Category: News

  • ကုလ နေရာ အစားထိုးမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရန် နိုင်ငံ ၆၀ ကို ထရမ့်ပ် ကမ်းလှမ်း

    ကုလ နေရာ အစားထိုးမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရန် နိုင်ငံ ၆၀ ကို ထရမ့်ပ် ကမ်းလှမ်း

    ကုလသမဂ္ဂကို အစားထိုးဖို့ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရောက်ဖို့ နိုင်ငံပေါင်း ၆၀ လောက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ်းလှမ်းလိုက်ပါတယ်။

    အဖွဲ့ဝင်သက်တမ်းကို ၃ နှစ်ကန့်သတ်ထားပြီး အမြဲတမ်းအဖွဲ့ဝင် ဖြစ်ချင်ရင်တော့ လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့ တနိုင်ငံကို ဒေါ်လာ ၁ ဘီလီယံစီ ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။

    ဒီအဖွဲ့မှာ ထရမ့်ပ်က တသက်တာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဂါဇာအရေးအပြင် တခြားပဋိပက္ခတွေကိုပါ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

    ကုလသမဂ္ဂနဲ့ စင်ပြိုင်ဖြစ်နေတဲ့အတွက် နိုင်ငံအများစုက သတိထားတုံ့ပြန်နေကြပေမဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကတော့ ချက်ချင်းလက်ခံကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

    အိမ်ဖြူတော်ကတော့ “ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို နက်နက်ရှိုင်းရှိုင်း သန္နိဋ္ဌာန်ချထားတဲ့ နိုင်ငံတွေကို အမြဲတမ်းအဖွဲ့ဝင်နေရာ ကမ်းလှမ်းထားတာဖြစ်ပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက သူ့ဘက်က လုပ်စရာရှိတာလုပ်ဖို့ အသင့်ပဲလို့ပဲ ပြောထားပါတယ်။

    ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကတော့ ပါဝင်ဖို့ မူအားဖြင့် သဘောတူထားပေမဲ့ အသေးစိတ်ကို စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

    ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ခွင့်ပြုပေးခဲ့ပေမဲ့ ၂၀၂၇ အထိပဲဖြစ်သလို ဂါဇာပဋိပက္ခတစ်ခုတည်းကိုပဲရည်ရွယ်တာ ဖြစ်ပါတယ်။

    အဲဒီကတည်းက ဂါဇာအနာဂတ်အတွက် ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း မဖော်ပြဘူးလို့ ဗီတိုအာဏာပိုင်တဲ့ ရုရှားနဲ့ တရုတ်က ဝေဖန်ခဲ့ကြပြီး မဲမပေးဘဲ ကြားနေခဲ့ကြပါတယ်။

    ဘုတ်အဖွဲ့ဝင်တွေအဖြစ် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနဲ့ ထရမ့်ပ်ရဲ့ သမက် ဂျရက်ကွတ်ရှ်နာတို့ ပါဝင်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

    ဖိတ်ကြားခံရတဲ့အထဲမှာ ပြင်သစ်၊ ဂျာမနီ၊ ဥရောပကော်မရှင်နဲ့ အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံတချို့ ပါဝင်တယ်လို့ သိရပါတယ်။

    Source: Reuters

  • ဂန့်ဂေါခရိုင် စစ်ဆင်ရေး၌ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံး

    ဂန့်ဂေါခရိုင် စစ်ဆင်ရေး၌ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံး

    မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း စစ်ဆင်ရေးတခုမှာ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားနဲ့အတူ ပျူစောထီးကျေးရွာ ၂ ရွာ ကို သိမ်းပိုက်ရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားကြတဲ့နေရာတွေနဲ့ ပျူစောထီးရွာ တပ်စခန်းတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်စောပိုင်းကနေ Yawland Opreation စစ်ဆင်ရေးနာမည်နဲ့ စတင်ထိုးဆင်စစ်တိုက်ခိုက်နေတာဖြစ်ပြီးတော့ အခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ အထိ တိုက်ပွဲတွေအတွင်း စကစရဲ့ လေကြောင်းပစ်ကူတွေကြားထဲကနေ ပျူစောထီးရွာ ၂ ရွာကို သိမ်းပိုက်ရရှိထားပြီး​တော့ ရန်သူ့အလောင်း ၄၂ လောင်းလည်း တွေ့ရှိထားပါတယ်။ နောက်ဆက်တွဲ တိုက်ပွဲသတင်းတွေကိုတော့ အခွင့်သင့်ရင်သင့်သလို ဆက်လက်ထုတ်ပြန်ပေးသွားမှာပါ” လို့ ပြောပါတယ်။

    စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီလက်အောက်ခံတွေဆီကနေ G3 သေနတ် ၄ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ခါးချိုးသေနတ် ၂ လက်၊ Jumber စက် ၁ လုံး၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ လခြမ်းမိုင်း ၃ ခု၊ ချိန်း ၁ ခု၊ G3 ကျည်အတောင့် ၆၀၊ ၇.၆၂ ကျည် ၂၂၅ တောင့်၊ ကာဘိုင်ကျည် ၁,၁၈၅ တောင့်၊ လက်ပစ်မိုင်း ၁ လုံး၊ စကားပြောစက် ၃ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဆိုပါ Yawland Opreation စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်မှာရှိကြတဲ့ တပ်ရင်းတွေအပြင် ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း ၅ နဲ့ ၆၊ ဂန့်ဂေါခရိုင် ပကဖ၊ ဂန့်ဂေါမြို့နယ်နဲ့ ဆောမြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ၊ ယောတပ်တော် (YA)၊ YDF (ရဲဘော် ကောင်းကောင်းအဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

    ဂန့်ဂေါမြို့နယ် ပကဖတာဝန်ခံ ဆရာငြိမ်းက “ဂန့်ဂေါခရိုင်ထဲမှာ ဟံဟာဝတီပျူရွာတို့ မြောက်ခင်ရန်းတို့ အပါအဝင် ပျူစောထီးရွာ ၁၁ ရွာရှိပါတယ်။ ကျနော်တို့တွေရဲ့ စစ်ဆင်ရေး စတဲ့ ၂၇ ရက်နေ့က ဝင်ဝ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ မြောက်ခင်ရန်း၊ ရွှေမြစ်သာ၊ တောကျောင်း ကာကင်းစခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီးတော့ အဲဒီနေ့မှာပဲ ဝင်ဝပျူရွာသိမ်းနိုင်ခဲ့တာပါ။ အခုလ ၄ ရက်နေ့ မနက်ပိုင်းလောက်ကျမှ ရွှေမြစ်သာပျူရွာကို ထပ်ပြီးသိမ်းပိုက်နိုင်ခဲ့ကြတာ” လို့ ပြောပါတယ်။

    တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိအောင်လည်း လုံခြုံတဲ့နေရာတွေဆီကို ရွှေ့ပြောင်းပေးထားပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့ပေးထားသလို ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက် စီစဥ်ဆောင်ရွက်ပေးထားတယ်လို့ ဆရာငြိမ်းက ဆက်ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို ဇန်နဝါရီ ၄ ရက်ကနေ ၇ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာတာကြောင့် ပြည်သူပိုင်နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့ကြရသလို ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    Yawland Opreation စစ်ဆင်ရေးမှာပါဝင်တဲ့ တပ်ရင်းတာဝန်ရှိသူတယောက်က “ဂန့်ဂေါခရိုင်ထဲက ပျူရွာတွေက ဘူးလက်လှဆွေ အားထားရတဲ့ရွာတွေဖြစ်ပြီးတော့ မြို့တမြို့၊ တပ်မတခုစာထက် များပြီး၊ ကျယ်ပြန့်တဲ့ စုဖွဲ့ထားမှုနဲ့အတူ ပျူစောထီးအင်အားကလည်း ထောင်ချီပြီးရှိကြပြီးတော့ စကစဘက်က ဂန့်ဂေါမှာ အထိုင်ချတပ်စွဲထားတဲ့ ခလရ ၅၀ နဲ့ အမတ ၃၇၁ တို့ကနေ လက်နက်နဲ့ စားနပ်ရိက္ခာတွေကို အဓိကထောက်ပံ့ပေးနေတာပါ။ ကျနော်တို့ဘက်ကတော့ လက်နက်ခဲယမ်းတွေ ပြည့်စုံလှတယ်တော့ မဟုတ်ပေမဲ့ လက်ရှိအခြေအနေ အရကတော့ တိုက်ပွဲဖြစ်နေတာ မရှိသေးပေမဲ့ စစ်ရေးအခြေအနေ တင်းမာနေတဲ့နေရာတွေကတော့ ရှိနေပါတယ်” လို့ ပြောပါတယ်။

