Category: News

  • ဖာပွန်ဗျူဟာမကျရေး စစ်တပ်က လေကြောင်းဗုံကြဲတိုက်ခိုက်

    ဖာပွန်ဗျူဟာမကျရေး စစ်တပ်က လေကြောင်းဗုံကြဲတိုက်ခိုက်

    ဖာပွန်ဗျူဟာကို ပုံမှန် ဝိုင်းဝန်းပိတ်ဆို့ထားပြီး တိုက်ခိုက်နေတာကြောင့် ဗျူဟာမကျရေးအတွက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

    ကရင်ပြည်နယ်၊ ဖာပွန်မြို့အခြေစိုက် ခမရ ၃၄၀၊ ခမရ ၃၄၁ ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ အင်အားဖြည့်တင်းထားတဲ့ ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်ကစပြီး ဝိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။

    ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့ တခုတည်းကျန်ရှိနေတဲ့ ဗျူဟာမကျရေး နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

    “သတင်းတွေက မဟုတ် မမှန်ဘူးနော်။ သတင်းမှာ တင်ထားတာတွေ တွေ့တယ်။ ဖာပွန်ကို အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ဝင်ပြီး တိုက်တာတော့ မရှိဘူး။ ပုံမှန်အတိုင်းပဲ နွေရောက်လာလို့ အရင် နှစ်လိုပဲ ပုံမှန်အတိုင်း တဖက်နဲ့တဖက် ပစ်ကျတာပဲရှိတယ်။ အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ဝင်တိုက်တာ မရှိဘူး။ ဟိုဘက်ကလည်း၊ ပစ် ဒီဘက်ကလည်း ပစ်ဆိုတော့ လေယာဉ်ပျံတွေက တအားလာပြီးတော့ ဗုံးကြဲတာတို့ ပစ်တာတို့ ဘာတို့ရှိတယ်။ နေ့တိုင်းလိုလိုပဲ။ တခါတလေ နေ့ကော ညကော လာပြီးတော့ လေယာဉ်ပျံနဲ့ လာပစ်တယ်။ အဲဒါကျတော့ သူတို့ စခန်းတွေမကျရေးအတွက် သူတို့လာပြီးတော့ ပစ်ကူပေးတဲ့ သဘောပဲ။ ဒီစခန်းကတော့ အခုထက်ထိတော့ ပုံမှန်အတိုင်းပဲ သူတို့ ရှိနေတုန်းပဲ။”

    ဒါ့အပြင် စစ်ကောင်စီက ဆုံးရှုံးထားတဲ့ ဖာပွန်မြို့အပါအဝင် တပ်စခန်းတွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ မြေပြင် ဝေဟင်ပစ်ကူရယူပြီး ဝါးဒူးကျေးရွာကနေ စစ်ကြောင်းထိုးနေပါတယ်။

    ဒါပေမဲ့ ၄ လကျော် ကြာမြင့်လာတဲ့အထိ ရှေ့ဆက်တိုးမရဘဲ ထိခိုက်ကျဆုံးသူများပြီး ပြန်လည်ဆုတ်ခွာနေရပါတယ်။

    ဒါကြောင့် DKBA နဲ့ BGF တပ်ဖွဲ့တွေက စစ်ကောင်စီနဲ့ ပေါင်းပြီး သူတို့အကျိုးအမြတ်အတွက် တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

