Category: News

  • PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

    PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ

    PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့တွေကို ဝိုင်းရံပိတ်ဆို့ထားဟု NUG ကာကွယ်ရေးထုတ်ပြန်

    စစ်ကူစစ်ကြောင်းကိုတိုက်ခိုက် ကား ၅ စီးဖျက်ဆီးနိုင်ခဲ့ပြီး စစ်တပ်ထိခိုက်ကျဆုံးများ

    လေယာဉ်ဗုံးနဲ့ လက်နက်ကြီးထုတ်ရာ ပကစ စက်ရုံး ၃ခုကို ဓာတ်အားပေးတဲ့ ဓာတ်တိုင်ပေါင်း ၁၀၀ ကျော် မိုင်းခွဲတိုက်ခိုက်

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ဦးစီးကွပ်ကဲမှုနဲ့ မကွေးတိုင်း မြို့နယ် ၆ခုက စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စလင်းမြို့နယ်ကစလင်းမြို့နဲ့ ဆင်ဖြူကျွန်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဝန်းရံပိတ်ဆို့ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

    PDF တပ်မတော်က ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံလျက် အကြမ်းဖက်စစ်ကော်မရှင်အား ဘက်ပေါင်းစုံမှ စဉ်ဆက်မပြတ် ထိုးနှက်တိုက်ခိုက်လျက်ရှိရာ စစ်တပ်ရွေးကောက်ပွဲ ပထမအကျော့ ကျင်းပမယ့် စလင်းမြု့နယ်နဲ့ ပွင့်ဖြူမြု့နယ် အပါအဝင် မြို့နယ်ပေါင်း ၆ခုက စစ်ကောင်စီတပ်စခန်းတွေကို ဒီဇင်ဘာလ (၂၃) ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ၂၈ရက်နေ့အထိ ၆ရက်တာ စစ်ရေး အခြေအနေကို အသိပေးခဲ့တာဖြစ်ပါတယ်။

    စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးတွေအနက် ဒီဇင်ဘာလ (၂၅) ရက် ည (၇) နာရီခန့်မှာ စလင်းမြို့မှ ဆင်ဖြူကျွန်းမြို့သို့ ဦးတည်ထွက်ခွါတဲ့ အင်အား (၁၇၀) ခန့်ပါ ရန်သူ့စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအ သိပေးပြီး တိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှာ ပါလာတဲ့ လက်နက်ခဲယမ်း နဲ့ ဒရုန်းတွေတင်လာတဲ့ မော်တော်ယာဉ် ၅စီးစလုံးနေရာတွင် ပေါက်ကွဲပျက်စီးခဲ့ကြောင်း မှတ်တမ်းပုံတွေ ဖော်ပြ ခဲ့ပါတယ်။

    စစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားကြောင်းလည်း ထုတ်ပြန်ပါတယ်။

    ထိုးစစ်ပြုလုပ်ရာ မြို့နယ် ၆ခုအတွင်းရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး နဲ့ စစ်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦးတွေကို မီးရှို့ဖျက်စီးနိုင်ခဲ့ကြောင်း အသိပေးထားပြီး အသေးစိတ်ကို ဖော်ပြမထားပါဘူး။

    ဒါ့အပြင် ပြည်သူလူထုကို ဦးတည်လျက် လေကြောင်း တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ လေယာဉ်ဗုံးတွေ ထုတ်လုပ်ရာ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ (၂၁)၊ ကပစ (၂၂)နဲ့ လက်နက်ကြီး ကျည်ဆံများထုတ်လုပ်ရာ ပေါက်မြို့နယ်အတွင်းရှိ ကပစ (၂၄) တို့ကို သွယ်တန်းထားသော လျှပ်စစ်မဟာဓါတ်အားလိုင်းမှ ဓါတ်တိုင်ပေါင်း (၁၀၀) ကျော်ကို တပြိုင်နက်တည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

    စလင်း၊ ဆင်ဖြူကျွန်း ထိုးစစ်ကို စစ်ကောင်စီကလည်း လေကြောင်း ပစ်ကူ အများအပြားနဲ့ ခုခံလျက်ရှိပြီး စစ်ဆင်အားတွေဖြည့်တင်းတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် စလင်းမြို့နယ်နဲ့ ဆက်စပ်ဒေသတွေမှာ စစ်ကြောင်းတွေလှုပ်ရှားလျက်ရှိပြီး ပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုနေတာတွေလည်းရှိနေပါတယ်။

    မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်း​တွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မ​တော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူကPeople’s Spring ကို ပြောကြားထားပါတယ်။အထက်ပါမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်စစ်ရှောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

