Category: News

  • မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်လာ၍ တိုက်ဖျက်ရမည်ဟု မင်းအောင်လှိုင် ကြွေးကြော်

    မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်လာ၍ တိုက်ဖျက်ရမည်ဟု မင်းအောင်လှိုင် ကြွေးကြော်

    တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖော်ဆောင်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်လာ၍ တိုက်ဖျက်ရမည်ဟု မင်းအောင်လှိုင် ကြွေးကြော်

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက် ကိုင်များအနေဖြင့် တိုက်ပွဲများ ဖော်ဆောင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် (ကျားဖြန့်) အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လာ၍ တိုက်ဖျက်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

    ယမန်နေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်)တွင် ပြုလုပ်သော တပ်နယ် တွေ့ဆုံပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

    EAO အဖွဲ့အချို့ နယ်မြေကျော်လွန်ဝင်ရောက်ခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းများ လုပ်ဆောင်တတ်သည့် အလေ့အထရှိကြောင်း၊ ထို့ပြင် လက်ရှိအချိန် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါးထုတ် လုပ်ခြင်း လုပ်ငန်းများကိုပါ လုပ်ဆောင်လာကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရေးအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန် အလေးထားမှာကြားလိုကြောင်း၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးလုပ်ငန်းများကိုလည်း စနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုပြီး ဘိန်းခင်းစိုက်ပျိုးမှု၊ ဖျက်ဆီးမှုများအား နှစ်အလိုက် မှတ်ပုံတင်ပြုစု၍ စနစ်တကျတိုက်ဖျက်ဆောင်ရွက်သွားရန်လိုကြောင်း မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် တိုင်းရင်းသား တော်လှန်ရေးတပ်များကို မူးယစ်ဆေးဝါး၊ ကျားဖြန့်နှင့် အွန်လိုင်းလောင်း ကစား လုပ်ကိုင်သည်ဟု အမည်တပ်၍ တိုက်ဖျက်ရမည်ဟု ပြောဆိုလာခြင်းမှာ တရုတ်နိုင်ငံနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို ရယူ၍ အပြီးပြတ် နှိမ်နင်းရန် ခေါင်းစဉ် တပ်လာခြင်းဟု တော်လှန်ရေး အင်အားစုများက ထုတ်ဖော်ပြောဆိုသည်။

    ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး ထုတ် လုပ်မှုများ များပြားလာပြီး ကျားဖြန့်လုပ်ငန်းများလည်း အကြီးအကျယ် ကြီးထွားလာနေကြောင်း၊ အဓိက အားဖြင့် စစ်တပ်နှင့် ထိပ်တန်းခေါင်းဆောင်များမှာ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။

    “တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ကျားဖြန့်တွေ၊ တစ်ကမ္ဘာလုံးကို ဒုက္ခပေးတဲ့ မူးယစ်ဆေးဝါးတွေက ဘယ်သူတွေလုပ်နေလဲဆိုတာတော့ရှင်းရှင်း လင်းလင်းပဲလေ။ သွားကြည့်လိုက်တော့လည်း မင်းအောင်လှိုင်ကိုယ်တိုင်က ဘွဲ့တွေ ပေးတဲ့လူတွေဖြစ်နေတယ်။ လျှောက်ပြီးတော့ ရမယ်ရှာ၊ လျှောက်ပြီးတော့ ယိုးစွပ်ပြီးတော့ ဟိုလူ့ထိုးချ ဒီလူ့ထိုးချနဲ့ ပြဿနာလိုက်ရှာနေတဲ့ဟာက ဒါက လုံးဝအဖြေမှန်မဟုတ်ဘူး” ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်နယ်တွေ့ဆုံပွဲများနှင့် ဌာနဆိုင်ရာ တွေ့ဆုံပွဲများ၊ အစည်းအဝေးများတွင် NUG ၊ CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြောင့် တိုင်းပြည်မငြိမ်းမချမ်းဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည်ဟု အမြဲလိုလို ပြစ်တင် ဝေဖန်နေခြင်းဖြစ်သည်။

  • SF/ SAF နှင့်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးခန့် သေဆုံး

    SF/ SAF နှင့်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၀ ဦးခန့် သေဆုံး

    ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်(SF/SAF)နှင့် စစ်ကော်မရှင်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂ဝ ဦးခန့် သေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု SF/SAF က ထုတ်ပြန်သည်။

    ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်မြို့နယ်သို့ အတုအယောင်ရွေးကောက်ပွဲအတွက် အင်အားဖြည့်တင်းရန်ထွက်လာသော အင်အား (၁၅ဝ)ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းနှင့် SF/SAF တို့ မဟာမိတ်ပူးပေါင်းတပ်များသည် နောက်တစ်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု SF/SAF ၏ ဇန်နဝါရီလ ၂ဝ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “အဆိုပါတိုက်ပွဲအတွင်း ရန်သူ့စစ်ကြောင်းမှ (၂၀) ဦးခန့်ကျဆုံးခဲ့ပြီး (၂၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပွိင့် ၅ (.5) စက်သေနတ်တပ်ဆင်ထားသော ကား (၁) စီး ပျက်စီးခဲ့သည်။ MA 1 (၁) လက်၊ MA 2 (၁)လက် နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ နမခမှ Paramotor စက်တပ်လေထီးဖြင့် (၂)ကြိမ်၊ Y-12 ဖြင့် (၂)ကြိမ်၊ အမတ(၅၀၈)မှ ဟော်ဝစ်ဇာ လက်နက်ကြီးဖြင့် (၅)ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့သည်။”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်များမှ အထိအခိုက်မရှိခဲ့သော်လည်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်သုံးဦးကျဆုံးခဲ့သည်ဟုလည်း ဆိုသည်။

    အဆိုပါတိုက်ပွဲကို ကျောင်းသားလက်ရုံးတပ်တော် (SAF)နှင့်အတူ Budalin Mobile Team (ဘုတလင်ရွေ့လျားစစ်ကြောင်း )၊ ရွာဇော်ကြီး- တော်လှန်အသံ (YZG)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း(မုံရွာခရိုင် တပ်ရင်း -၁၈)၊ မုံရွာခရိုင်တပ်ရင်း -၂၅ တပ်ခွဲ-၄ (Y.S.A.F)၊ Yadanabon Revolution Force (YRF)၊ Sagaing PDF၊ Depeyin Mobile Team (DPY) နှင့် BLDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • ဗင်နီဇွဲလား ရေနံတွေနဲ့ ဆက်စပ်တဲ့ သတ္တမမြောက် ရေနံတင်သင်္ဘောကို အမေရိကန် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေနဲ့ ဆက်စပ်တဲ့ သတ္တမမြောက် ရေနံတင်သင်္ဘောကို အမေရိကန် ဖမ်းဆီး

    ပိတ်ဆို့ အရေးယူထားတဲ့ ဗင်နီဇွဲလား ရေနံတွေနဲ့ ဆက်စပ်တဲ့ နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကို ကြားဖြတ် ဖမ်းဆီးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

    ဇန်နဝါရီ ၂၀ ရက်နေ့က ကာရေဘီယန် ပင်လယ်ပြင်မှာ နောက်ထပ် ရေနံတင် သင်္ဘောတစ်စီးကို စီးနင်း ထိန်းချုပ်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ဆိုပါတယ်။ ဒါဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တစ်လလောက် ကြာမြင့်လာပြီဖြစ်တဲ့ ဗင်နီဇွဲလား ရေနံတွေ ပိတ်ဆို့ အရေးယူမှု စစ်ဆင်ရေးမှာ ၇ စီးမြောက် ဖမ်းဆီးခံရတဲ့ ရေယာဉ်လည်း ဖြစ်လာပါတယ်။

    ဗင်နီဇွဲလား ပိုင်နက်နားက ရေပြင်မှာ ဖြန့်ကျက်ထားတဲ့ စစ်သင်္ဘော တစ်ဒါဇင်နီးပါးနဲ့ တပ်ဖွဲ့ဝင် ထောင်ဂဏန်းလောက်ကို ကွပ်ကဲနေတဲ့ အမေရိကန် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ Motor Vassel Sagittaကို ဘာပြဿနာမှ မရှိဘဲ ကြားဖြတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    သမ္မတ ထရမ့်ရဲ့ အရေးယူ ပိတ်ဆို့မှု အမိန့်ကို ဖီဆန်ဖို့ ကြိုးစားခဲ့တဲ့ ရေယာဉ်တစ်စီးကို တားဆီးခဲ့ကြောင်း၊ ဒါဟာ ဗင်နီဇွဲလားရဲ့ တရားမဝင် ရေနံ တင်ပို့မှုတွေကို တားဆီးဖို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့ အမေရိကန်ရဲ့ သဘောထားကို ပြသခြင်းလည်း ဖြစ်ကြောင်း၊ ဗင်နီဇွဲလားဆီကနေ ထွက်ခွာလာတဲ့ ရေနံတွေဟာ မှန်ကန်ပြီး တရားနည်းလမ်းကျတဲ့ လမ်းကြောင်းမျိုးကဆိုတာ သေချာဖို့လိုကြောင်း စစ်ဌာနချုပ် ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