    ကရင်စစ်ရေးလေ့လာသူတယောက်က “ဗိုလ်ဘိတို့ အခြေစိုက်ထားတဲ့အဖွဲ့တွေက သွားသွားပြီးတော့ တိုက်နေတာက ကြာပြီလေ။ အဓိက တိုက်ရတဲ့အကြောင်းအရင်းကတော့ ကျနော်တို့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ ဒီသဘာဝသယံဇာတနဲ့ အဓိက ပတ်သက်တယ်လို့ ကျနော်တို့ကမြင်တယ်။ နောက်တခုက တဖက်မှာ BGF ဆိုလိုရှိရင် စစ်ကောင်စီ ရှိတဲ့အခါကျတော့ တကယ်လို့တာ အဲဒီနယ်မြေ စိုးမိုးလို့ရမယ်၊ ဝင်လို့ရမယ်ဆိုလိုရှိရင် အဲဒီမှာရှိတဲ့ သဘာဝ သယံဇာတ ရွှေတူးဖော်ရေ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မှ စစ်ကောင်စီနဲ့ ပေါင်းပြီး သူတို့အကျိုးအမြတ်တွေ ရနိုင်တဲ့အကွက်အကွင်းတခုဖြစ်တယ်။ အဲအတွက်ကြောင့် သူတို့အဓိကထားပြီတော့ တိုက်နေတယ်လို့ ယူဆရတယ်” လို့ ပြောပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဖာပွန်၊ ကတိုင်တိ၊ ဖားပေါင်၊ ကပ်ကျော်၊ မီဇိုင်း၊ ဝါးကော်၊ ဝါးသိုခို စတဲ့ အနီးအနားကျေးရွာတွေက ဒေသခံပြည်သူ ၁ သောင်းနီးပါးဟာ မြိုင်ကြီးငူ၊ ကမမောင်း၊ ဘားအံမြို့နဲ့ ဘေးလွတ်ရာ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

    စစ်ရှောင်ပြည်သူတွေဟာ စစ်‌ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေးလည်း အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

    ✍🏻အောင်ခန့်

  • စစ်တပ်က ကသာမြို့အထွက် ပိတ်ပြီး မြို့ပြင်ကို ဆက်တိုက်ဗုံးကြဲ

    စစ်တပ်က ကသာမြို့အထွက် ပိတ်ပြီး မြို့ပြင်ကို ဆက်တိုက်ဗုံးကြဲ

    စစ်ကိုင်းတိုင်း၊ ကသာမြို့ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်တာကြောင့် စစ်ကောင်စီတပ်က မြို့ဝင် မြို့ထွက်ကို ဒီဇင်ဘာ ၂၉ ရက်က စတင်ပိတ်လိုက်တာကြောင့် ဒေသခံတွေ အပြင်မထွက်နိုင် ဖြစ်နေတယ်လို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းကစလို့ အပြန်အလှန်ပစ်ခတ်သံတွေ စတင်ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်အထိ မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေကာ ဒေသခံတွေ မြို့ပြင်ထွက် တိမ်းရှောင်ကြပေမဲ့ စစ်ကောင်စီက ပြန်လှည့်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

    ဒေသခံတယောက်က “ဒီဇင်ဘာ ၂၇ ရက်မှာ မြို့ပတ်လည်မှာ ဖြစ်နေပါတယ်။ လက်နက်ကြီးသံရော၊ အသေးသံတွေပါ ကြားနေရပါတယ်။ မြို့အနေအထားလည်း တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။ မနားပါဘူး၊ အသံတွေက မြို့ပတ်လည်မှာ ကြားရပါတယ်” လို့ ပြောပါတယ်။

    ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲကျင်းပနေချိန်မှာလည်း ကသာမြို့ထွက်က အပြန်အလှန် ပစ်ခတ် ထိတွေ့တိုက်ပွဲ ဖြစ်နေပြီး ခမရ ၃၀၉ စစ်တပ်ကနေ မြို့ပြင်ကို လှမ်းပစ်တာတွေ၊ မြို့တွင်းမှာလည်း လက်နက်ရိက္ခာတွေနဲ့ ကသာမြို့ထွက်ကို စစ်ကြောင်းထိုးဖို့ စစ်သား‌တွေ စီတန်း ထွက်ခွာတာကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

