၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ)သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ မကွေးတိုင်းအတွင်းရှိ အကြမ်းဖက် စကမ၏ အခြေပြုစခန်းများအား အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်ထိ ဖြစ်ပေါ်တိုးတက်မှုများအား အောက်ပါအတိုင်း သတင်းထုတ်ပြန်အပ်ပါသည်။

(၁) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ ရန်သူ့စစ်ဆေးရေးဂိတ်အား ပခုက္ကူခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ရာ ရန်သူ (၃) ဦး ကျဆုံးပြီး အဆိုပါ ဂိတ်အား သိမ်းပိုက်ရရှိခဲ့ပါသည်။

(၂) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ ထွက်ခွါလာသော အင်အား (၃၅) ဦးပါ မော်တော်ယာဉ် (၄) စင်း စစ်ယာဉ်တန်းအား ပခုက္ကူခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့တပ်များက ကြားဖြတ်တိုက်ခိုက်ရာ ရန်သူ (၁၆) ဦး သေဆုံး၍ သုံ့ပန်း (၁) ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ စစ်ယာဉ်တန်းမှ မော်တော်ယာဉ် (၂) စင်း ပျက်စီးသွားပြီး လက်နက် (၈) လက်နှင့်အတူ ခဲယမ်းများကို သိမ်းပိုက်ရရှိခဲ့သည်။

(၃) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအဝင် အကြမ်းဖက်စကမ၏ ထောက်တိုင် ရုံးဌာနများကို မင်းဘူးခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့ပါသည်။

(၄) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အကြမ်းဖက်စကမအား အရှိန်မြင့်တင်၍ တိုက်ပွဲဝင်လျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။



ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ


Leave a Reply