တနင်္သာရီမြို့နယ်၌ စစ်တပ် စစ်ကြောင်းထိုးလာသဖြင့် အရပ်သား ၁, ၃၀၀ ကျော်ထွက်ပြေး

တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာသား ၁,၃၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၃ ရက် မနက်ပိုင်းလောက်မှာ အနောက်မော်တုံးရွာရဲ့ တဘက်ကမ်းရှိ ကမ်းတိုရွာနဲ့ ညောင်ပင်ကုန်းရွာက စစ်ကောင်စီတပ်သားတွေ လှေနဲ့ကူးပြီး စစ်ကြောင်းထိုးလာတာလို့ ဒေသခံတယောက်က ပြောပါတယ်။

“မနက် ၉ နာရီလောက်မှ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှန်း သိတယ်။ အင်အားကတော့ အတိအကျ မသိရဘူး။ အခု အဝတ်တထည်ကိုယ်တခုနဲ့ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်။”

စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် မနက် ၁၀ နာရီလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး အသေးစိတ်ကိုတော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။

ဒေသခံတယောက်က “နှစ်ဖက်ထိခိုက်မှုတော့ရှိတယ်။ စစ်တပ်ကလည်း ချောင်းကူးပြီး တိုးလာတယ်ဆိုတော့ ပြန်ဆုတ်မယ့်အနေအထားမရှိဘူး။ တိုက်ပွဲငြိမ်တော့ စကစဘက်က လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်”လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာချိန် စစ်ကောင်စီဘက်က အရပ်သားတယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုအချိန်အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

အခုလက်ရှိမှာတော့ အနောက်မော်တုန်းရွာနဲ့ အရှေ့သရဖုံရွာအပါအဝင် အနီးအနား ရှိကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် နီးစပ်ရာဥယျာဥ်ခြံမြေနဲ့ ကျေးရွာတွေဆီ စစ်ဘေးရှောင်နေရပါတယ်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *