Category: News

  • ရန်ကုန် စီးတီးမတ်များ ထိုင်းထုတ်ကုန် အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြု

    ရန်ကုန် စီးတီးမတ်များ ထိုင်းထုတ်ကုန် အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြု

    ပြည်ပသွင်းကုန်ပစ္စည်း ၃၅ မျိုးအား တင်သွင်းခွင့် စစ်ကော်မရှင်မှ ကန့်သတ်သည့်စာ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့စီးတီးမတ် (City Mart) များတွင် ထိုင်းထုတ်ကုန်ပစ္စည်းတချို့ဝယ်ယူခြင်းကို အရေအတွက် အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ပြုတော့ကြောင်း သိရသည်။

    ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “ဆပ်ပြာ၊ သွားတိုက်ဆေးလိုဟာတွေကို နှစ်ခုပဲ ဝယ်ယူနိုင်တယ်လို့ စာကပ်ထားတယ်။ ဒီလအစပိုင်းကတောင် ဒီစာ မရှိဘူး။ အခု သွားဝယ်တော့ တွေ့တာ၊ ကျန်တဲ့ ကလေးမုန့်တွေ ဘာတွေတော့ မသတ်မှတ်ထားဘူး။ ယိုးဒယားကုန်ကိုပဲ အဓိထား ကပ်ထားတာ” ဟု ပြောသည်။

    စီးတီးမတ်များ၌ ထိုင်းထုတ်ကုန် လူသုံးကုန်ပစ္စည်းများတွင် “ဤကုန်ပစ္စည်းအား ဈေးဝယ်သူတဦးလျှင် အရေအတွက် ၂ ခု သာ ဝယ်ယူနိုင်ပါသည်” ဟု စာကပ်ထားသည်။

    ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍လည်း ထိုင်းနှင့် နယ်စပ်ကုန်သွယ်မှု အဓိက ပြုလုပ်သော မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ တွင် မြန်မာဘက်သို့ ကုန်စည်တင်သွင်းမှုကို စစ်ကော်မရှင်မှ ယာယီပိတ်လိုက်ကြောင်း ကုန်သည်များထံက သိရသည်။

  • ထိုင်းမှ ပြန်ပို့သည့် လူငယ်အမျိုးသမီးများကိုပါ စစ်တပ်ထဲသို့ ခေါ်ဆောင်

    ထိုင်းမှ ပြန်ပို့သည့် လူငယ်အမျိုးသမီးများကိုပါ စစ်တပ်ထဲသို့ ခေါ်ဆောင်

    ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ကော့သောင်းသို့ ပြန်လွှဲပို့ခြင်းခံရ သည့် လူငယ်အမျိုးသမီးများကိုပါ စစ်တပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

    ဩဂုတ်၁၅ရက်တွင် ထိုင်းနိုင်ငံ၊ရနောင်းအချုပ်ထောင်မှ လွတ်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၈၄ဦးနှင့် အမျိုးသမီး၁၅ဦးတို့ကို စက်လှေ၇စီးဖြင့် ကော့သောင်းမြို့လှေဆိပ်သို့ ခေါ်ဆောင် ခဲ့ပြီး နောက် ကော့သောင်းမြို့ နဝရတ်အားကစားရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း ထို့နောက် သက်ကြီး ပိုင်း တို့ ကို ပြန်လွှတ်ပေးကာ လူငယ် အမျိုးသား၊အမျိုးသမီးများအား ကော့သောင်းအခြေစိုက် ခလရ၂၆၂ သို့ ပို့ဆောင်လိုက်ကြောင်း ကော့သောင်းမြို့သတင်းရင်းမြစ်ထံက သိရသည်။

    “အရင်ကလည်း ဟိုဘက်(ရနောင်း)က လွှဲလိုက်ရင် လှေဆိပ်ကနေ အားကစားခန်းမကို ခေါ်တယ်။အဲ မှာ အဖွဲ့စုံနဲ့ စစ်တယ်။ပြီးတော့ ယောကျာ်းလေး အရွယ်ကောင်းတွေကို ငွေနဲ့ ရွေးနိုင်ရင် ပြန်လွှတ် ပေးတယ်။မရွေးနိုင်ရင် ၆မိုင်(ကော့သောင်းမြို့နယ်၊၆မိုင်ရွာအခြေစိုက် ခလရ၂၆၂)ပို့တယ်။အခုတစ် ခေါက်ကျတော့ အဖွဲ့စုံရှိနေလို့ ပြဿနာတက်မှာကြောက်လို့နဲ့တူတယ်။ငွေနဲ့ မရွေးခိုင်းဘဲ အရွယ် ကောင်းတွေအကုန် ၆မိုင်ပို့လိုက်တယ်။မိန်းကလေးတွေပါ ပို့တာ ဒီတစ်ခေါက် ပထမဆုံးပဲ”ဟု ၎င်း က ပြောသည်။