    စစ်တပ်လုပ်တဲ့ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာနဲ့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ပြသတာဖြစ်တယ် လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကလည်း စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    (စစ်တပ်ယာဥ်တန်း​ကို PDF ​တွေကတိုက်ခိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD)

  • အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်

    စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်

    စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်တဲ့နေ့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်းကျောင်းကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

    “ဒီနေ့က နှစ်ပွဲ။ လပခကိုပစ်တယ်။ သံတောင်ကြီး ဘုရင့်နောင်တပ်ကိုလည်း ထပ်ပစ်ထားတယ်” လို့ BWMက ပြောပါတယ်။

    စစ်ကောင်စီရွေးကောက်ပွဲ ပြုလုပ်တဲ့ ဒီနေ့ (ဒီဇင်ဘာ ၂၈) နံနက် ၁ နာရီမှာ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုန်း ငါးလုံးပစ်ခဲ့တာဖြစ်ပြီး လေးလုံးအောင်မြင်ခဲ့တယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။

    အဲဒီစစ်ဆင်ရေးကို BWM ရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow (အညာ) နဲ့ Infinity စတဲ့ ပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ် နှစ်ဦးသေဆုံးကာ ထိခိုက်မှုများနိုင်တယ်လို့ BWM ကဆိုပါတယ်။

    ရှော့တိုက်ဒုန်းလေးလုံးထဲက သုံးလုံးဟာ ကျုံးထဲ ကျခဲ့ပြီး တစ်လုံးကတော့ နန်းတွင်းထဲကို ကျ‌တာကြောင့် ထိခိုက်သူနှစ်ဦးရှိတယ်လို့ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်က စစ်ကောင်စီ ထောက်ခံတဲ့ မီဒီယာတွေကို ဖြေကြားထားပါတယ်။

    အဲဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး စစ်ဆင်ရေးလုပ်ဆောင်တဲ့ အဖွဲ့တွေ ထိခိုက်မှုမရှိပေမယ့် ပြည်သူတချို့တော့ ထိခိုက်မှုရှိတာကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ BWM ကထုတ်ပြန်ထားပါတယ်။

    မဟာမိတ်အဖွဲ့‌ တွေအနေနဲ့ အဲဒီစစ်ဆင်ရေးလုပ်ဆောင်ရတာက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက ဆန့်ကျင်ကြောင်း ပြတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    သံတောင်ကြီးမြို့နယ်က ဘုရင့်နောင်တိုက်ခိုက်ရေး သင်တန်းကျောင်းကိုတော့ ဒီနေ့ နေ့လည် ၁ နာရီလောက်မှာ ရှော့တိုက်ဒုန်း ခြောက်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

    ဒီသင်တန်းကျောင်းက စစ်ကောင်စီအရာရှိတွေကို တပ်ရင်းမှုး ၊ တပ်စုမှုး ၊ တပ်ခွဲမှုး သင်တန်းပေးနေတာဖြစ်ပြီး လက်ရှိမှာလည်း တပ်ရင်းမှုးသင်တန်းပေးနေတာကြောင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ဒီစစ်ဆင်ရေးကိုတော့ BWM ရဲ့ ဦးဆောင်မှုနဲ့ Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်းအထူးဒေသ ဖိုက်တာဆားခဲ အဖွဲ့ တို့က KNLA တပ်မဟာ (၂) ၊ တပ်ရင်း (၅) နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

    တိုက်ခိုက်ရေးသင်တန်းကျောင်းထဲကနေ အနီးအနားကပြည်သူတွေကို ပစ်ခတ်မှုတွေပြုလုပ်နေတဲ့ လက်နက်ကြီးအထိုင်နေရာ အပါအဝင် တပ်ရင်းမှူး သင်တန်းဆောင် ၊ တပ်ရင်းမှူးအိပ်ဆောင် နဲ့ ဘုရင့်နောင်ကျောင်းဌာနချုပ်တွေ ကို ပစ်မှတ်ထားဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

    (ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ဖို့ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – BWM)

  • သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး

    သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး

    မြင်းခြံမြိုနယ်က သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီး

    မန္တလေးတိုင်း၊ မြင်းခြံမြို့အနီးမှာ သီတာယုမွန်လက်အောက်ခံ ပြည်သူ့စစ်မေသုံးဦးကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးရမိတယ်လို့ ထနောင်းမြေစစ်ကြောင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

    စစ်ဆေးမေးမြန်းနေတဲ့ကာလ ဖြစ်တဲ့အတွက် သတင်းအချက်အလက်များနဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပြန်မယ်လို့ ထနောင်းမြေစစ်ကြောင်းက အသိပေးပါတယ်။

