Category: News

  • လှည်းကူးခရိုင် ထွေအုပ်ရုံးကို မြို့ပြအဖွဲ့ဖောက်ခွဲတိုက်ခိုက်

    လှည်းကူးခရိုင် ထွေအုပ်ရုံးကို မြို့ပြအဖွဲ့ဖောက်ခွဲတိုက်ခိုက်

    ရန်ကုန်တိုင်း၊ လှည်းကူးမြို့က စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

    “ထွေအုပ်ရုံးမှာ စခမရှိဘူး။ ပျူတွေဘဲစောင့်ကြတာ။ ထိကုန်ကြဖို့များတယ်။ မိုင်းကွဲအားပြင်းတယ်။” လို့ စစ်ဆင်ရေးအကြောင်းကိုပြောပါတယ်။

    အဲဒီထွေအုပ်ရုံးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အတွက် အဓိကလုပ်ဆောင်ပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီကနေ့ (ဇန်နဝါရီ ၂) ည ၆ နာရီခွဲကျော်မှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်လုပ်ဆောင်နေသူတွေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေကို ဆက်လက်ပြီး အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ Yangon Army က သတိပေးထားပါတယ်။

    Yangon Army က အနောက်ပိုင်းခရိုင် ပကဖနဲ့ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ပထမပိုင်းစတင်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကမာရွတ်မြို့နယ် ‌ရွေးကောက်ပွဲ ကော်မရှင်ရုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

    ဒါ့အပြင် ဒီဇင်ဘာအတွင်းမှာ လှည်းကူးမြို့နယ်က ကြံ့ဖွံ့ပါတီရုံးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ မှော်ဘီမြို့နယ်က ပြည်သူရှေ့ဆောင်ပါတီရုံးတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

  • BGF အသွင်ပြောင်း KNA တပ်တွင်းရှိ စစ်တပ် မိသားစုဝင်များ အမြန် ပြောင်းရွှေ့

    BGF အသွင်ပြောင်း KNA တပ်တွင်းရှိ စစ်တပ် မိသားစုဝင်များ အမြန် ပြောင်းရွှေ့

    ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့စခန်းတွေမှာ ပူးတွဲတာဝန်ထမ်းဆောင်နေကြတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ တပ်သားနဲ့ တပ်မိသားစုတွေကို BGF ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တပ်ဖွဲ့ ပြောင်းလဲချိန်မှာ ဇန်နဝါရီ ၂ ရက်ကနေ စတင် ပြောင်းရွှေ့နေပြီလို့ KNA တပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

    အထက်အရာရှိ စစ်ကောင်စီတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အရ ပြောင်းရွှေ့တာဖြစ်ပြီး BGF တပ်ရင်းတခုမှာ စစ်ကောင်စီတပ်ဗိုလ်တပ်သားတပ်မိသားစု အယောက် ၃၀ ကနေ ၄၀ လောက်ရှိတယ်လို့ သိရပါတယ်။

    မြဝတီမြို့ဘက်က စစ်ကောင်စီတပ်တွေက ခလရ ၂၇၅ စခန်းကို ပြောင်းရွှေ့ရပြီး မြိုင်ကြီးငူ ဘက်က တပ်ဗိုလ် တပ်သားတွေက ဘားအံမြို့တပ်မ ၂၂ ဘက်ကိုပြောင်းရွှေ့ရကာ မိသားစုဝင်တွေကတော့ မော်လမြိုင်ဘက်ကို ပြောင်းရွှေ့ရပါတယ်။

    ဇန်နဝါရီ ၁ ရက်နေ့က စစ်တပ်ဩဇာခံ နယ်ခြားစောင့်တပ် (BGF) ကနေ ကရင်အမျိုးသားတပ်မတော် (KNA) တံဆိပ်တွေ ပြောင်းလဲတပ်ဆင်ပြီး သီးခြား လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ ရပ်တည်ခဲ့ပါတယ်။

  • ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်း

    ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်း

    မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက်လက်အမှုဖွင့်၊ အသနားခံစာ အကြိမ်ကြိမ်တင်သော်လည်း လွှတ်မပေး

    အကြမ်းဖက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ဇော်ဘုန်းဟိန်းကို အင်းစိန်ထောင်သို့ လွှဲပြောင်းလိုက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဆက် လက် အမှုဖွင့်ထားကြောင်း အင်းစိန်ထောင်သတင်းရင်းမြစ်က ပြောဆိုသည်။

    မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသော ဇော်ဘုန်းဟိန်းကို ဒီဇင်ဘာလအတွင်း အင်းစိန် အကျဉ်း ထောင်သို့ လွှဲပြောင်းခဲ့ပြီး ယင်းသို့ လွှဲပြောင်းမှုမှာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် ရဲစခန်းတွင် (ပ)အမှတ် ၃၅၈/၂၀၂၅ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် မဘသနှင့်စစ်တပ်ထောက်ခံသူ ဒေါ်မိုးမိုးခိုင်က ဖွင့်လှစ်ထားသော အမှုကို ဆက်လက်စစ်ဆေးရန် ဖြစ်ကြောင်း သိရှိရသည်။

    “တောင်ဒဂုံမှာ သူ့ကို အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ အမှုဖွင့်ထားတာရှိတယ်။ အဲဒီအမှုတွဲအတွက် အင်းစိန်ထောင်ကို လွှဲတာလို့ သိရတယ်။ အဲဒီအမှုကို ဆက်စစ်နေပြီ” ဟု အင်းစိန်အကျဉ်းထောင်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါ အဝင် စစ်ခေါင်းဆောင်များကို ဆဲဆိုမှု အပါအဝင် ပုဒ်မများဖြင့် ဇော်ဘုန်းဟိန်းကို ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ကြောင်း၊ ယင်းသို့ ချမှတ်ခံရပြီးနောက် ဇော်ဘုန်းဟိန်းကို ထောက်ခံသော စစ်တပ်ဘက်တော်သားတချို့ စုပေါင်းကာ မင်းအောင်လှိုင်ထံသို့ အသနားခံစာ အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ အကြောင်းပြန်ကြားခြင်းမရှိကြောင်း သိရှိရသည်။

    စစ်လော်ဘီ ဇော်ဘုန်းဟိန်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ ပြင်ဦးလွင်တွင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။

  • မကွေးတိုင်း စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    မကွေးတိုင်း စစ်ရေးအခြေအနေ သတင်းထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန၏ ကွပ်ကဲမှုအောက်ရှိ ခရိုင်စစ်ဌာနများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်​ရေးအဖွဲ့များ (ပကဖ)သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ မကွေးတိုင်းအတွင်းရှိ အကြမ်းဖက် စကမ၏ အခြေပြုစခန်းများအား အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်ထိ ဖြစ်ပေါ်တိုးတက်မှုများအား အောက်ပါအတိုင်း သတင်းထုတ်ပြန်အပ်ပါသည်။

    (၁) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ ရန်သူ့စစ်ဆေးရေးဂိတ်အား ပခုက္ကူခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ရာ ရန်သူ (၃) ဦး ကျဆုံးပြီး အဆိုပါ ဂိတ်အား သိမ်းပိုက်ရရှိခဲ့ပါသည်။

    (၂) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်မှ ထွက်ခွါလာသော အင်အား (၃၅) ဦးပါ မော်တော်ယာဉ် (၄) စင်း စစ်ယာဉ်တန်းအား ပခုက္ကူခရိုင်စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့တပ်များက ကြားဖြတ်တိုက်ခိုက်ရာ ရန်သူ (၁၆) ဦး သေဆုံး၍ သုံ့ပန်း (၁) ဦးအား လက်ရဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ စစ်ယာဉ်တန်းမှ မော်တော်ယာဉ် (၂) စင်း ပျက်စီးသွားပြီး လက်နက် (၈) လက်နှင့်အတူ ခဲယမ်းများကို သိမ်းပိုက်ရရှိခဲ့သည်။

    (၃) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အပါအဝင် အကြမ်းဖက်စကမ၏ ထောက်တိုင် ရုံးဌာနများကို မင်းဘူးခရိုင် စစ်ဌာန၏ ကွပ်ကဲမှုဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့ပါသည်။

    (၄) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် အကြမ်းဖက်စကမအား အရှိန်မြင့်တင်၍ တိုက်ပွဲဝင်လျက်ရှိရာ မိဘပြည်သူများအနေဖြင့်လည်း မိမိတို့ တပ်ဖွဲ့ဝင်များအား တတ်စွမ်းသရွေ့ ကူညီဖေးမနိုင်ပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။

    ကာကွယ်ရေးဝန်ကြီးဌာန

    အမျိုးသားညီညွတ်ရေးအစိုးရ

  • Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း

    Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း

    ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်နှင့်ရဲစခန်းသို့ သွားရောက် ခိုလှုံသည့် Non-CDM ဝန်ထမ်းနှင့်မိသားစုများကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်း

