ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးမြို့တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ငါးနှစ်အရွယ် ကလေးအပါအဝင် အမျိုးသမီး ငါးဦး၊ အမျိုးသား ၁၄ ဦး၊ ကျား၊ မ ခွဲမရသူ လေးဦး စုစုပေါင်း ၂၃ ဦး ရုပ်အလောင်းတွေ့ရှိပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ထံမှ သိရသည်။
“တချို့လူတွေကလည်း ပျောက်နေသေးတယ်။ (တွေ့ရှိသည့်အလောင်း) သင်္ဂြိုလ်တာကတော့ သင်္ဂြိုလ်လိုက်ပြီးပြီ။ မနေ့တည်းက သင်္ဂြိုလ်ဖို့ ပြင်ကြတာပေါ့နော်။ အကြာကြီးလည်းထားလို့မကောင်းဘူးဆိုတော့။ တချို့ ပိုင်ရှင်မရှိတဲ့သူတွေက ကျေးရွာအုပ်ချုပ်ရေးပိုင်းက သင်္ဂြိုလ်ပေးလိုက်ကြတယ်” ဟု IEC အတွင်းရေးမှူး(၂) ဦးဗညားခွန်အောင်က ပြောသည်။

မော်ချီးဒေသရှိ လူစည်ကားရာ (၁၆) ကုန်းရပ်ကွက်ကို ယမန်နေ့ (ဩဂုတ် ၁၇ ရက်) မွန်းတည့်ချိန်တွင် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် မဇွန်ပွင့်ဖြူ (အသက် ၅ နှစ်) ၊ မောင်မိုးသက်မောင် (အသက် ၁၂ နှစ်) ၊ ဦးကြည် (အသက် ၆၁ နှစ်) တို့အပါဝင် မအိနန္ဒာစိုး၊ ဖောရှီနာ၊ မခင်ချိုဝင်း၊ မဂျူးဒစ်ညှိ၊ စောနွေး၊ စောစေးပွဲဝါး၊ စောအယ်သယု၊ စောရန်ရှင်၊ စောဟေဘွတ်၊ စောသောမှူး၊ ဦးကျော်ကင်း၊ သီဟအောင်၊ ကိုနန်းဝင်း၊ကိုမင်းမင်း၊ မောင်မာတေးအို၊ မောင်မီရယ် နှင့် ကျား၊မ အမည် ခွဲခြားမရသည့် ရုပ်အလောင်း လေးလောင်း တွေ့ရှိခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင်လည်း မော်ချီးဒေသ၊ လိုခါးလိုကျေးရွာရှိ ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရကာ ဆေးရုံအဆောက်အဦလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကို စစ်ကော်မရှင်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုသည် လူသေဆုံးမှု အများဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။
ပြီးခဲသည့် ဇူလိုင် ၉ ရက် (ဝါဆိုလပြည့်) ည ၇ နာရီခွဲအချိန်တွင်လည်း မော်ချီးမြို့နယ် လိုလော်ထီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မိသားစုတခုတည်းမှ အသက် နှစ်နှစ် နှင့် ရှစ်နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ ၂၈ နှစ်အရွယ် နှင့် ၅၀ အရွယ် အမျိုးသမီး နှစ်ဦး နှင့် ၂၈ နှစ်အရွယ် အမျိုးသား တဦး စုစုပေါင်း မိသားစုဝင် ငါးဦး သေဆုံးကာ အခြား ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

စစ်ကော်မရှင်တပ်သည် ကရင်နီပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ရကြောင်း စစ်ဘေးရှောင်များကို အကူညီပေးနေသည့် CTER-Karenni အဖွဲ့က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
Photo: မော်ချီးဒေသတွင် ဩဂုတ် ၁၇ ရက်နေ့၌ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်၊ သေဆုံး၊ ပျက်စီးမှုများ (CJ)


Leave a Reply