    ကမ္ဘာပေါ်မှာ ရေနံသိုက်တွေ အကြွယ်ဝဆုံး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလားဟာ ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒ ဗဟိုချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ထရမ့်ဟာ ဇန်နဝါရီ ၃ ရက်နေ့မှာ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို နိုင်ငံပိုင်နက်ထဲထိ ဝင်ရောက် ဖမ်းဆီးစေခဲ့တဲ့နောက် အသစ်တက်လာတဲ့ ယာယီ အစိုးရဟာ အမေရိကန်ရဲ့ ဖိအားပေး တောင်းဆိုမှု အတော်များများကို လိုက်လျောခဲ့ရပါတယ်။

    ထရမ့်က အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံအရင်းအမြစ်တွေကို အကန့်အသတ်မရှိ ထိန်းချုပ် စီမံသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလားက ထွက်ခွာတဲ့ ရေနံတင် သင်္ဘောတွေကို ကြားဖြတ် ဖမ်းဆီးနေမှုကတော့ ပိတ်ပင်ထားတဲ့ ရေနံတွေကို ခိုးသယ်နေပြီး အရိပ်သင်္ဘောတွေလို့ ခေါ်ဝေါ်လေ့ရှိတဲ့ ရေယာဉ်တွေကို ဖြိုခွင်းဖို့ဖြစ်ကြောင်း ထရမ့်က အကြောင်းပြထားပါတယ်။ အဲဒီ သင်္ဘောတွေဟာ ပိတ်ဆို့ အရေးယူမှုတွေ ကြုံနေတဲ့ အီရန်၊ ရုရှားနဲ့ ဗင်နီဇွဲလားတို့လို နိုင်ငံတွေဆီက ရေနံတွေကို အဓိက ပုန်းလျှိုးကွယ်လျှိုး သယ်ဆောင်ပေးလေ့ ရှိပါတယ်။

    ကိုးကား: Guardian

    ဓာတ်ပုံ – Getty Images

  • သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် အဖွဲ့ကို အမှုဖွင့်

    သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့် အဖွဲ့ကို အမှုဖွင့်

    ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ Sex Dance ကခဲ့တဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ အကအဖွဲ့ကို ကမာရွတ်မြို့နယ်ရဲစခန်းက ပုဒ်မ ၂၉၄/၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။

    ဇန်နဝါရီ ၁၅ ရက်က ကမာရွတ်မြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ ပြည်လမ်းရှိ Novotel Hotel Yangon Ballroom ခန်းမမှာ ပြုလုပ်တဲ့ Cloud Seven Production & Entertainment ရဲ့ တည်ထောင်သူ CEO ကိုဇွဲခန့်အောင်ရဲ့ မွေးနေ့ပွဲမှာ Sex Dance ကခဲ့တယ်ဆိုပြီး သင်ဇာဝင့်ကျော်နဲ့အဖွဲ့ကို ကမာရွတ်မြို့မရဲစခန်း စခန်းမှူး ဘတိုးက အမှုဖွင့်ခဲ့တာလို့ သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

    “စခန်းမှူးက ဇန်နဝါရီလ ၁၈ ရက်က တရားစွဲထားတယ်။ သင်ဇာဝင့်ကျော်ရော Sex Dance ကတဲ့ အဖွဲ့ရော တရားစွဲရတဲ့အကြောင်းအရင်းက Sex Dance အကဆိုတာထက် ခွင့်ပြုချက်မရှိဘဲ ပွဲလုပ်လို့၊ ပွဲလုပ်မယ်ဆို ဌာနဆိုင်ရာနဲ့ ရဲစခန်းမှာ ခွင့်ပြုချက်တင်ရမှာ၊ ပါမစ်မရှိဘဲ ပွဲလုပ်လို့ အမှုဖွင့်တာ၊ ဖမ်းဆီးထားတာတော့ မရှိသေးဘူး။”

    သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့အဖွဲ့ကို မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆန့်ကျင်ပြီး အများပြည်သူ အမြင်မတင့်တယ်ဖွယ်ရာ အဝတ်အစားတွေ ဝတ်ဆင်ကာ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းတဲ့အကနဲ့ ကပြဖျော်ဖြေတယ်ဆိုပြီး စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက ဖမ်းဆီးဖို့ ဖိအားပေးတာကြောင့် တရားစွဲဆိုရတဲ့အဆင့်ထိ ရောက်သွားတာလို့ အနုပညာအသိုက်အဝန်းက ပြောပါတယ်။