    ခလရ၂၆၂ တပ်ရင်းသို့ ပို့ခြင်းမှာ စစ်မှုထမ်းထဲသို့ သွတ်သွင်းခြင်းဖြစ်ပြီး ခလရ၂၆၂ မှ ရေလမ်းခရီး ဖြင့်မြိတ်နှင့် ပုလော စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ကြောင်း သိရသည်။

    “အတိအကျ မသိပေမဲ့ အခု ၆မိုင်ပို့တာ လေး၊ငါးဆယ်ရှိတယ်လို့ ပြောကြတယ်။ယောကျာ်း ဘယ်နှစ် ယောက်၊မိန်းမဘယ်နှစ်ယောက် မသိဘူး။၁၅ရက်နေ့ ညဘက် ပို့တာဆိုတော့ သေချာမသိကြဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

    စစ်ကော်မရှင်လက်အောက်ခံမီဒီယာများကမူ ကော့သောင်းသို့ ပြန်လည်ရောက်ရှိလာသူ ၉၉ဦးကို သက်ဆိုင်ရာဌာနများက ကိုဗစ်ရောဂါရှိ၊မရှိ စစ်ဆေး ပေးခဲ့ပြီး နေရပ်မပြန်မီ စမတ်ကတ်နှင့် မှတ်ပုံတင်တို့လည်း ပြုလုပ်ပေးခဲ့ကြောင်း ရေးသား ထားသည်။

    ဓာတ်ပုံ- စစ်ကော်မရှင်လက်အောက်ခံမီဒီယာ/ကော့သောင်းသို့ ပြန်လွှဲပို့ ခံရသူများ

  • လူငယ်တွေကို ပစ်မှတ်ထားကာ VPN တွေကို ပြန်လည်စစ်ဆေးနေ

    လူငယ်တွေကို ပစ်မှတ်ထားကာ VPN တွေကို ပြန်လည်စစ်ဆေးနေ

    ဆိုက်ဘာလုံခြုံရေး ဥပဒေ အာဏာတည်ပြီးနောက် လူငယ်တွေကို ပစ်မှတ်ထားကာ VPN တွေကို ပြန်လည်စစ်ဆေးနေ

    မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် နဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ သြဂုတ်လ ၁၇ ရက်နေ့က စစ်တပ်နဲ့ ရဲတွေက ဆိုင်ကယ် စီးလာသူတွေကို ရပ်တန့်စစ်ဆေးပြီး VPN ဆော့လ်ဝဲတခုတွေ့ပါက ဒဏ်ငွေ ၅၀၀၀၀ ထိ တောင်းနေတယ်လို့ သိရပါတယ်။

    မန္တလေးမြို့က မြို့နယ်အတော်များများမှာ စစ်တပ်က ဆိုင်ကယ်သမားတွေနဲ့ လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ VPN စစ်ဆေးတာတွေ ပြန်လည် ပြုလုပ်လာတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်ထံက သိရပါတယ်။

    “အရင်က မော်တော်ပီကယ်ဖမ်းသလို ဖမ်းတာမျိုး အဖွဲ့စုံနဲ့ ဖမ်းတာ။ ဆိုင်ကယ်လိုင်စင် လူလိုင်စင် စစ်တယ်။ VPN မပါရင် Facebook ဆော့လ်ဝဲကိုရှာတယ်။ အရင်ရက်က သတင်းတွေတက်လာလို့ VPN ဖျက်ပြီးသွားတာ Facebook တွေ့ပြီး VPN မတွေ့လို့ ဆိုပြီး ရစ်ပြီး မေးတော့တာ။ ဆိုင်ကယ်ကို လမ်းဘေးရပ်ပြီး ပိုက်ဆံ ၅၀၀၀၀ ပေးတဲ့ အထိ ရစ်တာ မနည်းညှိရတယ်။ VPN တွေ့ရင် ၅၀၀၀၀။ VPN ၂ ခုဆို (၁) သိန်းပေါ့။ အဖွဲ့စုံနဲ့ကို ငွေတောင်းနေတော့တာပါ။ ရဲ သီးသန့် မဟုတ်ဘူး ” လို့ ဒေသခံ လူငယ်တဦးက မြို့တော်ကို ပြောပါတယ်။

    ဇူလိုင်လ ၃၀ ရက်နေ့မှာ စစ်ကော်မရှင်က ဆိုက်ဘာလုံခြုံရေးဥပဒေ စတင်အာဏာတည်ကြောင်း ကြေညာပြီးချိန်မှာ အခုလို VPN တွေကို ပြန်လည်ဖမ်းဆီးနေတာဖြစ်ပြီး လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ ဖမ်းဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။

    “သူတို့ လူ ဖမ်းတဲ့ပုံက ဝိုင်းဖမ်းတာမျိုး။ ဒီလမ်းကိုသွားလို့ သူတို့ကိုတွေပြီ ဆိုပြီး နောက်ပြန်ကွေ့လို့ မရတော့ဘူး။ နောက်ကျသွားပြီ။ ကျော်လာတဲ့ လမ်းတွေမှာ သူတို့လူက ကင်းပုန်းချထားတာ။ နောက်လှည့်ကွေ့မယ်ဆိုရင် ကင်းပုန်းတွေကထွက်လာပြီး ပိတ်ဖမ်းတော့တာ ” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

    စစ်ကောင်စီကနေ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေ စတင်အာဏာ တည်ပြီးနောက်ပိုင်းမှာ အခုလို VPN တွေကို ပြန်လည်စစ်ဆေးနေတာဖြစ်ပြီး ပြဌာန်းချက်မှာတော့ VPN ထူထောင်တာ၊ ဝန်ဆောင်မှုပေးတာတွေ လုပ်ဆောင်ပါက ထောင်ဒဏ်‌ရော၊ ‌ငွေဒဏ်ပါကျမယ်လို့ ပါရှိပေမယ့် VPN သုံးသူတွေကို သီးသန့် ပစ်ဒဏ်ချမှတ်ထားတာမျိုးတော့ မတွေ့ရပါဘူး။

  • အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ တွင် တပ်မိသားစုနှင့် ပျူစောထီးများ ပါဝင်

    အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ တွင် တပ်မိသားစုနှင့် ပျူစောထီးများ ပါဝင်

    အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ အတွက် သင်တန်းကို ဇွန်လအတွင်း စတင်ဖွင့်လှစ်နေတာမှာ သင်တန်းသားတွေထဲ တပ်မိသားစုဝင်တွေ၊ စစ်တပ်အသိုက်အဝန်းနဲ့ စစ်တပ်ထောက်ခံသူတွေနဲ့ ပျူစောထီးတွေနဲ့ ပတ်သက်တဲ့သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

    အခုဖွင့်လှစ်တဲ့ အမှတ်စဉ် ၁ က တပ်မိသားစုဝင်တွေဖြစ်ကြောင်း Myanmar Defense & Security Institute (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက အတည်ပြု ပြောပါတယ်။

    “အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ ကို မှော်ဘီ ရကသ-၄ မှာ ဖွင့်နေတယ်လို့ ကျနော်တို့ သတင်းရင်းမြစ်ဆီကနေ သိထားရတယ်။ လက်ရှိကတော့ သင်တန်းသူတွေ ဘယ်လိုစုဆောင်း ခေါ်ယူတယ်ဆိုတာ ကျနော်တို့ သေချာမရဘူးဆိုတော့ ကျနော်တို့ ယူဆတာကတော့ ပထမဆုံး အပတ်စဉ်မှာကတော့ တပ်မိသားစုဝင်တွေကို အဓိက ခေါ်ယူဖွင့်တာလို့ သုံးသပ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ်ပါ စစ်ကောင်စီဘက်က အမျိုးသမီးသင်တန်းတွေ စဖွင့်တယ်ဆိုတော့ လူထုအနေနဲ့လည်း စစ်ကောင်စီရဲ့ ခြေလှမ်း လုပ်ဆောင်နေတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့တော့ သတိထားဖို့တော့ လိုအပ်မယ်လို့ ယူဆပါတယ်။”

    အမျိုးသမီးစစ်မှုထမ်း သင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) မှာ လွန်ခဲ့တဲ့ နှစ်လကတည်းက ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

    စစ်တပ်မိသားစုဝင်တွေအပြင် စစ်တပ်နဲ့ နီးစပ်ထောက်ခံသူတွေနဲ့ ပျူစောထီး အသိုက်အဝန်းက လူတွေပါ ကိုယ်ပိုင်ဆန္ဒနဲ့ စစ်မှုထမ်းဆောင်ဖို့ စာရင်းပေးသွင်းထားကြောင်း စစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