    ဒေသခံတယောက်က “မဲသာသွားပေးလိုက်ရတာ တမနက်လုံး၊ တညလုံး ပွက်လောရိုက်နေတာ။ လက်နက်ကြီးသံတွေ၊ အသေးသံတွေ ကြားထဲကပဲ။ ဒီလိုအနေအထားမျိုးနဲ့ မဲပေးရတာကတော့ ထူးခြားအံ့ဘွယ်ပါပဲ။ ဘယ်အချိန် ကိုယ့်‌ခေါင်းပေါ် ကျလာမလဲ သည်းထိတ်ရင်ဖိုနဲ့၊ မဲရုံ‌ရှေ့ကနေလည်း စစ်သားတွေက တန်းစီပြီး စစ်ကြောင်းထိုးဖို့ မြို့ပြင်ကို သွားနေကြ၊ မဲပေးမယ့်သူတွေက တန်းစီနေကြတဲ့ မြင်ကွင်း၊ ဒီလိုမျိုး ဘယ်နိုင်ငံမှာများ ရှိလဲနော်” လို့ ပြောပါတယ်။

    ဒါ့အပြင် ညနေ ၄ နာရီခွဲမှာ ဂျက်ဖိုက်တာတစီး မြို့ပေါ်ကို အချိန်ကြာစွာ ပျံဝဲနေကာ မြို့ထွက်နေရာကို ဗုံး ၂ လုံး ပစ်ချသွားခဲ့တယ်လို့ ဆိုပါတယ်။

    ညနေပိုင်းမှာတော့ ကသာမြို့အထွက်နဲ့ နီးတဲ့ ရပ်ကွက်တချို့က ပြည်သူတွေ စတင်တိမ်းရှောင်ကြပြီး မြို့ပေါ်ရပ်ကွက်တွေရှိ နီးစပ်ရာ အသိမိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေဆီကို သွားရောက်နေထိုင်နေကြရပါတယ်။

    “ကျမတို့တွေနေတာက မြို့ထွက်မှာ၊ မြို့ပတ်လည်မှာက အသံက ပေါင်းစုံနေပြီ၊ မြို့ပြင်ထွက်လို့ လုံးဝမရတော့ဘူး။ ရပ်ကွက် ၉ ပတ္တမြားရပ်ကွက်မှာ လူထိခိုက်တာရှိတယ်၊ အမျိုးသမီးတဦး ခြေထောက် ယမ်းစမှန်တယ်၊ အမျိုးသားတဦး ဆီးခုံနားထိတယ် သိထားရတော့ တိုက်ပွဲနဲ့နီးတဲ့ နေရာမျိုးကနေ ရှောင်ကြရတာ။”

    ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းမှာတော့ ကသာမြို့ ထွက်ပေါက်တွေ လုံးဝပိတ်နေပြီလို့ သိရပြီး အထုပ်အပိုးပြင်ဆင်ကာ ကား၊ ဆိုင်ကယ်၊ သုံးဘီးတွေနဲ့ ထွက်ခွာကြပေမဲ့ စစ်တပ်ပိတ်ထားလို့ မြို့ခံတွေလည်း ကသာမြို့အထွက် တုန်ပေါရွာအနီးကနေ ပြန်လှည့်ခဲ့ကြရတယ်လို့ သိရပါတယ်။

    “စစ်ရေးအနေအထားက ဒီဘက်က မြို့ထဲရှိတဲ့ စစ်တပ်က မြို့ပြင်ဖြစ်တဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတယ်။ ဟိုဘက်က PDF တွေက အတိုးမခံဘူး။ အဲတော့ မြို့ပတ်လည်မှာ အသံတွေ မစဲဘူး။ ခမရ ၃၀၉ ကလည်း လက်နက်ကြီး ပစ်တယ်။ ကသာမြို့အထွက် ပတ္တမြားရပ်ကွက်ကလည်း ပစ်နေတယ်။ ဇေယျာချောင်ရပ်ကွက် ၅ အရှေ့ကုန်းမှာလည်း စစ်တပ်က ပစ်နေတယ်။‌ အထက ၂ ကျောင်းဘောလုံးကွင်းထဲလည်း ရဲတွေ ပစ်တယ်။ စေတီကုန်း၊ မိဿလင်း၊‌ ရပ်ကွက် ၈ ရွှေကုက္ကိုသစ်ပင်နားကနေ စစ်တပ်က ပစ်နေတယ်။ ကသာမြို့ အောက်ဘက်ရပ်ကွက် ၁၀ သဖန်းကိုင်းမှာလည်း စစ်သားတွေ နေရာယူထားပြီး ပစ်တယ်။ ခမရ ၃၀၉ အနောက်၊ သာယာကုန်း(ကချင်စု)မှာလည်း စစ်တပ် ရှိတယ်။ တခါတခါ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကို အကျဉ်းထောင်ကနေ လှမ်းပစ်တယ်။”