    စစ်ဆင်ရေးနယ်မြေမှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ဆင်ရေးကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြုသွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

  • ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ကားနှင့် လမ်းကြိတ် စက် တိုက်မိပြီး စစ်သား ၃ ဦး ထပ်မံသေဆုံး

    ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ကားနှင့် လမ်းကြိတ် စက် တိုက်မိပြီး စစ်သား ၃ ဦး ထပ်မံသေဆုံး

    စစ်ကိုင်း၊ ပေါက်တောစစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး

    ဒဏ်ရာရ စစ်သားများကို တင်ဆောင်လာသည့် ကားနှင့် လမ်းကြိတ် စက် တိုက်မိပြီး စစ်သား ၃ ဦး ထပ်မံသေဆုံး

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၄ – Acid (စစ်ကြောင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ပေါက်တောကျေးရွာရှိ အကြမ်း ဖက်စစ်တပ် ဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထိုသို့ တိုက်ခိုက်မှုအတွင်း ဂိတ်ကို စီးနင်းတိုက်ခိုက်နိုင်ခဲ့သော်လည်း စစ်ကိုင်းမြို့ဘက်မှ အိမ်စီးကား ၄ စီး၊ 4 Wheel ကား ၁ စီးတို့ဖြင့် စစ်ကူရောက်ရှိလာခဲ့ကြောင်း၊ ယင်းကားများအနက် အိမ်စီးကား ၂ စီးကို ဖြတ်တောက်နိုင်ခဲ့သော်လည်း လက်နက်အင်အား၊ ကျည်အင်အားလုံလောက်ခြင်းမရှိသော ကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း အသိပေးထားသည်။

    “ပေါက်တောဂိတ်အထိုင်ကတော့ အင်အား ၂၀ ပဲရှိတယ်။ ရွာထဲဘုန်းကြီး ကျောင်းတွေ၊ ရွာထဲက ကာ ကင်း၊ ပစ်ကွင်းကောင်းတဲ့အိမ်ကြီးတွေမှာဆိုရင် ၁၀ ယောက်လောက်ဆီနေရာ ယူထားတာမျိုး ရှိ တယ်။ ဒါပေမယ့် ကျနော်တို့က ဂိတ်ကိုပဲ ဝင်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ ဝင်တိုက်ပြီးတဲ့နောက် ပိုင်းဂိတ်ကို အင်အားထပ်ဖြည့်ထားတာတွေရှိတယ်၊ ရွာထဲမှာလည်း ထပ်ပြီးအင်အားဖြည့်ထားတာ ရှိတယ်။ ဂိတ်ကိုလည်း ပြန်ပြင်ဆင်ထာတွေရှိတယ်။ မိဘပြည်သူတွေအနေနဲ့ စခဂိတ်တွေအနီးမှာ အကြာကြီးမနေကြဖို့၊ ပြီးတော့ စခကားတွေနဲ့ ဝေးရာကို ရှောင်သွားကြဖို့၊ အနီးမှာကပ်မလိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း၊ တပ်ခွဲ ၄ – Acid (စစ်ကြောင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဌာနကွပ်ကဲရေး ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၄ -Acid (စစ်ကြောင်း) ၊ ပြည်သူ့စစ်သည်တော် အထူးပြောက်ကြား တပ်ဖွဲ့ ၊ မင်းကွန်းတိုက်နယ် ပ.လ.ဖ၊ GUN STAR ပြောက်ကြား တပ်ဖွဲ့ နှင့် နယ်မြေခံ ပ.က.ဖ များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၁ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထို့အပြင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသော စစ်သားများကို တင်ဆောင်၍ စစ်ကိုင်းဘက်သို့ ပြန်လာ သည့် ကား ၁ စီးမှာလည်း ကြက်ထောင့်ကျေးရွာအနီးအရောက် လမ်းကြိတ်စက်နှင့် ဝင်တိုက်ကာ စစ်သား ၃ ဦး ထပ်မံသေဆုံးသွားကြောင်း သိရှိရသည်။

