယ်စပ် ဘင်္ဂလားဒေရှ်နိုင်ငံရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို စောင့်ကြည့် ထောက်လှမ်းနိုင်ဖို့အတွက် တပ်ဆင်ထားတာဖြစ်ပြီး ကြိတင်သတိပေးတဲ့ ရေဒါစနစ်ဖြစ်တာကြောင့် အကွာအဝေး ကီလိုမီတာ ၂၅၀ အထိ စောင့်ကြည့်ထောက်လှမ်း နိုင်တယ်လို့ ဆိုပါတယ်။

    ရိုးမပေါ်က နတ်ရေကန်တောင်ထိပ်မှာ စိုထိုင်းစမြင့်မားတာကြောင့် ကာလကြာရှည်လာတာနဲ့အမျှ ရေဒါမပျက်စီးအောင် ကာကွယ်ဖို့အတွက် ကမ္ဘာလုံးပုံစံ မြူကာနစ်နဲ့ ထားရှိခြင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။

    ဒါ့အပြင် နတ်ရေကန်စခန်းကို အပြီးသတ်သိမ်းယူနိုင်ဖို့ လက်ကျန်စခန်းတချို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် က AA အောက်တိုဘာလ ၁၆ ရက် ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

    နတ်ရေကန်စခန်းကို တိုက်ခိုက်ရာမှာ စခန်းကုန်းကနေ ဖရိုဖရဲထွက်ပြေးသွားတဲ့ စစ်အုပ်စုအဖွဲ့တွေနဲ့လည်း နေရာတချို့မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို စခန်းကုန်းကနေ ထွက်ပြေးလာတဲ့ လက်နက်ချ အညံ့ခံသူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

    နတ်ရေကန်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဗစည်ရွာလမ်းဟောင်းနဲ့ ဂုတ်ကြီးရွာလမ်းသစ်ပေါ်က လုံခြုံရေးအထပ်ထပ်ချထားတဲ့ စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကို အောက်တိုဘာလ အစောပိုင်းကတည်းက အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် လမ်းဟောင်းနဲ့ လမ်းသစ်ပေါ်က စစ်အုပ်စုစခန်းတွေအားလုံးကို သိမ်းပိုက်လိုက်တာဟာ နတ်ရေကုန်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုပါ တစ်ပါတည်း ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေရောက်သွားသလို စခန်းသိမ်းတိုက်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    နတ်ရေကန်စခန်းဟာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေအတွက် မကွေးတိုင်းကို ထိုးစစ်ဆင်နိုင်ဖို့ အကြီးဆုံးနဲ့ စစ်ရေးအရ ဗျူဟာအကျဆုံးဖြစ်သလို စစ်သည်အင်အား ၁၀၀၀ ဝန်းကျင်နဲ့ အထိုင်ချထားတဲ့ ရိုးမပေါ်က လေကြောင်းရန်ကာကွယ်ရေး စခန်းကြီးဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။

    စစ်အုပ်စုကလည်း နတ်ရေကန်စခန်းကို လက်မလွှတ်ရဖို့အတွက် လေကြာင်းထိုးစစ်တွေပါ အသုံးပြုနေပြီး နေ့ညမရွေးဗုံးကြဲကာအရေး ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    Photo – MDSI

  • စစ်တပ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်တာလို့ RCSS ထုတ်ပြန်

    စစ်တပ်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်တာလို့ RCSS ထုတ်ပြန်

    စစ်တပ်က တိုင်းပြည်အာဏာထိန်းချုပ်လိုက်တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်သွားစေခဲ့တာလို့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ဒီကနေ့ (အောက်တိုဘာ ၁၆ရက်) ထုတ်ပြန်ကြေညာပါတယ်။

    RCSS အပါအင် တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့ လက်မှတ်ရေးထိုးထားတဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) အကောင်အထည်ဖော်မှု ရည်မှန်းချက်အတိုင်း မဆောင်ရွက်နိုင်တဲ့ အားနည်းချက်နဲ့ စိန်ခေါ်မှုတွေ အကြောင်း ဖော်ပြရာမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ဆိုတဲ့ အချက်ကို ထည့်သွင်းရေးသားဖော်ပြခဲ့တာပါ။

    နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှု မတည်ဆောက်နိုင်တာ၊ နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးထားတဲ့ သဘောတူစာချုပ်အတိုင်း အကောင်အထည်မဖော်နိုင်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက် ရောက်ရှိရေး ဖိအားပေးတာ၊ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် စိတ်အားထက်သန်မှု နည်းပါးတာ စတဲ့ အချက်တွေကိုလည်း RCSSက ဖော်ပြထားပါတယ်။

    အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ RCSS ယူဆထားတဲ့ အကြံပြုချက်တွေကိုလည်း ရေးသားဖော်ပြထားပါတယ်။

    အဲဒီအကြံပြုချက်မှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ ဆိုတာကို ဖော်ပြထားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက်ဖက်က ဆွေးနွေးခြင်းနည်းလမ်းနဲ့ တွေ့ဆုံ အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။

    RCSSဟာ စစ်တပ်အာဏာသိမ်းစက အာဏာသိမ်းမှုကိုပထမဆုံးအကြိမ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ကြေညာခဲ့တဲ့ အဖွဲ့ဖြစ်ပေမယ့် နောက်ပိုင်းမှာ စစ်တပ်နဲ့ ထိတွေ့ဆက်ဆံတာ၊ ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့သလို စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်တာလည်း မရှိသလောက်နည်းပါးခဲ့ပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် NCA လက်မှတ်ရေးထိုးမှုမှာ ပါဝင်ခဲ့ပေမယ့် လက်ရှိစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ အောက်တိုဘာ ၁၃ရက်က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ရာ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ NCA ရဲ့ အနှစ်သာရ အခြေခံမူ၊ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ဖျက်ဆီးလိုက်တာဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ် ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ် ရောက်ရှိစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    NCA အမည်ခံ ဟန်ပြလုပ်ငန်းစဉ်တွေ၊ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေက နိုင်ငံကို တသက်လုံး ထန်းချုပ်နိုင်ရေး တရားဝင်မှုရဖို့ ကြိုးပမ်းတာ ဖြစ်ကြောင်းလည်း KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၆ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ဖို့ဆိုရင် စစ်တပ် နိုင်ငံရေးမှာ ပါဝင်မှု မရှိစေဖို့၊ ပဋိပက္ခ အတွင်း မတရား ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိစေဖို့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ရေးဆွဲနိုင်ဖို့ လိုအပ်ကြောင်း KNU အပါအဝင် NCA လက်မှတ်ရေးထိုးမှုမှာ ပါဝင်ခဲ့ဖူးတဲ့ တိုင်းရင်းသား ၆ဖွဲ့က သဘောထား ထုတ်ပြန်ထားပါတယ်။

    (၂၀၂၃ ဖေဖော်ဝါရီက အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ RCSS တပ်ဖွဲ့ဝင်တွေ ။ ဓာတ်ပုံ- Tai Freedom)

  • စစ်ခေါင်းဆောင်များနှင့် ဒေသနိုင်ငံရေးသမားများ၏ ကျောထောက်နောက်ခံပေးမှုဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ဟု ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆို

    စစ်ခေါင်းဆောင်များနှင့် ဒေသနိုင်ငံရေးသမားများ၏ ကျောထောက်နောက်ခံပေးမှုဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ဟု ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆို

    စစ်ခေါင်းဆောင်များနှင့် ဒေသနိုင်ငံရေးသမားများ၏ ကျောထောက်နောက်ခံပေးမှုဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ဟု ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆို

    စစ်ခေါင်းဆောင်များနှင့် ဒေသနိုင်ငံရေးသမားများ၏ ကျောထောက်နောက်ခံပေးမှုဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းမှ ရာဇဝတ်ဂိုဏ်းများက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြောင်း ဖမ်းဆီးခံထားရသော ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်းက ထွက်ဆိုသည်။

    အောက်တိုဘာလ ၁၅ ရက်နေ့ တရုတ်အစိုးရပိုင် CCTV ရုပ်သံက ဖမ်းဆီးထားသော အွန်လိုင်းကျားဖြန့်နှင့် ရာဇဝတ်မှုများအတွက် သံသယရှိသူ ကိုးကန့် ပြည်သူ့စစ်ခေါင်းဟောင်း ဝေဆန်းနှင့် အင်တာဗျူးကို ထုတ်လွှင့်ပြသခဲ့ပြီး ယင်းအင်တာဗျူးတွင် ၎င်းက အထက်ပါအတိုင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။