    ပစ်ခတ်မှုတွေကြောင့် ကသာမြို့ပေါ်က ဈေးဆိုင်တွေ ပိတ်ထားကြပြီး၊ တိတ်ဆိတ်ခြောက်ကပ်နေကာ ရွေးကောက်ပွဲရလဒ်ကိုလည်း ဘယ်သူမှ စိတ်ဝင်တစားမရှိကြဘူးလို့ ဆိုပါတယ်။

    ဒီနေ့ နောက်ဆုံးရသတင်းအရ ရပ်ကွက် ၇ ကြံတောရပ်ကွက်မှာ အိမ် ၂ လုံး မီးလောင်နေသလို အမျိုးသားတယောက် ဒရုန်းဗုံးကျလို့ သေဆုံးတယ်လို့ သိရပါတယ်။

    ကသာမြို့ပေါ်ကို Y12 ပျံဝဲနေသလို မြို့ပြင်ကို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

    ကသာမြို့နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲမပြုလုပ်ခင် ဒီဇင်ဘာ ၄ ရက်ကစပြီး ဒီနေ့အထိ နေ့စဉ်ဆိုသလို လက်နက်ကြီး၊ လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

  • တရုတ်ရေတပ်ကို ဟန့်တားရန် ဂျပန် F-2 တိုက်လေယာဉ် ၁၆ စင်း ဒုံးကျည်အပြည့်ဖြင့် အရေးပေါ် ပျံတက်

    တရုတ်ရေတပ်ကို ဟန့်တားရန် ဂျပန် F-2 တိုက်လေယာဉ် ၁၆ စင်း ဒုံးကျည်အပြည့်ဖြင့် အရေးပေါ် ပျံတက်

    ဒေသတွင်း တရုတ်ရေတပ်၏ လှုပ်ရှားမှုများ မြင့်တက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်က သင်္ဘောဖျက်ဒုံးကျည် စုစုပေါင်း ၆၄ စင်း တပ်ဆင်ထားသည့် F-2 တိုက်လေယာဉ် ၁၆ စင်းကို အရေးပေါ် ပျံတက်စေခဲ့သည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ဖူကူအိုကာပြည်နယ်ရှိ ဆူအီကီလေတပ်စခန်း၌ ဂျပန်လေကြောင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JASDF) မှ F-2 တိုက်လေယာဉ် အနည်းဆုံး ၁၆ စင်း လေ့ကျင့်ပျံသန်းမှု များ ပြုလုပ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း Naval News သတင်းဌာနတွင် ဂျပန်လေ့လာသူ ယိုရှီဟီရို အီနာဘက ရေးသားခဲ့သည်။

    တိုက်လေယာဉ်တစင်းချင်းစီတွင် အကွာအဝေး ကီလိုမီတာ ၁၄၀ ကျော်အထိ ပစ်ခတ်နိုင်သော ASM-2 သင်္ဘောဖျက်ဒုံးကျည် လေးစင်းစီ တပ်ဆင်ထားသည်။

    ASM-2 ဒုံးကျည်တွင် အနီအောက်ရောင်ခြည်သုံး ပစ်မှတ်ရှာဖွေရေးစနစ်၊ ရန်သူ့နှောင့်ယှက်မှုများကို ခွဲခြားနိုင်သည့်စနစ်နှင့် ပစ်မှတ်သင်္ဘောများ၏ ပုံသဏ္ဌာန်ကို မှတ်မိခွဲခြားနိုင်သည့် အချက်အလက် စနစ်တို့ ပါဝင်သည်။

