Category: News

  • ကသာမြို့မှာ စစ်တပ်အုပ်ချုပ်​ရေးယန္တရား လုံးဝရပ်ဆိုင်း

    ကသာမြို့မှာ စစ်တပ်အုပ်ချုပ်​ရေးယန္တရား လုံးဝရပ်ဆိုင်း

    ထွက်​ပြေးတဲ့စစ်​ကောင်စီဝန်ထမ်း​တွေကို စစ်တပ်က ထွက်ခွင့်မ​ပေး​တော့

    ကသာမြို့မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားလုံးဝရပ်ဆိုင်းသွားပြီဖြစ်သလို အမှတ် ၃၀၉ ​ခြေမြန်တပ်ရင်း(ခမရ ၃၀၉)ထဲ ထွက်ပြေးတဲ့ စစ်​ကောင်စီဝန်ထမ်းတွေကို စစ်တပ်က ထွက်ခွင့်မပေးဘဲ ပိတ်ဆို့ထားတယ်လို့ သတင်းရရှိပါတယ်။

    မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်ရဲ့စခန်းတွေအနက် အချို့ကို ​တော်လှန်​ရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါ စစ်သားနဲ့ Non CDM ဝန်ထမ်းတွေက မြို့ပြင်မှာရှိတဲ့ ခမရ(၃၀၉)ထဲကိုထွက်​ပြေး သွားရောက်စုစည်းနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

    “မြို့ထဲကိုဗုံးကြဲတာအထိအခိုက်ရှိတယ်။ ရက်ကွက်(၉)ထဲမှာ လူသေဆုံးတာရှိတယ်။ စစ်တပ်က သူတို့တပ်စွဲထားတဲ့ အထက(၂)ကျောင်းကနေဆုတ်ပြီး ကျောင်းကို ပြန်ဗုံးကြဲသွားလို့ ကျောင်းမီးလောင်သွားပြီ”လို့ဒေသခံတဦးကပြောပါတယ်။

    ကသာမြို့မှာ စစ်တပ်စွဲထားတဲ့နေရာတွေကို ဒီဇင်ဘာလ၂၈ရက်မနက်အစောပိုင်းမှာ PDF ​တွေအပါအဝင်​တော်လှန်​ရေးတပ်​တွေက စတင်တိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေတာပါ။

    ဇန်နဝါရီ ၂ ရက်အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့ခံတွေ ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ကြိုးစားနေကြပါတယ်။

    ဇန်နဝါရီက ၁ရက်နေ့မှာ အရပ်သားပြည်သူတွေနဲ့အတူ စစ်ရှောင်အဖြစ်ဟန်ဆောင်ထွက်ပြေးတဲ့ စစ်တပ်လက်​အောက်ခံဝန်ထမ်း Non CDM ၅၀ ခန့်ကို​တော်လှန်​ရေးတပ်​တွေက ဖမ်းမိခဲ့ပါတယ်။

    ဇန်နဝါရီလ ၂ရက်နေ့မှာလည်း အရပ်သားတွေပြေးတဲ့ဘက်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံတွေဟာ မြို့ထဲကိုပြန်ဝင်ခဲ့ကြရပါတယ်။

    “ဒီနေ့က Non တွေနည်းနည်းပဲထပ်မိတယ်။ အရပ်သားတွေနဲ့ရောပြီးထွက်သလိုအရပ်သားတွေနဲ့ပဲ မြို့ထဲကို ပြန်ဝင်သွားတာ။ ကသာက ခရိုင်မြို့ဆိုတော့ Non တွေလည်း များတယ်” လို့မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

    Non CDM အချို့ဟာ ခမရ(၃၀၉)ထဲမှာ သွားရောက်စုစည်းနေစဉ် စစ်ကောင်စီကထွက်ခွာခွင့် မပေးတော့ဘဲ လက်နက်ထုတ်ပေးပြီး ခုခံခိုင်းနေတယ်လို့ သတင်းရရှိပါတယ်။

    “၃၀၉ကို အားကိုးတဲ့ Non တွေဒုက္ခရောက်ပြီ။ စစ်ကောင်စီက မြိုပတ်ချာလည်အပြင်၃၀၉ ဘက်ကိုပါဗုံးကြဲနေတာ ” လို့ ဒေသခံသတင်းရင်းမြစ်ပြောပါတယ်။