    ကိုးကန့်ဒေသတွင် ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း “ဝေ” မိသားစုက ကျူးလွန်သော ရာဇဝတ်မှုများမှာ သက်ဆိုင်ရာ နိုင်ငံက ခွင့်ပြုချက်နှင့် လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝေမိသားစုသည် ကိုးကန့် ဒေသမှ အခြားရာဇ၀တ်ဂိုဏ်းများနှင့် မတူကြောင်း၊ ဝေမိသားစုက လက်နက်ကိုင်တပ်ကို တိုက်ရိုက် ကွပ်ကဲပြီး အခြားဂိုဏ်းများက ပြည်သူ့စစ်များကို ငှားရမ်းအသုံးပြုရကြောင်း သိရှိရသည်။

    ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့်ညှိနှိုင်းကာ နယ်ခြားစောင့်တပ်များအဖြစ် ဖွဲ့စည်းရန်နှင့် စစ်တပ်အောက်တွင် အောက်တွင် အလုပ်လုပ်ရန် သဘောတူညီခဲ့ကြပြီး ကိုးကန့်ပြည်သူ့စစ်အဖွဲ့ ပေါ်ပေါက်လာကြောင်း သိရှိရသည်။

    “အများအမြင်မှာ သူတို့က အစိုးရဆီက လစာထုတ်ပြီး နယ်ခြားစောင့်ရှောက်ရေးလုပ်ကြသူတွေဖြစ်ပေမယ့် နိုင်ငံရဲ့ အာဏာဖွဲ့စည်းပုံကို မိသားစုအကျိုးစီးပွားအတွက် အသုံးပြုခဲ့ကြတယ်” ဟု တရုတ် အစိုးရပိုင် CCTV သတင်းဌာနက ဖော်ထုတ်ထားသည်။

    ဖမ်းဆီးခံ ဝေဆန်းက “ကိုးကန့်မှာ ကျနော်က အာဏာအရှိဆုံး နယ်ခြားစောင့်တပ်ရဲ့ ခေါင်းဆောင်တပ်မှူးချုပ်ပါ။”ဟု ထွက်ဆိုသည်။

    Fujian ပြည်နယ် Quanzhou မှ ရဲအရာရှိတစ်ဦးကမူ ကိုးကန့်မှ ဝေ မိသားစုအနေဖြင့် ရာဇဝတ်မှုများကို “နိုင်ငံတော် ၏ခွင့် ပြုချက်ဖြင့်” လုပ်ဆောင်ခဲ့ကြောင်း CCTV အစိုးရရုပ်သံသို့ ပြောကြားခဲ့သည်။

    ဝေမိသားစုက ကနဦးတွင် လောင်းကစားနှင့် ပြည့်တန်ဆာလုပ်ငန်းဖြင့် ငွေရှာခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် အွန်လိုင်းကျားဖြန့်လိမ်လည်မှုတို့ဖြင့် ငွေရှာရန် ပုံစံပြောင်းလဲခဲ့သည်ဟု သိရှိရသည်။

    ဝေဆန်း၏တူဖြစ်သူ Chen Dawei ကို ဝေဆန်းက ဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ပြီး Chen Dawei မှာ အနည်းဆုံး လူသတ်မှုတစ်ခုကို ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

    ဝေဆန်းနှင့် မိသားစုကို လူသတ်မှု၊ လိမ်လည်မှု၊ ပြန်ပေးဆွဲမှု၊ လောင်းကစားလုပ်ငန်းများ လည်ပတ်မှု၊ ပြည့်တန်ဆာ စည်းရုံးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့အတွက် သံသယရှိကြောင်း တရုတ်အစိုးရက အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    ဝေဆန်းနှင့်မိသားစု တို့၏ ဂိုဏ်းက အနည်းဆုံး တရုတ် နိုင်ငံသား ရှစ်ဦး သေဆုံးမှုအတွက် တာဝန်ရှိကြောင်းနှင့် ၎င်း၏ ရာဇ၀တ်မှု လှုပ်ရှားမှုများသည် ဒေါ်လာ သန်းပေါင်းများစွာနှင့် ညီမျှသော အမြတ်ငွေများ ထုတ်ယူခဲ့ကြောင်း သိရှိရသည်။