    “အဲဒီပြဿနာဖြစ်တော့ ရုပ်ရှင်အစည်းအရုံးက သင်ဇာဝင့်ကျော်ကို ခေါ်ပြီး ခံဝန်ထိုးခိုင်းပြီးပြီ။ ဒါကို ဘောမတွေက မဖမ်း ဖမ်းအောင် ဖိအားတွေ အရမ်းပေးနေတော့ စခန်းက အမှုဖွင့်လိုက်တာ။ ပြန်လွတ်တာတောင် မကြာသေးဘူး။ ကိုယ်စာချင်းစာတရားရှိရမှာ မလုပ်သင့်ဘူး။”

    မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်တုန်းကလည်း အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ-၃၃(က) နဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်မှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတာပါ။

  • UNDP က နယူးယောက်အခြေစိုက်ဝန်ထမ်း ၃၀၀ ကို ဂျာမနီနိုင်ငံသို့ ရွှေ့မည်

    UNDP က နယူးယောက်အခြေစိုက်ဝန်ထမ်း ၃၀၀ ကို ဂျာမနီနိုင်ငံသို့ ရွှေ့မည်

    အမေရိကန်ပြည်ထောင်စုရဲ့ ရန်ပုံငွေဖြတ်တောက်မှုတွေအပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇန်နဝါရီ ၂၀ ရက်မှာ နယူးယောက်ဌာနချုပ်က ဝန်ထမ်း အယောက်၃၀၀ နီးပါးကို ဂျာမနီနိုင်ငံ ဘွန်းမြို့နဲ့ နောက်ထပ်အယောက် ၁၀၀ကို စပိန်နိုင်ငံဆီ ရွှေ့ဖို့ ဆုံးဖြတ်ချက်ကို ဂျာမနီနိုင်ငံက ကြိုဆိုခဲ့ပါတယ်။

    ဒီလှုပ်ရှားမှုဟာ ပြောင်းလဲနေတဲ့ ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရှုခင်းကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဖို့ မိတ်ဖက်ဆက်ဆံရေးကို အားကောင်းစေဖို့နဲ့ ကမ္ဘာ့အထိခိုက်လွယ်ဆုံး လူတွေကို ပံ့ပိုးဖို့ UNDP ရဲ့ စွမ်းရည်ကို အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်ရေး ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ အဖွဲ့အစည်းက ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။

    ကုလသမဂ္ဂစနစ်နဲ့ ဘက်ပေါင်းစုံမူတွေဟာ ဖိအားပေးခံနေရလို့ ၂ နှစ်ကြာမဲ့ လုပ်ဆောင်မှုဟာ ဂျာမနီရဲ့ သံခင်းတမန်ခင်းအပေါ် ယုံကြည်မှုကို ပြနေတယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယိုဟန် ဝါဒီဖူးလ်က သီးခြားရေးသားထားတဲ့ ထုတ်ပြန်ချက်တခုမှာ ပြောပါတယ်။

    ဘွန်းမြို့ရဲ့ မြို့တော်ဝန်အပြင် ဒေသခံတွေနဲ့ UNDP မိတ်ဖက်အဖွဲ့အစည်း တခုတို့ကလည်း ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ပါတယ်။

    ဒေသခံ ကာမန် ဘလူးမ်က “ဘွန်းအတွက် UNDP ဟာ မြို့ရဲ့ နိုင်ငံတကာစရိုက်လက္ခဏာကို ပိုအားကောင်းစေတယ်လို့ အဓိပ္ပာယ် ရတယ်။ ဒါက အလွန်ကောင်းမွန်တယ်လို့ ကျနော်ထင်ပါတယ်”လို့ ပြောပါတယ်။

    ဘွန်းမြို့ဟာ နှစ်ပေါင်း ၇၅ နှစ်တာ သက်တမ်းရှိတဲ့ ကုလသမဂ္ဂမြို့ တမြို့ဖြစ်ခဲ့တယ်လို့ မြို့တော်ဝန် ဂီဒို ဒေးယပ်စ်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

    “ကျနော်တို့မှာ ဝန်ထမ်း ၁၂၀၀ လောက် ရှိတဲ့ အဖွဲ့အစည်း ၂၇ ခုရှိပါတယ်။ အခု ၃၀၀ ထပ်တိုးပါမယ်။ အဲဒါက ၂၅ ရာခိုင်နှုန်းပါ။ ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်က ခြေလှမ်းကြီးတခုပါ။”

    ပြီးခဲ့တဲ့နှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဘီလီယံနာ အီလွန်မတ်စ်ခ် ဦးဆောင်တဲ့ အစိုးရပြုပြင်ပြောင်းလဲရေးရဲ့ တစိတ် တပိုင်းအနေနဲ့ အမေရိကန်ရဲ့ နိုင်ငံခြားဖွံ့ဖြိုးတိုးတက်ရေး အကူအညီကို ၈၀ ရာခိုင်နှုန်းကျော် လျှော့ချခဲ့ပါတယ်။

    Source:Reuters