    ဆူအီကီလေတပ်စခန်းသည် F-2 တိုက်လေယာဉ်များ အသုံးပြုသည့် အမှတ် (၆) နှင့် အမှတ် (၈) နည်းဗျူဟာမြောက် တိုက်လေယာဉ်အုပ်များ အခြေစိုက်ရာနေရာဖြစ်သည်။ လေယာဉ်အုပ်တခုစီတွင် တယောက်စီး F-2A လေယာဉ် ၁၈ စင်းနှင့် နှစ်ယောက်စီး F-2B လေယာဉ် နှစ်စင်းစီဖြင့် စုစုပေါင်း လေယာဉ်အစင်းရေ ၂၀ စီ ရှိကြသည်။

    ယခုကဲ့သို့ သင်္ဘောဖျက်ဒုံးကျည်များအပြည့်အစုံတပ်ဆင်ထားသည့် တိုက်လေယာဉ်အရေအတွက် အမြောက်အမြားကို တပြိုင်နက်တည်း အင်အားပြစေခြင်းမှာ ပုံမှန်မဟုတ်သော ဂျပန်၏ ထူးခြားသည့် လုပ်ရပ်ဖြစ်သည်။

    ကျူရှူးကျွန်းအနီးတွင် လှုပ်ရှားနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ လျောင်နင်းလေယာဉ်တင်သင်္ဘောအုပ်စုကို ဟန့်တားရန် ရည်ရွယ်၍ ဤကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း စစ်ဘက်လေ့လာသူက သုံးသပ်ထားသည်။

    ဒီဇင်ဘာ ၆ ရက်တွင် အိုကီနာဝါကျွန်းမကြီးနှင့် မီယာကိုကျွန်းကြားရှိ မီယာကိုရေလက်ကြားကို ဖြတ်သန်းပြီး နောက် လျောင်နင်းလေယာဉ်တင်သင်္ဘောသည် အိုကီနာဝါတောင်ဘက် ရေပြင်တွင် အရှေ့မြောက်ဘက်သို့ ရုတ်တရက် လမ်းကြောင်းပြောင်းခဲ့ပြီး ဒီဇင်ဘာ ၇ ရက်တွင် ကျူရှူးကျွန်းတောင်ဘက် ရေပြင်သို့ ဆက်လက်ခုတ်မောင်းခဲ့သည်။

    ယခုအတောအတွင်း လျောင်နင်းသင်္ဘောပေါ်ရှိ J-15 တိုက်လေယာဉ်များသည် ဂျပန် F-15 တိုက်လေယာဉ် များကို ရေဒါများဖြင့် ပစ်မှတ်ထားချိန်ရွယ်ခဲ့ရာ တရုတ်စစ်တပ်နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    Militarnyi မှ Japan Scrambles 16 F-2 Fighter Jets with Anti-Ship Missiles in Response to China’s Actionsအား သောမတ် ဘာသာပြန်သည်။

  • မြို့ခံတဝက် စစ်ရှောင်လိုက်ရတဲ့ ကသာမြို့ နောက်ဆုံးအခြေအနေ

    မြို့ခံတဝက် စစ်ရှောင်လိုက်ရတဲ့ ကသာမြို့ နောက်ဆုံးအခြေအနေ

    ကသာမြို့မှာ ဒီဇင်ဘာလ(၄)ရက်နေ့ကစပြီး ပစ်ခတ်သံတွေနဲ့အတူ တိုက်ပွဲတွေ စလာခဲ့ပြီး ခုဆိုရင် တလနီးပါးရှိလာပြီဖြစ်ပါတယ်။