    ခမရ(၃၀၉)ဟာ ကသာမြို့၊ပြည်သာယာ ရပ်ကွက်နဲ့ နီးပြီး မြို့အပြင်ဘက် တောင်ကုန်းမှာရှိပါတယ်။

    စစ်ကောင်စီက မြို့ပြင်ဘက်တွေကို လေကြောင်းကနေမကြာခဏတိုက်ခိုက်နေပါတယ်။

    ခမရ(၃၀၉) ကျတော့မှာမို့ ခုခံဖို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးစာမျက်နှာတွေက လူမှုကွန်ရက်ကနေအလှူခံနေတာလည်းတွေ့ရပါတယ်။

    မြို့ခံများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အင်းတော်နဲ့ မော်လူးမြို့ဘက်အပြင် မြစ်ကြီးနားနဲ့မန္တလေးမြို့ဘက် စစ်ဘေးရှောင်ဖို့ ကြိုးစားနေကြပါတယ်။

    ဒေသခံတွေစစ်ရှောင်တဲ့လမ်းကြောင်းကို စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့လည်း မြို့ကိုစွန့်ခွာထွက်ပြေးလာသူတချို့ကပြောပါတယ်။

    ကသာမြို့ကနေ ထွက်လာတဲ့ စစ်ဘေးရှောင်တွေကို အမျိူးသားညီညွတ်ရေးအစိုးရရဲ့ လူသားစာနာဌာနအပါအဝင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အကူအညီတွေပေးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လုံခြုံရေးစောင့်ရှောက်မှုနဲ့ စစ်ဆေးမှုတွေလုပ်နေပါတယ်။

  • လှည်းကူးခရိုင် ထွေအုပ်ရုံးကို မြို့ပြအဖွဲ့ဖောက်ခွဲတိုက်ခိုက်

    လှည်းကူးခရိုင် ထွေအုပ်ရုံးကို မြို့ပြအဖွဲ့ဖောက်ခွဲတိုက်ခိုက်

    ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

    “ထွေအုပ်ရုံးမှာ စခမရှိဘူး။ ပျူတွေဘဲစောင့်ကြတာ။ ထိကုန်ကြဖို့များတယ်။ မိုင်းကွဲအားပြင်းတယ်။” လို့ စစ်ဆင်ရေးအကြောင်းကိုပြောပါတယ်။

    အဲဒီထွေအုပ်ရုံးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အတွက် အဓိကလုပ်ဆောင်ပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ (ဇန်နဝါရီ ၂) ည ၆ နာရီခွဲကျော်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်လုပ်ဆောင်နေသူတွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေကို ဆက်လက်ပြီး အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ Yangon Army က သတိပေးထားပါတယ်။

    Yangon Army က အနောက်ပိုင်းခရိုင် ပကဖနဲ့ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပထမပိုင်းစတင်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကမာရွတ်မြို့နယ် ‌ရွေးကောက်ပွဲ ကော်မရှင်ရုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

    ဒါ့အပြင် ဒီဇင်ဘာအတွင်းမှာ လှည်းကူးမြို့နယ်က ကြံ့ဖွံ့ပါတီရုံးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ မှော်ဘီမြို့နယ်က ပြည်သူရှေ့ဆောင်ပါတီရုံးတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

  • BGF အသွင်ပြောင်း KNA တပ်တွင်းရှိ စစ်တပ် မိသားစုဝင်များ အမြန် ပြောင်းရွှေ့

    BGF အသွင်ပြောင်း KNA တပ်တွင်းရှိ စစ်တပ် မိသားစုဝင်များ အမြန် ပြောင်းရွှေ့

    ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့စခန်းတွေမှာ ပူးတွဲတာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ တပ်သားနဲ့ တပ်မိသားစုတွေကို BGF ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ ပြောင်းလဲချိန်မှာ ဇန်နဝါရီ ၂ ရက်ကနေ စတင် ပြောင်းရွှေ့နေပြီလို့ KNA တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

    အထက်အရာရှိ စစ်ကောင်စီတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ ပြောင်းရွှေ့တာဖြစ်ပြီး BGF တပ်ရင်းတခုမှာ စစ်ကောင်စီတပ်ဗိုလ်တပ်သားတပ်မိသားစု အယောက် ၃၀ ကနေ ၄၀ လောက်ရှိတယ်လို့ သိရပါတယ်။

