Category: News

  • နေ့ပြန်တိုးမပေးနိုင်သဖြင့် နေပြည်တော်တွင် အဘွားအို ၁ ဦး ရေထဲခုန်ချ သတ်သေ

    နေ့ပြန်တိုးမပေးနိုင်သဖြင့် နေပြည်တော်တွင် အဘွားအို ၁ ဦး ရေထဲခုန်ချ သတ်သေ

    နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်မှာ အောက်တိုဘာ ၂ ရက်က အသက် ၆၀ အရွယ် အမျိုးသမီးကြီးဟာ နေ့ပြန်တိုးမပေးနိုင်လို့ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ မြို့ခံတွေဆီက သိရပါ တယ်။

    တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက် ဓမ္မရိပ်သာနားမှာနေတဲ့ အသက် ၆၀ အရွယ် ဒေါ်ခင်ဌေး ဟာ ယူထားတဲ့ နေ့ပြန်တိုးတွေတက်ပြီး ၁၅ သိန်းလောက်ဖြစ်သွားတာကြောင့် ပြန်မဆပ်နိုင်တဲ့အဆုံး စာတစောင်ရေးပြီး သတ်သေသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ယူထားတာက ၆ သိန်း၊ ၇ သိန်း တလုံးတည်း ယူတာမဟုတ်ဘူး။ နည်းနည်းချင်းယူတာ။ အဲဒါကို နေ့ပြန်တိုးနဲ့တွက်လိုက်တာ ၁၅ သိန်းလောက် ဖြစ်သွားတယ်။ မိသားစုလည်း မရှိတော့ သူ့အတွက် ဖိအားအရမ်းများပြီး အကြွေးသမားကလည်း ဖိနင်းကန်တောင်းနေတော့ မလုပ်သင့်တာကို လုပ်သွားတာ။ သူကိုယ်တိုင် သေတမ်းစာရေးပြီး ရေထဲ ခုန်ချသတ်သေသွားတာ။ စိတ်မကောင်းစရာ ဖြစ်ရပ်ပါ” လို့ ပြောပါတယ်။

    ဒေါ်ခင်ဌေးဟာ သူ စီးခဲ့တဲ့စက်ဘီးကို ထုခွဲရောင်းချပြီး ရှိနေတဲ့အကြွေးတွေ ဆပ်ပေးဖို့ စာရေးပြီး ဘုရင့်နောင်နယ်မြေ တံတားပေါ်ကနေ ခုန်ချသတ်သေသွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    “သူ့မိသားစုကလည်း အမေကြီး ပစ်ထားတော့ နေထိုင်စားသောက်ဖို့အတွက် ပိုက်ဆံကို နေ့ပြန်တိုးယူပြီး သုံးတာ။ အမောင့်(ပမာဏ)များလာတော့ ပြန်မဆပ်နိုင်လို့၊ ကျပ်တိုး မတ်တိုး နေ့ပြန်တိုးတွေက အရမ်းဆိုးတာ။ နေ့တိုင်း ပေးရတာ။ ယူထားတဲ့အမောင့်ကို အတိုးနဲ့ အရင်း ပေါင်းပြီး တောင်းလို့ အခုလိုလုပ်သွားတာ၊ သေသွားတော့ အကြွေးသမား အသံမထွက်ရဲဘူး” လို့ ပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်က အသက် ၅၇ နှစ်အရွယ် အမျိုးသားတယောက် အကြွေးပြန်မဆပ်နိုင်လို့ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေသွားခဲ့ပါသေးတယ်။

    စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝန်းမှာ ဆင်းရဲမွဲတေတာ၊ အလုပ်အကိုင် ရှားပါးတာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေကြောင့် မိမိကိုယ်ကိုယ် သတ်သေသူတွေ များလာပြီး စက်တင်ဘာလကုန်ပိုင်းကလည်း နေမကောင်းတဲ့ ကလေး ဆေးဖိုးအတွက် ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်က ရေနုတ်မြောင်းကျယ်ထဲ ပလုံကောက်တဲ့ အမျိုးသမီးတယောက် ရေနစ် သေဆုံးခဲ့ပါသေးတယ်။

  • ရွေးကော်ကို ဒဲ့ဖြုတ်လိုက်တဲ့ ဘူးလက် (ရုပ်သံ)

    ရွေးကော်ကို ဒဲ့ဖြုတ်လိုက်တဲ့ ဘူးလက် (ရုပ်သံ)

    အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း မိသားစုတို့ မဲစာရင်းမပါတဲ့အပြင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှားယွင်းနေတယ်လို့ ဘူးလက်လှဆွေပြော

    ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘူးလက်လှဆွေက စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေမှားယွင်းနေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုလာပါတယ်။

    ရုပ်သံ- ဘူးလက်လှဆွေ

  • တနင်္သာရီမြို့နယ်၌ စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် အရပ်သား ၁, ၃၀၀ ကျော်ထွက်ပြေး

    တနင်္သာရီမြို့နယ်၌ စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် အရပ်သား ၁, ၃၀၀ ကျော်ထွက်ပြေး

    တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာသား ၁,၃၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အောက်တိုဘာ ၃ ရက် မနက်ပိုင်းလောက်မှာ အနောက်မော်တုံးရွာရဲ့ တဘက်ကမ်းရှိ ကမ်းတိုရွာနဲ့ ညောင်ပင်ကုန်းရွာက စစ်ကောင်စီတပ်သားတွေ လှေနဲ့ကူးပြီး စစ်ကြောင်းထိုးလာတာလို့ ဒေသခံတယောက်က ပြောပါတယ်။

    “မနက် ၉ နာရီလောက်မှ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှန်း သိတယ်။ အင်အားကတော့ အတိအကျ မသိရဘူး။ အခု အဝတ်တထည်ကိုယ်တခုနဲ့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်။”

    စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် မနက် ၁၀ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။

    ဒေသခံတယောက်က “နှစ်ဖက်ထိခိုက်မှုတော့ရှိတယ်။ စစ်တပ်ကလည်း ချောင်းကူးပြီး တိုးလာတယ်ဆိုတော့ ပြန်ဆုတ်မယ့်အနေအထားမရှိဘူး။ တိုက်ပွဲငြိမ်တော့ စကစဘက်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်”လို့ ပြောပါတယ်။

    စစ်ကြောင်းထိုးလာချိန် စစ်ကောင်စီဘက်က အရပ်သားတယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုအချိန်အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

    အခုလက်ရှိမှာတော့ အနောက်မော်တုန်းရွာနဲ့ အရှေ့သရဖုံရွာအပါအဝင် အနီးအနား ရှိကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် နီးစပ်ရာဥယျာဥ်ခြံမြေနဲ့ ကျေးရွာတွေဆီ စစ်ဘေးရှောင်နေရပါတယ်။

  • ချောက်မြို့နယ်တွင် ထွေအုပ်စာရေး ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

    ချောက်မြို့နယ်တွင် ထွေအုပ်စာရေး ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

    မကွေးတိုင်း၊ ချောက်မြို့နယ်မှာ Non-CDM ထွေအုပ်စာရေးတယောက် သေနတ်သမားတွေက ဖမ်းခေါ်သွားပြီး ပစ်သတ်ခံရတယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

    ပစ်သတ်ခံရသူဟာ ချောက်မြို့နယ်၊ သွေးနက်ကျေးရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ထွေအုပ်စာရေး ကိုနေမျိုးထွဋ်ဖြစ်ပြီး အောက်တိုဘာ ၃ ရက် ညနေပိုင်းမှာ အမည်မသိ သေနတ်သမားတွေက နေအိမ်အထိလာဖမ်းခေါ်ပြီးနောက် သွေးနက်ကျေးရွာနဲ့ ကြီးနီကျေးရွာ လမ်းဆုံမှာ ပစ်သတ်ခဲ့တာလို့ သိရပါတယ်။

    အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သေနတ်သမားတွေက လာဖမ်းခေါ်ပြီး ရွာထိပ်မှာ ပစ်သတ်သွားတာ။ ပစ်သတ်ခံရတဲ့သူက ထွေအုပ်ရပ်ကျေးစာရေးပါ။ တခါတည်း သေနတ်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီးဆုံးသွားတာ” လို့ ပြောပါတယ်။

    သေနတ်သမား ၅ ယောက်က ဆိုင်ကယ် ၃ စီးနဲ့ ကိုနေမျိုးထွဋ် အိမ်ကို ရောက်လာပြီး ဖမ်းခေါ်သွားတာလို့ သိရပါတယ်။

    ဒေသခံတယောက်က “ရုပ်အလောင်းကို ချောက်မြို့နယ် ပြည်သူ့ဆေးရုံကို သယ်သွားတယ်။ စစ်တပ်ဘက်ကတော့ PDF တပ်တွေက သတ်ဖြတ်တာလို့ စွပ်စွဲထားတယ်” လို့ ပြောပါတယ်။

    ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ် ဆိုတာတော့ မသိရသေးဘဲ စစ်ကောင်စီတပ်နဲ့ ရဲတွေကတော့ စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

  • ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး

    ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး

    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် စက်တင်ဘာလအတွင်း တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးခဲ့ကြောင်း KNU-Mutraw District က ထုတ်ပြန်ထားသည်။

    စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း တိုက်ပွဲများအတွင်း အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကို ဒရုန်းဖြင့် ၉ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး Jet Fighter လေယာဉ်ဖြင့်လည်း ၂ ကြိမ် ဗုံးကျဲခဲ့ကြောင်း၊ ထို လေကြောင်းတိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    အလားတူ ဩဂုတ်လပိုင်းကလည်း ဖာပွန်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်နှင့် KNLA အမှတ် ၅ တပ်မဟာ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ၉၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၉ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်၏ ဌာနဆိုင်ရာ အဆောက်အအုံ ၁ လုံးကိုလည်း ပျက်စီးနိုင်ခဲ့ကြောင်းသိရှိရသည်။