    “စစ်တပ်အသိုက်အဝန်းကလူတွေ ဆိုတာထက် ပျူတွေနဲ့ပတ်သက်တာလည်း ပါတယ်။ သူတို့ကို ဘယ်လိုစည်းရုံးထားလဲဆိုတော့ ပထမဆုံးအပတ်စဉ်မို့ နောက်လူတွေကို ဆရာကြီးလုပ်ရမယ်။ အဝေးမရောက်ဘူး။ အဲဒီလိုတွေ စည်းရုံးပြီး ထည့်ထားတာ။ နောက်ပြီး မိန်းကလေးတွေ ပျောက်တာလည်း ရှိတယ်လေ။ အဲဒီ မိန်းကလေးတွေကိုလည်း အဲဒီစစ်သင်တန်းမှာ ထည့်ထားတာတွေ ရှိတယ်တဲ့။ ဟိုတလောက စစ်သင်တန်းတက်ဖို့ စာရင်းကောက်တယ်လေ။ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင်၊ သုံးခွ၊ ခရမ်း၊ သန်လျင်၊ တွံတေး၊ ဒလ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး အဲဒီကပျူတွေနဲ့ ပတ်သက်တာတွေ တက်ကြတယ်။”

    လက်ရှိ အပတ်စဉ် ၁ က စစ်တပ်နဲ့နီးစပ်တဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သားအသစ်တွေကိုတော့ မဲစာရင်းလုပ်တဲ့နေရာ၊ မဲရုံနဲ့ပတ်သက်တဲ့ လုံခြုံရေးလုပ်တဲ့ နေရာတွေမှာလည်း ထည့်ဖို့ စီစဉ်ထားပြီး တခြားသူတွေကိုတော့ ရှေ့တန်းမှာ အကူအနေနဲ့ ခိုင်းသွားမယ့်အကြောင်းလည်း ဆက်ပြောပြပါတယ်။

    ဒါ့အပြင် MDSI က ကိုနောင်ရိုးကလည်း အခုလို စစ်မှုထမ်းအပတ်စဉ်တွေ ဆက်တိုက် ခေါ်ယူနေတာအပြင် အမျိုးသမီးတွေ အပတ်စဉ်အသစ်တွေပါ စတင်နေတာကြောင့် တော်လှန်အင်အားစုတွေအနေနဲ့ စနစ်ကျတဲ့ စစ်ရေးဗျူဟာတွေ ချမှတ်လုပ်ဆောင်သင့်ကြောင်း အကြံပြုပါတယ်။

    “ဒီလူငယ်တွေဟာ မတရားဖမ်းဆီးခံလာရတာ ဖြစ်တယ်။ ရှေ့တန်းမှာလည်း လူသားဒိုင်းအနေနဲ့ အသုံးချခံနေရတဲ့ အခြေအနေရှိတော့ ဒီဟာက စစ်ကောင်စီတပ်အတွက် တချိန်မဟုတ်တချိန်မှာ တန်ပြန်သက်ရောက်မှုတွေ ကြုံလာရနိုင်တယ်ပေါ့။ ကျနော်တို့ တော်လှန်ရေး အစောပိုင်းမှာ ပြောသလိုပေါ့ ရန်သူ့လက်နက် ကိုယ့်လက်နက် ဒီလိုပဲ လက်ရှိအချိန်မှာတော့ ရန်သူ့အင်အား ကိုယ့်အင်အားပေါ့၊ စနစ်တကျ ဗျူဟာချမှတ် လုပ်ဆောင်ကြဖို့ လိုအပ်လိမ့်မယ်လို့တော့ ကျနော်တို့ ပြောချင်ပါတယ်ဗျ။”

    အခုဖွင့်လှစ်နေတဲ့ ရကသ-၄ က အမျိုးသမီးတပ်ကြပ်ကြီး၊ အမျိုးသမီးစာရေးသင်တန်းနဲ့ အမျိုးသမီး အခြေခံတပ်သားသစ် သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အမျိုးသမီး စစ်သင်တန်းကျောင်း ဖြစ်ပါတယ်။

    တဖက်မှာလည်း အမျိုးသားစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ ပြီးစီးလို့ အပတ်စဉ် ၁၆ အတွက် တပ်သားသစ်စုဆောင်းကာ သင်တန်းကျောင်းတွေဆီ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