    အဲဒီနေ့ နေ့လည် ၁၂ နာရီခွဲမှာ လေယာဉ်တွေနဲ့ ကသာမြို့အထွက် လမ်းနဘားကြီးရွာအနီးကိုဗုံးချသံ ၊ညအချိန်မြို့ထွက်မှာပစ်ခတ်၊ပေါက်ကွဲသံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “ဒီဇင်ဘာလ ၇ ရက်ည ၈ နာရီခွဲမှာ မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ခမရ(၃၀၉)စစ်တပ်က ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်ညနဲ့မနက်မှာလည်း ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၃ ရက်၊ ၂၂ ရက်၊ ၂၃ ရက်တွေမှာနေ့အချိန်ညအချိန်တွေမှာလက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။ “ လို့ ဆိုပါတယ်။

    ဒီဇင်ဘာလ ၂၄ ရက်နေ့မှာတော့ ကသာမြို့အနီးအောင်ပုံကျေးရွာကိုလေယာဉ်နဲ့ ဗုံး(၂)လုံးကြဲခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်၊ ၂၆ ရက်၊ ၂၇ ရက်တွေမှာမြို့ပတ်လည်ကိုဆက်တိုက်ပစ်ခတ်နေကာ ရွေးကောက်ပွဲ မကျင်းပခင် တရက်အလို ဒီဇင်ဘာ ၂၇ ရက်နံနက်(၈)နာရီမှာတော့ အပြန်အလှန်ပစ်ခတ်သံတွေ စတင်ပြီး တရက်တာလုံး ထိတွေ့တိုက်ပွဲတွေမြို့ပတ်လည်မှာရှိနေခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    “ဒီဇင်ဘာ(၂၇)ရက်မှာမြို့ပတ်လည်မှာဖြစ်နေပါတယ်။လက်နက်ကြီးသံရော၊အသေးသံတွေပါကြားနေရပါတယ်။မြို့အနေအထားလည်းတိတ်ဆိတ်ခြောက်ကပ်နေပါတယ်။မနားပါဘူးအသံတွေကမြို့ပတ်လည်မှာကြားရပါတယ်။”လို့ကသာမြို့နေထိုင်သူကပြောပါတယ် ။

    ဒီဇင်ဘာလ(၂၈)ရက်နေ့ရွေးကောက်ပွဲကျင်းပနေချိန်မှာလည်းကသာမြို့ထွက်ကအပြန်အလှန်ပစ်ခတ်ထိတွေ့တိုက်ပွဲဖြစ်နေပြီးခမရ(၃၀၉)စစ်တပ်ကနေမြို့ပြင်ကို လှမ်းပစ်ခြင်းရှိပြီးမြို့တွင်းမှာလည်း လက်နက်ရိက္ခာများနဲ့ကသာမြို့အထွက်သို့ စစ်ကြောင်းထိုးရန်စစ်သား‌တွေစီတန်းထွက်ခွာ တာကိုမြင်တွေ့ ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    “မဲသာသွားပေးလိုက်ရတာတမနက်လုံး၊ တညလုံးပွတ်လောရိုက်နေတာ၊ လက်နက်ကြီးသံတွေ၊ အသေးသံတွေကြားထဲကပဲ။ ဒီလိုအနေအထားမျိုးနဲ့မဲပေးရတာကတော့ထူးခြားအံ့ဘွယ်ပါပဲ၊ ဘယ်အချိန်ကိုယ့်‌ခေါင်း ကျည်ထိမလဲ ဆိုတာမျိုးပေါ့ “ လို့ မဲပေးခဲ့သူ မြို့ခံက ပြောပါတယ်။

    နောက်ဆုံးရသတင်းအရ ယနေ့(၂)နာရီမှာရပ်ကွက်(၇)ကျန်တောရပ်ကွက်မီး​မှာ မီးလောင်နေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

    ပစ်ခတ်သံများကြားမှာဒေသခံပြည်သူတွေစိုးရိမ်ထိတ်လန့်လျက်ရှိပြီး ရွေးကောက်ပွဲရလဒ်ကိုလည်း ဘယ်သူမှစိတ်ဝင်တစားမရှိကြကြောင်းသိရပါတယ်။