    စစ်ကိုင်းတိုင်း၊ ကသာမြို့သိမ်းတိုက်ပွဲ ၇ ရက်မြောက်လာချိန် စစ်တပ်စခန်းများထံသို့ သွားရောက် ပူးပေါင်းသည့် Non-CDM ဝန်ထမ်းများနှင့်မိသားစုဝင်များကိုပါ လက်နက်တပ်ဆင်ပေးပြီး စစ်တိုက်ခိုင်းနေကာ ငြင်းဆန်မရ ဖြစ်နေကြောင်း ခမရ ၃၀၉ တပ်အတွင်း ခိုလှုံရောက်ရှိနေသည့် Non-CDM ဝန်ထမ်းတချို့နှင့် အဆက်အသွယ်ရှိနေသော နေပြည်တော်ထွေ/အုပ်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။

    ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး ကသာမြို့သိမ်းတိုက်ပွဲကို KIA နှင့် PDF တပ်များက ဆင်နွှဲပြီးနောက် ထွေ/အုပ်ရုံး၊ မြို့နယ်တရားရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ လ၀က အပါအဝင် ဌာနဆိုင်ရာ Non-CDM ဝန်ထမ်းများနှင့် မိသား စုများမှာ စစ်တပ်နှင့်ရဲများထံသို့ သွားရောက် ပူးပေါင်းခိုလှုံကြကြောင်း၊ တချို့သော Non-CDM ဝန်ထမ်းများမှာလည်း စစ်ဘေးရှောင်များနှင့်အတူ မြို့မှ ထွက်ခွာသွားကြကြောင်း၊ လက်ရှိ စစ်တပ်၊ ရဲများနှင့် အတူ သွားရောက် ပူးပေါင်းကြသော Non-CDM ဝန်ထမ်းနှင့်မိသားစု ၁၀၀ ဝန်းကျင်ရှိပြီး အဆိုပါ ဝန်ထမ်းများနှင့်မိသားစုများထံမှ အသက်ပြည့်ပြီးသော သားသမီးများ၊ ဝန်ထမ်းများကို လက်နက်တပ်ဆင်ပေးကာ လုံခြုံရေးယူခိုင်းခြင်းနှင့် စစ်တိုက်ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

    “ကသာမြို့မ ရဲစခန်းမှာ ထွေ/အုပ်နဲ့ မီးသတ်ဝန်ထမ်းတွေပါ ဝင်တိုက်နေရတယ်။ ခမရ ၃၀၉ ထဲမှာလည်း ဝန်ထမ်းတွေ ရှိတယ်။ အဲဒီမှာလည်း လူငယ်လူရွယ် အကုန် လက်နက်ထုတ်ပေးတယ်။ အထက်အမိန့်နဲ့ တိုက်ခိုင်းတာ။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုပါတဲ့ ဝန်ထမ်းမိသားစုတွေက မပြေးတော့ဘဲ တပ်မတော်နဲ့ရဲစခန်းမှာ သွားပူးပေါင်းကြတာ။ လူငယ်နဲ့ လူလတ်ပိုင်း အမျိုးသမီး အမျိုးသားအကုန် လက်နက်ငယ် ပစ်ခတ် ဖြုတ်တပ် ချက်ချင်းသင်ပြီး တိုက်ခိုင်းတာ” ဟု လက်ရှိ စစ်တိုက်နေရသော ကသာမြို့နယ် ထွေ/အုပ် Non-CDM ဝန်ထမ်းနှင့် အဆက်အသွယ်ရရှိထားသည့် နေပြည်တော်ထွေ/အုပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်တပ်က ကသာမြို့တွင်းရဲစခန်း၊ အကျဉ်းထောင်၊ ဌာနဆိုင်ရာရုံးတချို့တွင် ဆက်လက် တပ်စွဲပြီး Non-CDM ဝန်ထမ်းတချို့နှင့်အတူ ခုခံတိုက်ခိုက်နေကြောင်း၊ ခမရ ၃၀၉ တပ်ရင်းတွင်လည်း တော်လှန်ရေးတပ်များ၏ ၀ိုင်းဝန်းတိုက်ခိုက်မှု ကို ခံနေရကြောင်း၊ တော်လှန်ရေးတပ်များက မြို့အဝင်ဂိတ်၊ ကားကြီးဝင်း၊ ပညာရေးကောလိပ်၊ အထက်တန်းကျောင်းနေရာများကို သိမ်းပိုက်ရရှိထားကြောင်း၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ် ကြောင်း သိရှိရသည်။

    ဓာတ်ပုံ-ကသာမြို့ ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)