  • မုံရွာ၊ တောင်မတောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူ

    မုံရွာ၊ တောင်မတောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ပျံလွန်တော်မူ

    သစ်ညိုပင်ရွာကိုလည်း စစ်တပ်က မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွား

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်မတောကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး သစ်ညိုပင်ရွာကိုလည်း စစ်တပ်က မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွားကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် အစောပိုင်းတွင် မုံရွာမြို့နယ်၊ ဆည်ကြီးတောကျေးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် သစ်ညိုပင်ကျေးရွာကို ထပ်မံ ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ညိုပင်ရွာမှ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်မွှေနှောက်ပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော်ကို ခိုးယူသွားကြောင်း သိရှိရသည်။

    ယင်းစစ်ကြောင်းသည် သစ်ညိုပင်ရွာမှ ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး စစ်သားများ ဝိုင်းဖွဲ့ ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက်ခံရသူများသည် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း၊ အကြမ်းဖက် စစ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့်သစ်ညိုပင်ကျေးရွာမှ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

    ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သစ်ညိုပင်ရွာကို ဝင်ရောက်စီးနင်းနေစဉ် တောင်မတောရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီး၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းရှိ သံဃာတော် ၁ ပါး ဗုံးစထိမှန်ကာ ပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၄ ပါးမှာလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း သက်တော် ၂၃ နှစ်အရွယ် ဥူးဇင်း ဝေဖြိုးမောင် ပျံလွန်တော်မူပြီး သက်တော် ၅၂ နှစ်အရွယ် ဥူးဇင်း စန်ဒါဝရ ၊ သက်တော် ၁၅ နှစ်အရွယ် ကိုရင် အေးချမ်းဖြိုး၊ သက်တော် ၈ နှစ်အရွယ် ကိုရင် လမင်းအောင်၊ သက်တော် ၁၁ နှစ်အရွယ် ကိုရင် သော်ဇင်ထက် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “ခွေးစစ်ကြောင်းက နံနက် အစောပိုင်း ၆ နာရီလောက်မှာ ဆည်ကြီးတောကျေးရွာကို ဝင်ရောက်စီးနင်းတာ အဲလိုစီးနင်းပြီးတာနဲ့ တစ်ဆက်တည်းရှိနေတဲ့ သစ်ညိုပင်ရွာကိုပါ စစ်ခွေးတွေက ဝင်ရောက်စီးနင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ နေအိမ်တွေကို တစ်အိမ်ပြီး တစ်အိမ် ဝင်မွှေပြီး အဲစစ်ခွေးတွေက ပြည်သူပိုင် ငွေကျပ် သိန်း ၁၀၀၀ ကျော်ကိုလည်း ခိုးယူလုယက်သွားတယ်။ ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ထားတာ မသေရုံဘဲ ဒဏ်ရာပြင်းထန်လို့ ဆေးကုပေးထားရတယ်။ အဲလိုရွာတွေကို ဝင်ရောက်စီးနင်းနေတဲ့ အချိန်မှာ နမခက နေတက်လာတဲ့ စက်တပ်လေထီးနဲ့ Gyrocopter တွေက တောင်မတောရွာ ဘုန်းကြီးကျောင်းကို ဗုံးကျဲ တိုက်ခိုက်လို့ သံဃာတော် ၁ ပါး ပျံလွန်တော်မူပြီး ၄ ပါး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ သံဃာတော်တွေကလည်း ပြင်းထန်ပါတယ်။ ဆေးကုသမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

    ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၄ နာရီခန့်ကလည်း တောင်မတောကျေးရွာကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ နေအိမ် ၆ လုံး ထပ်မံ မီးလောင်ပြာကျခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်းများ လုပ်ဆောင်နေကြောင့် တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်များကို ပြည်သူများ အသိပြုနေထိုင်ကြရန် မေတ္တာရပ်ခံလိုကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ – မြို့နယ် ပ.လ.ဖ မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

  • ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို  တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ်  ကတိချိုးဖောက်မှုဟု စစ်တပ်က  ပြင်းပြင်းထန်ထန် ကန့်ကွက်

    ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

    မြန်မာစစ်တပ်ကို တရားစွဲတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

    အာဆီယံအဖွဲ့ဝင် တီမောနိုင်ငံတွင် မြန်မာစစ်တပ်ကို တရားစွဲဆို တိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောသမ္မတက တွေ့ဆုံမှုမှာ အာဆီယံပဋိညာဉ်ပါ အခြေခံမူဖြစ်သည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို အကြိမ်ကြိမ် ကတိချိုးဖောက်မှုဖြစ်ကြောင်း စစ်ကော်မရှင်က ပြင်းပြင်းထန်ထန်ထပ်မံ ကန့်ကွက်တုံ့ပြန်သည်။

    ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီမောလက်စ်တေသမ္မတ မစ္စတာဟိုဆေးရာမို့စ်ဟော်တာက ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization)ကို လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့်သတင်းအား တီမောလက်စ်တေသမ္မတရုံး၏ website တွင် တရားဝင်ထုတ်ပြန်ထားသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရသည်ဟု စစ်တပ်က ထုတ်ပြန်သည်။

    တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အပြုအမူများ ဆောင်ရွက်မည်မဟုတ်ကြောင်း အကြိမ်ကြိမ်ကတိပြုခဲ့သော်လည်း မြန်မာစစ်တပ်ကို တီမောလက်စ်တေ၏ Public Prosecutor’s Office တွင် တရားစွဲဆို တိုင်ကြားမည့် ချင်းလူ့အခွင့်အရေးအဖွဲ့အား တီမောလက်စ်တေသမ္မတက လက်ခံတွေ့ဆုံ၍ အားပေးအားမြှောက်ပြုခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းပင်ဖြစ်ကြောင်း စစ်ကော်မရှင်က ပြောသည်။

    မြန်မာစစ်တပ်အနေဖြင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် တီမောလက်စ်တေနိုင်ငံ၏ အဆိုပါထိတွေ့ဆက်ဆံမှု၏ အကြောင်းအရာ၊ သဘောသဘာဝနှင့် အကျိုးဆက်များအပေါ်ကန့်ကွက်ပြီး တရားဝင်ဆန့်ကျင်ကြောင်း မှတ်တမ်းတင်ကြောင်း၊ သတင်းမှားများဖြန့်ဝေပြီး မတည်ငြိမ်မှုများကိုလှုံ့ဆော်ရန် ကြိုးပမ်းကာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေရန် ဆောင်ရွက်နေသည့် အစိုးရဆန့်ကျင်ရေးအဖွဲ့များနှင့် တီမောလက်စ်တေအစိုးရက တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလေးစားရန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း စစ်တပ်က ဆိုသည်။

    ဇန်နဝါရီလ ၁၆ ရက်နေ့ မြန်မာစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို နေပြည်တော်သို့ဆင့်ခေါ်၍ တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်ပါ အခြေခံမူများအားချိုးဖောက်၍ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖြေရှင်းပြန်ကြားပေးရန် တောင်းဆိုကြောင်းဖော်ပြသည့် သတိထောက်လွှာအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

    ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တီမောလက်စ်တေနိုင်ငံက ဒီလီမြို့တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားတွငလည်း အမျိုးသားညီညွတ်ရေးအစိုးရ-“NUG” မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့ကို ဖိတ်ကြားခဲ့ပြီး သမ္မတမစ္စတာဟိုဆေးရာမို့စ်ဟော်တာက လက်ခံတွေ့ဆုံခဲ့ကြောင်း စစ်တပ်က ထပ်မံ သတင်းထုတ်ပြန်သည်။

    NUG ကို လက်ခံမှုအတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့ကာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံမှ ထွက်ခွာရန်နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။

    ထို့အပြင် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လိုက်နာခြင်းမရှိ၍ ကန့်ကွက်ကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံ ခြားရေးဝန်ကြီးများအားလုံးထံ စာရေးသား ပေးပို့အကြောင်းကြားခဲ့သည်ဟု သိရှိရသည်။

    သို့ရာတွင် တီမောနိုင်ငံက အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်း၊ အာဆီယံပဋိညာဉ်ပါအခြေခံမူများကို အပြည့်အဝလေးစားလိုက်နာမည်ဖြစ်ပါကြောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့သည့်အတွက် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်လျှောက်ထားမှုကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံသို့ အသိပေးခဲ့ကြောင်း သိရှိရသည်။