    လက်ရှိမှာတော့ ကသာမြို့ပေါ်အထိ တိုက်ပွဲ ပြင်းထန် ဖြစ်ပွားနေပြီး လက်ရှိမှာ မြို့အဝင် အထွက်လည်း ယာယီပိတ်ထား တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

    ကသာမြို့ရှိ ၅ ရပ်ကွက် နဲ့ ၈ ရပ်ကွက် ဘက်ခြမ်းမှာ KIA ဦးဆောင် ပူးပေါင်း လက်နက်ကိုင် တပ်တွေနဲ့ အစိုးရ တပ် အကြား တိုက်ပွဲ ဖြစ်ပွား နေတာ ဖြစ်ကြောင်း ၊ မြို့တွင်းပိုင်း ဘက်အထိတော့ ပစ်ခတ်မှုတွေ မရှိသေးဘူးလို့ သိရပါတယ်။

    ” မြို့ပေါ်ဆိုပေမယ့် မြို့အစပ်က နေရာ တွေ ဖြစ်နေတာပါ ။မြို့တွင်းထဲကို မရောက်သေးဘူး ။ ထွေအုပ်ရုံးထိလည်း မရောက်သေးဘူး ။ ဇေယျာချောင်ဘက်မှာ ဖြစ်နေတာပေါ့။ ဇေယျာချောင်ဆိုတာ ရပ်ကွက်ငါးကို ခေါ်တာ ။သူတို့က အစွန်တွေပေါ့ ။အခုရပ်ကွက် ၈ ဆိုတာ ပိန္နဲကုန်းပေါ့ ။သူတို့က မြို့ထဲပါပေမယ့် ကျေးရွာတွေ နဲ့ထိစပ်နေတာ ။ တပ်က အခုက ဘုန်းကြီးကျောင်း တချို့မှာ တပ်စွဲထားတယ် သိရတယ် ။ စေတီကုန်း ဘုန်းကြီးကျောင်းတော့ မီးလောင်သွားပြီ သိရတယ်။ ” လို့ ကသာမြို့ခံ တယောက်က ပြောပါတယ် ။

    ကသာမြို့နယ်ထဲက ကျေးရွာအချို့မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ ညပိုင်းကတည်းက တိုက်ပွဲစတင် ဖြစ်ပွား ခဲ့တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်မှာတော့ ကသာမြို့အစပ်ရှိ ရပ်ကွက် နှစ်ခုအထိ တိုက်ပွဲ ရောက်ရှိလာတာ ဖြစ်တယ်လို့ သိရပါတယ် ။

    ကသာမြို့ပေါ်ထိ ရောက်ရှိလာတဲ့ တိုက်ပွဲကြောင့် မြို့ခံ တဝက်ကျော် လောက်ဟာ မြို့ကို စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင် မှုတွေ ရှိနေထားပြီး ဒီနေ့မှာတော့ မြို့ အဝင်အထွက်ကို ပိတ်လိုက်လို့ မြို့ထဲ ကျန်ရှိသူတွေ စစ်ရှောင်နိုင်ဖို့ ခက်ခဲနေ တယ်လို့ သိရပါတယ် ။

    “ဒီမနက်ကစပြီး အဝင်အထွက် ပိတ်လိုက်ပြီ ။မရတော့ဘူးပေါ့။ စစ်ရှောင်သူ တွေ ရှိတယ်။ မြို့ရဲ့ သုံးပုံ နှစ်ပုံလောက်က ရှောင်ကုန်ပြီ ။ ထွက်သွားကြပြီ။ တနေ့ ကတည်းက စစ်ရှောင်ကြတာ ။ မနေ့က သိပ်မရှောင်ကြဘူး ။ မဲပေးတာနဲ့ဆိုတော့ ကြားညှပ်မှာ ကြောက်လို့လေ ။ မလွှဲသာလို့ ပြေးကြရတာ ။ ဒီနေ့ကတော့ ထွက်လို့ကိုမရ တော့ဘူး ။ ” လို့ ဒေသခံဆီက သိရပါတယ်။