    လွန်ခဲ့သည့် နှစ်နှစ်အတွင်းတွင် တရုတ်နိုင်ငံက ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနှင့် အခြားသော ရာဇ၀တ်မှုများအား နှိမ်နင်းရန် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံသား ၅၇,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

    အောက်တိုဘာလ ၁၁ ရက်နေ့တွင် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်သော အွန်လိုင်းကျားဖြန့် လိမ်လည်မှုအတွက် ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် ဝေဆန်း အပါအဝင် ၃ ဦးကို Fujian ပြည်နယ်၊ Quanzhou မြို့ တွင် လူသတ်မှုအပါအဝင် ရာဇဝတ်ပုဒ်မများစွာဖြင့် ထပ်မံ တရားစွဲခဲ့သည်။

    မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ကို အခြေပြုကာ ကျားဖြန့်ဂိုဏ်းများ ထူထောင်၍ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်ခြင်း၊ ရာဇ၀တ်မှုများ လုပ်ဆောင်ရန် လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးချခဲ့ခြင်းတို့အတွက် ဝေဆန်း အပါအဝင် ၃ ဦးကို တရားစွဲလိုက်ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ထုတ်ပြန်ကြေညာခဲ့ကြသည်။

    Fujian ပြည်နယ်၊ Quanzhou မြို့ တရားရုံးတွင် တရားစွဲဆိုရာတွင် အသုံးပြုသည့် ပုဒ်မများမှာ လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ စီစဉ်မှုနှင့် ငွေညှစ်မှုတို့ ပါဝင်သည်ဟု အစိုးရရှေ့နေများက ပြောကြားခဲ့ပြီး တရားစွဲခံလိုက်ရသော ဝေဆန်း (ခ) ဝေဝှိုင်ရန် Wei Huairenမှာ စစ်တပ်လက်အောက်ခံ ကိုးကန့် နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌဖြစ်သည်။

    စက်တင်ဘာလ ၂၉ ရက်နေ့ Zhejiang ပြည်နယ်ရှိ တရာရုံးက ကိုးကန့်ဒေသမှ မြီရှောက်ချန်း၏ မိသားစုဝင်များကို ပထမဆုံးအကြိမ် အဖြစ် စီရင်ချက်များ ချမှတ်ခဲ့ပြီး မြီရှောက်ချန်း၏ သားဖြစ်သူ Ming Guoping (Mg Myin Shaut Phyin)၊ မြေးမလေး Ming Zhenzhen(သီရိမောင်)၊ ဝေကော်ချန်း Zhou Weichang ၊ ဝူဟုန်မင် Wu Hongming ၊ ဝူစိန်လုံ Wu Senlong ၊ ဖုယွီပင်း Fu Yubin အပါအဝင် ၁၁ ဦး တို့ကို သေဒဏ် ချမှတ်ခဲ့သည်။

    ရန်ကျိန့်ရှီ Yang Zhengxi၊ ဖုချိန်ဇစ် Fu Chengzhi အပါအဝင် ၅ ဦးကို ဆိုင်းငံ့ ၂ နှစ် သေဒဏ် ချမှတ်လိုက်ကြောင်း၊ လော်ကျန်းကျမ်း Luo Jianzhang ၊ ချိုးဇစ် Qiu Zhi အပါအဝင် ၁၁ ဦးကို ထောင်ဒဏ်တသက် ချမှတ်လိုက်ကြောင်း၊ ပိဟွေ့ကျွင်း Bi Huijun ၊ ကျန်းကျိ Jiang Ji အပါအဝင် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ်မှ ၂၄ နှစ်အထိ သတ်မှတ်ထောင်ဒဏ် အသီးသီးကိုလည်း ကောင်း ၊ငွေဒဏ် ၊ ပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းယူခြင်း ၊ ပြည်နှင်ဒဏ်ပေးခြင်း ပြစ်ဒဏ်များကိုလည်း ချမှတ်ခဲ့သည်။