    မြဝတီမြို့ဘက်က စစ်ကောင်စီတပ်တွေက ခလရ ၂၇၅ စခန်းကို ပြောင်းရွှေ့ရပြီး မြိုင်ကြီးငူ ဘက်က တပ်ဗိုလ် တပ်သားတွေက ဘားအံမြို့တပ်မ ၂၂ ဘက်ကိုပြောင်းရွှေ့ရကာ မိသားစုဝင်တွေကတော့ မော်လမြိုင်ဘက်ကို ပြောင်းရွှေ့ရပါတယ်။

    ဇန်နဝါရီ ၁ ရက်နေ့က စစ်တပ်ဩဇာခံ နယ်ခြားစောင့်တပ် (BGF) ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တံဆိပ်တွေ ပြောင်းလဲတပ်ဆင်ပြီး သီးခြား လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ရပ်တည်ခဲ့ပါတယ်။

  • ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်း

    ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်း

    မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက်လက်အမှုဖွင့်၊ အသနားခံစာ အကြိမ်ကြိမ်တင်သော်လည်း လွှတ်မပေး

    အကြမ်းဖက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက် လက် အမှုဖွင့်ထားကြောင်း အင်းစိန်ထောင်သတင်းရင်းမြစ်က ပြောဆိုသည်။

    မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသော ဇော်ဘုန်းဟိန်းကို ဒီဇင်ဘာလအတွင်း အင်းစိန် အကျဉ်း ထောင်သို့ လွှဲပြောင်းခဲ့ပြီး ယင်းသို့ လွှဲပြောင်းမှုမှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့်စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်က ဖွင့်လှစ်ထားသော အမှုကို ဆက်လက်စစ်ဆေးရန် ဖြစ်ကြောင်း သိရှိရသည်။

    “တောင်ဒဂုံမှာ သူ့ကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ အမှုဖွင့်ထားတာရှိတယ်။ အဲဒီအမှုတွဲအတွက် အင်းစိန်ထောင်ကို လွှဲတာလို့ သိရတယ်။ အဲဒီအမှုကို ဆက်စစ်နေပြီ” ဟု အင်းစိန်အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါ အဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှု အပါအဝင် ပုဒ်မများဖြင့် ဇော်ဘုန်းဟိန်းကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း၊ ယင်းသို့ ချမှတ်ခံရပြီးနောက် ဇော်ဘုန်းဟိန်းကို ထောက်ခံသော စစ်တပ်ဘက်တော်သားတချို့ စုပေါင်းကာ မင်းအောင်လှိုင်ထံသို့ အသနားခံစာ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ အကြောင်းပြန်ကြားခြင်းမရှိကြောင်း သိရှိရသည်။

    စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ ပြင်ဦးလွင်တွင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။

  • မကွေးတိုင်း စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    မကွေးတိုင်း စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်​ရေးအဖွဲ့များ (ပကဖ)သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ မကွေးတိုင်းအတွင်းရှိ အကြမ်းဖက် စကမ၏ အခြေပြုစခန်းများအား အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်ထိ ဖြစ်ပေါ်တိုးတက်မှုများအား အောက်ပါအတိုင်း သတင်းထုတ်ပြန်အပ်ပါသည်။

    (၁) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ ရန်သူ့စစ်ဆေးရေးဂိတ်အား ပခုက္ကူခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ရာ ရန်သူ (၃) ဦး ကျဆုံးပြီး အဆိုပါ ဂိတ်အား သိမ်းပိုက်ရရှိခဲ့ပါသည်။

    (၂) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ ထွက်ခွါလာသော အင်အား (၃၅) ဦးပါ မော်တော်ယာဉ် (၄) စင်း စစ်ယာဉ်တန်းအား ပခုက္ကူခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့တပ်များက ကြားဖြတ်တိုက်ခိုက်ရာ ရန်သူ (၁၆) ဦး သေဆုံး၍ သုံ့ပန်း (၁) ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ စစ်ယာဉ်တန်းမှ မော်တော်ယာဉ် (၂) စင်း ပျက်စီးသွားပြီး လက်နက် (၈) လက်နှင့်အတူ ခဲယမ်းများကို သိမ်းပိုက်ရရှိခဲ့သည်။

    (၃) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအဝင် အကြမ်းဖက်စကမ၏ ထောက်တိုင် ရုံးဌာနများကို မင်းဘူးခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့ပါသည်။

    (၄) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အကြမ်းဖက်စကမအား အရှိန်မြင့်တင်၍ တိုက်ပွဲဝင်လျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

    ကာကွယ်ရေးဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