    လက်ရှိမှာ ကသာမြို့ကနေ စစ်ရှောင်သူတွေဟာ မဲဇာ ၊ မော်လူး ၊ မိုးညှင်း စတဲ့ နီးစပ်ရာ ဒေသတွေကို စစ်ဘေး ရှောင်မှုရှိနေတယ် လို့သိရပါတယ် ။တိုက်ပွဲ ဧရိယာ အနီးတဝိုက်ရှိ ကျေးရွာအချို့လည်း စစ်ရှောင် ရမှုရှိနေတယ်လို့ သိရပါတယ်။

    ကသာမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ကြားမှာပဲ မနေ့က ဒီဇင်ဘာ ၂၈ ရက်နေ့ အပိုင်း ၁ ရွေးကောက်ပွဲ ကျင်းပခဲ့ တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – ဒေသခံ

  • နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတဖျော်ဖြေပွဲ မန္တလေးမှာ စည်စည်ကားကား ကျင်းပမယ်

    နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲနဲ့ ဂီတဖျော်ဖြေပွဲ မန္တလေးမှာ စည်စည်ကားကား ကျင်းပမယ်

    ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ကို ကူးပြောင်းမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့ ည မန္တလေးမှာ နှစ်သစ်ကူးပျော်ပွဲရွင်ပွဲတွေနဲ့အတူ ဂီတဖျော်ဖြေပွဲတော်ကြီးကိုလည်း ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သိရပါတယ်။

    နှစ်သစ်ကူးပျော်ပွဲ ရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၆ နာရီက စပြီး ၆၆ လမ်းနဲ့ ၂၆ လမ်း(ကျုံးထောင့်)မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်တယ်လို့ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန ကနေ သိရပါတယ်။

    နှစ်သစ်ကူးပွဲတော်အတွက် ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၀ လမ်းကြားမှာ စားသောက်ဆိုင်တွေ ခင်းကျင်းရောင်းချပေးသွားမှာဖြစ်ပြီး ပွဲတော်ကိုလာတဲ့ ပရိတ်သတ်တွေ အဆင်ပြေဖို့ ၂၆ လမ်း၊ ၆၂ လမ်းမှ ၆၄ လမ်း၊ ၂၇ လမ်း ၆၈ လမ်းမှ ၇၀ လမ်း နဲ့ ၆၈ လမ်း ၂၇ လမ်းမှ ၂၉ လမ်းတွေမှာ ယာဥ်ရပ်နား အပ်နှံဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

    New Year ည နှစ်သစ်ကူးပွဲတော်ညတွင် နိုင်ငံကျော် သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်တဲ့ မယ်လိုဒီ၊ မေလသံစဥ်၊ အေးမြဖြူ၊ သားစိုး၊ ဖိုးသောကြာ၊ ရဲထွဋ်ကျော်၊ ဇော်ကို၊ ချစ်ဇွဲသာ၊ ခိုင်ဇင်လင်း၊ ဇင်နွယ်ခိုင်၊ DJ Bella၊ Dancer တို့က ဖျော်ဖြေသွားမှာဖြစ်ပြီး မန်းစည်ပင်တေးဂီတအဖွဲ့ အပါဝင် ပရိတ်သတ်တွေနဲ့အတူ နှစ်သစ်ကူး မီးရှုး မီးပန်းတွေကို ရင်သပ်ရှုမောဖွယ် ပစ်ဖောက်ကျင်းပသွားမည်ဖြစ်လို့မန္တလေးမြို့တော်သူ၊ မြို့တော်သားများအနေနဲ့ ပျော်ရွှင်စွာအတူဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကနေ သိရပါတယ်။

    သတင်းဓာတ်ပုံ / ပြန်ကြားရေးဝန်ကြီးဌာန

    ပုံစာ / ၂၀၂၄ ခုနှစ်က new year နေ့ ကျင်းပခဲ့တဲ့ (ပုံအဟောင်း)