    တရုတ်နိုင်ငံ၊ Zhejiang အရှေ့ပိုင်းခရိုင်တွင် ကျားဖြန့် ငွေလိမ်လည်မှု အပါအဝင် ပြစ်မှု ကျူးလွန်သူ တရားခံ ၃၉ ဦးကို စွဲချက် တင်ခဲ့ပြီး ၎င်းတို့အနက် ၁၆ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ပြီး ၎င်းတို့ကို လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ စနစ် တကျ လောင်းကစားမှုနှင့် ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပ ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများဖြစ်သော်လည်း တရုတ်နိုင်ငံသားများ၏ ကိုယ်ပိုင်အခွင့်အရေးများကို ချိုးဖောက်ခြင်းကြောင့် တရုတ်အာဏာပိုင်များက ယင်းအမှုကို စီရင်ပိုင်ခွင့်ရှိသည်ဟုဆိုကာ တရုတ်အစိုးရက ဖမ်းဆီး အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသမှ ကျားဖျန့် အွန်လိုင်းငွေလိမ်လည် ဂိုဏ်း၏ အဓိက တရားခံဖြစ်သောစစ်တပ်က ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ပယ်ဆောက်ချိန် Bai Suocheng၊ ပယ်ရင့်ဆန်း Bai Yingcang (ပယ် ဆောက် ချိန်၏ သား) ၊ဝေဆန်း (ခ) ဝေဝှိုင်ရန် Wei Huairen နယ်ခြားစောင့်တပ်ရင်း (၁၀၀၆) ဥက္ကဌ ၊ လျှိုအားပေါက် (ခ) လျိုကျိန့်ရှန်း Liu Zhengxiang Fully Light ဖူလီလိုက် လုပ်ငန်းစု သူဌေး ၊လျှိုကျိန့် မောက် Liu Zhengmao ၊ ရွှီလောက်ဖား Xu Laofa တို့ကို အခြား အရေးကြီး တရားခံ ၄ ဦး စုစုပေါင်း ၁၀ ဦးတို့ကို နေပြည်တော်လေဆိပ်မှ တစ်ဆင့် တရုတ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

  • လက်ပံတန်းမှာ စစ်တပ် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေတိုက်ခိုက်

    လက်ပံတန်းမှာ စစ်တပ် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေတိုက်ခိုက်

    စစ်သား ၂၀ ကျော်သေပြီး ၁၀ ကျော် အရှင်ဖမ်းမိ၊ လက်နက်တွေလည်း သိမ်းရ

    ပဲခူးတိုင်း၊လက်ပံတန်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး အရှင်ဖမ်းဆီးရမိသူ ၁၀ ဦးကျော်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

    အောက်တိုဘာ ၁၅ ရက်မှာ လက်ပံတန်းမြို့နယ်၊သရက်ချောင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

    “အသေ၂၀ ကျော်ရသလို အရှင် ၁၀ဦးထက်မနည်းပေါ့”လို့ ပဲခူးအနောက်ခြမ်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ဒါ့အပြင် လက်နက်အလက် ၂၀ ဝန်းကျင်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်သား သေဆုံးမှုတွေနဲ့ အရှင် ဖမ်းမိရတာတွေကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၅က အတည်ပြုပါတယ်။

    “ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီမှ ‌ဖြေကြားလို့ ရပါမယ်”လို့ တပ်ရင်း (၃၈၀၂)တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။

    အောက်တိုဘာ ၁ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာတဲ့ အင်အား ၂၀ ကျော်ပါ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က နှစ်ဦးသေပြီး သေနတ်နှစ်လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။

    လက်ပံတန်းတိုက်ပွဲ၌ စစ်သား ၁၅ ဦး သေဆုံး၊ ၁၂ ဦး အရှင်မိ

    ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၅ ယောက် သေဆုံးပြီး ၁၂ ယောက် အရှင်ဖမ်းမိတယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

    လက်ပံတန်းမြို့နယ် သရက်ချောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၁၅ ရက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။

    အဆိုပါတိုက်ပွဲအတွင်း လက်နက်အစုံ ၁၉ လက်၊ ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့ပြီး PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေအောက်ရှိ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၂ ရဲ့ ညွှန်ကြားမှုအောက်မှာ အမှတ် ၃၈၀၂ နဲ့ ၃၈၀၃ တပ်ရင်းတွေ၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

    လက်ပံတန်းတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထံကရရှိထားတဲ့ လက်နက်များနှင့် စစ်သုံ့ပန်းများ တွေ့ရစဥ်။