မြန်မာစစ်တပ်ကို တရားစွဲတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

အာဆီယံအဖွဲ့ဝင် တီမောနိုင်ငံတွင် မြန်မာစစ်တပ်ကို တရားစွဲဆို တိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောသမ္မတက တွေ့ဆုံမှုမှာ အာဆီယံပဋိညာဉ်ပါ အခြေခံမူဖြစ်သည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို အကြိမ်ကြိမ် ကတိချိုးဖောက်မှုဖြစ်ကြောင်း စစ်ကော်မရှင်က ပြင်းပြင်းထန်ထန်ထပ်မံ ကန့်ကွက်တုံ့ပြန်သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီမောလက်စ်တေသမ္မတ မစ္စတာဟိုဆေးရာမို့စ်ဟော်တာက ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization)ကို လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့်သတင်းအား တီမောလက်စ်တေသမ္မတရုံး၏ website တွင် တရားဝင်ထုတ်ပြန်ထားသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရသည်ဟု စစ်တပ်က ထုတ်ပြန်သည်။

တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အပြုအမူများ ဆောင်ရွက်မည်မဟုတ်ကြောင်း အကြိမ်ကြိမ်ကတိပြုခဲ့သော်လည်း မြန်မာစစ်တပ်ကို တီမောလက်စ်တေ၏ Public Prosecutor’s Office တွင် တရားစွဲဆို တိုင်ကြားမည့် ချင်းလူ့အခွင့်အရေးအဖွဲ့အား တီမောလက်စ်တေသမ္မတက လက်ခံတွေ့ဆုံ၍ အားပေးအားမြှောက်ပြုခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းပင်ဖြစ်ကြောင်း စစ်ကော်မရှင်က ပြောသည်။

မြန်မာစစ်တပ်အနေဖြင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် တီမောလက်စ်တေနိုင်ငံ၏ အဆိုပါထိတွေ့ဆက်ဆံမှု၏ အကြောင်းအရာ၊ သဘောသဘာဝနှင့် အကျိုးဆက်များအပေါ်ကန့်ကွက်ပြီး တရားဝင်ဆန့်ကျင်ကြောင်း မှတ်တမ်းတင်ကြောင်း၊ သတင်းမှားများဖြန့်ဝေပြီး မတည်ငြိမ်မှုများကိုလှုံ့ဆော်ရန် ကြိုးပမ်းကာ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေရန် ဆောင်ရွက်နေသည့် အစိုးရဆန့်ကျင်ရေးအဖွဲ့များနှင့် တီမောလက်စ်တေအစိုးရက တရားဝင်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကိုလေးစားရန်နှင့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမှရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ကြောင်း စစ်တပ်က ဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မြန်မာစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံကို နေပြည်တော်သို့ဆင့်ခေါ်၍ တီမောလက်စ်တေ၏ အာဆီယံပဋိညာဉ်ပါ အခြေခံမူများအားချိုးဖောက်၍ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖြေရှင်းပြန်ကြားပေးရန် တောင်းဆိုကြောင်းဖော်ပြသည့် သတိထောက်လွှာအား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တီမောလက်စ်တေနိုင်ငံက ဒီလီမြို့တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့ကျမ်းသစ္စာကျိန်ဆိုသည့်အခမ်းအနားတွငလည်း အမျိုးသားညီညွတ်ရေးအစိုးရ-“NUG” မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့ကို ဖိတ်ကြားခဲ့ပြီး သမ္မတမစ္စတာဟိုဆေးရာမို့စ်ဟော်တာက လက်ခံတွေ့ဆုံခဲ့ကြောင်း စစ်တပ်က ထပ်မံ သတင်းထုတ်ပြန်သည်။

NUG ကို လက်ခံမှုအတွက် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့ကာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံမှ ထွက်ခွာရန်နှင်ထုတ်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင် လျှောက်ထားမှုကိုလည်း အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လိုက်နာခြင်းမရှိ၍ ကန့်ကွက်ကြောင်း အာဆီယံအဖွဲ့ဝင် နိုင်ငံ ခြားရေးဝန်ကြီးများအားလုံးထံ စာရေးသား ပေးပို့အကြောင်းကြားခဲ့သည်ဟု သိရှိရသည်။

သို့ရာတွင် တီမောနိုင်ငံက အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုပါကြောင်း၊ အာဆီယံပဋိညာဉ်ပါအခြေခံမူများကို အပြည့်အဝလေးစားလိုက်နာမည်ဖြစ်ပါကြောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့သည့်အတွက် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်လျှောက်ထားမှုကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ဘဲ အာဆီယံတူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထိုစဉ်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံသို့ အသိပေးခဲ့ကြောင်း သိရှိရသည်။


Leave a Reply

Your email address will not be published. Required fields are marked *