    ✍ဝေဝေ

  • မော်ချီး လေကြောင်းတိုက်ခိုက်မှု ၅ နှစ်အရွယ် ကလေးအပါ၂၃ ဦး အလောင်းတွေ့၊ ၂ ဦး ပျောက်ဆုံး

    မော်ချီး လေကြောင်းတိုက်ခိုက်မှု ၅ နှစ်အရွယ် ကလေးအပါ၂၃ ဦး အလောင်းတွေ့၊ ၂ ဦး ပျောက်ဆုံး

    ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးမြို့တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ငါးနှစ်အရွယ် ကလေးအပါအဝင် အမျိုးသမီး ငါးဦး၊ အမျိုးသား ၁၄ ဦး၊ ကျား၊ မ ခွဲမရသူ လေးဦး စုစုပေါင်း ၂၃ ဦး ရုပ်အလောင်းတွေ့ရှိပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ထံမှ သိရသည်။

    “တချို့လူတွေကလည်း ပျောက်နေသေးတယ်။ (တွေ့ရှိသည့်အလောင်း) သင်္ဂြိုလ်တာကတော့ သင်္ဂြိုလ်လိုက်ပြီးပြီ။ မနေ့တည်းက သင်္ဂြိုလ်ဖို့ ပြင်ကြတာပေါ့နော်။ အကြာကြီးလည်းထားလို့မကောင်းဘူးဆိုတော့။ တချို့ ပိုင်ရှင်မရှိတဲ့သူတွေက ကျေးရွာအုပ်ချုပ်ရေးပိုင်းက သင်္ဂြိုလ်ပေးလိုက်ကြတယ်” ဟု IEC အတွင်းရေးမှူး(၂) ဦးဗညားခွန်အောင်က ပြောသည်။

    မော်ချီးဒေသရှိ လူစည်ကားရာ (၁၆) ကုန်းရပ်ကွက်ကို ယမန်နေ့ (ဩဂုတ် ၁၇ ရက်) မွန်းတည့်ချိန်တွင် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်းဖြစ်သည်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် မဇွန်ပွင့်ဖြူ (အသက် ၅ နှစ်) ၊ မောင်မိုးသက်မောင် (အသက် ၁၂ နှစ်) ၊ ဦးကြည် (အသက် ၆၁ နှစ်) တို့အပါဝင် မအိနန္ဒာစိုး၊ ဖောရှီနာ၊ မခင်ချိုဝင်း၊ မဂျူးဒစ်ညှိ၊ စောနွေး၊ စောစေးပွဲဝါး၊ စောအယ်သယု၊ စောရန်ရှင်၊ စောဟေဘွတ်၊ စောသောမှူး၊ ဦးကျော်ကင်း၊ သီဟအောင်၊ ကိုနန်းဝင်း၊​ကိုမင်းမင်း၊ မောင်မာတေးအို၊ မောင်မီရယ် နှင့် ကျား၊မ အမည် ခွဲခြားမရသည့် ရုပ်အလောင်း လေးလောင်း တွေ့ရှိခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

    ယမန်နေ့ နံနက်ပိုင်းတွင်လည်း မော်ချီးဒေသ၊ လိုခါးလိုကျေးရွာရှိ ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရကာ ဆေးရုံအဆောက်အဦလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကို စစ်ကော်မရှင်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုသည် လူသေဆုံးမှု အများဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

    ပြီးခဲသည့် ဇူလိုင် ၉ ရက် (ဝါဆိုလပြည့်) ည ၇ နာရီခွဲအချိန်တွင်လည်း မော်ချီးမြို့နယ် လိုလော်ထီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မိသားစုတခုတည်းမှ အသက် နှစ်နှစ် နှင့် ရှစ်နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ ၂၈ နှစ်အရွယ် နှင့် ၅၀ အရွယ် အမျိုးသမီး နှစ်ဦး နှင့် ၂၈ နှစ်အရွယ် အမျိုးသား တဦး စုစုပေါင်း မိသားစုဝင် ငါးဦး သေဆုံးကာ အခြား ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    စစ်ကော်မရှင်တပ်သည် ကရင်နီပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ရကြောင်း စစ်ဘေးရှောင်များကို အကူညီပေးနေသည့် CTER-Karenni အဖွဲ့က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    Photo: မော်ချီးဒေသတွင် ဩဂုတ် ၁၇ ရက်နေ့၌ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်၊ သေဆုံး၊ ပျက်စီးမှုများ (CJ)