    ထနောင်းမြေစစ်ကြောင်းတာဝန်ရှိသူက “ သေနတ်တွေတော့ မပါဘူး။ ထွက်ပြေးသေးတယ်။ သီတာယုမွန် တပည့်မလေးတွေမှန်း သိတယ်” လို့ ပြောပါတယ်။

    အဆိုပါပြည်သူ့စစ်မေသုံးဦးက မိုင်းထိထားတဲ့အတွက် ဆေးကုသပေးနေရတယ်လို့ ထနောင်းမြေစစ်ကြောင်းက ပြောပါတယ်။

    ဒီဖမ်းဆီးမှုကို ထနောင်းမြေစစ်ကြာင်းနှင့် မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    Photo – ထနောင်းမြေစစ်ကြောင်း

  • ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိမှုအပေါ် တရားမျှတမှုမရှိ၍ လုံး၀ လက်မခံဟု ကျားဖြူပါတီ၏ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး ကန့်ကွက်

    ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိမှုအပေါ် တရားမျှတမှုမရှိ၍ လုံး၀ လက်မခံဟု ကျားဖြူပါတီ၏ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး ကန့်ကွက်

    ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိမှုအပေါ် တရားမျှတမှုမရှိ၍ လုံး၀ လက်မခံဟု ကျားဖြူပါတီ၏ တောင်ငူခရိုင်ဥက္ကဋ္ဌ ဦးကျော်စိုး ကန့်ကွက်

    စစ်တပ်က ယနေ့ စတင်သည့် ရွေးကောက်ပွဲအပိုင်း ၁ တွင် ကြံ့ဖွတ်ပါတီက ကြိုတင်မဲအများဆုံး ရရှိနေမှုအပေါ် တရားမျှတမှုမရှိဘဲ တစ်ဖက်သတ်ဆန်၍ လုံး၀ လက်မခံဟု ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ-ကျားဖြူပါတီ-SNDP ၏ တောင်ငူခရိုင် ဥက္ကဋ္ဌ ဦးကျော်စိုးက လူမှုကွန်ရက်မှတစ်ဆင့် ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    ဒီဇင်ဘာလ ၂ ရက်နေ့ ရေတာရှည်မြို့နယ်တွင် ကြိုတင်မဲများကို ကောက်ယူရာ ကြံ့ဖွတ်ပါတီက မဲအများဆုံးရရှိပြီး ကျန်ပါတီများမှာ အနည်းငယ်သာရရှိကြောင်း၊ ယင်းကြိုတင်မဲများမှာ တရားမျှတမှု မရှိဘဲ တစ်ဖက်သတ်ဆန်၍ ကန့်ကွက်ကြောင်း ၎င်းက ဆိုသည်။

    “ရေတာရှည်မြို့နယ်မှာ ၁၅၈၃ မဲ ကြိုတင်မဲကောက်ယူတဲ့ နေရာမှာ ကျွန်တော်တို့ ရေတာရှည်မြို့နယ်ရဲ့ ကျားဖြူပါတီက အနိမ့်ဆုံး ၂ မဲတည်း ရရှိပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှာ ၂မဲတည်း ရရှိပါတယ်။ ကြံခိုင်ရေး ပါတီက ၁၄၉၀ တိတိ ရရှိပါတယ်။ ကျန်တဲ့ ပါတီတွေ သုံးပါတီ ၃ မဲ ၃ မဲ၊ တစညဆို ၅ မဲ ။ ပြည်သူ့ပါတီ ၃ မဲ၊ တောင်သူလယ်သမား ၃ မဲ၊ ၊ PPP ၃ မဲ အသီးသီးထဲမှာ ကျွန်တော်တို့ ရေတာရှည်မြို့နယ်ရဲ့ ကျားဖြူပါတီဟာ ၂ မဲတည်း ရရှိတာ ဖြစ်ပါတယ်။ ၂မဲ ပဲ ရရှိပြီးတော့မှ အရှက်ကွဲစေခဲ့ရပါတယ်။ တစ်ဖက်သတ်ဆန်ဆန်လုပ်သွားတဲ့ ကြိုတင်မဲကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ် ဦးကျော်စိုးမှ လုံးဝ လုံးဝ လက်မခံပါကြောင်း” ဟု ဦးကျော်စိုးက ဆိုသည်။

    ကြိုတင်မဲများ ကောက်ယူရာတွင် ကျားဖြူပါတီကို အသိပေးခြင်းမရှိဘဲ လုခြုံရေးကြိုးချည်နှောင်သည့် အခါတွင်လည်း ကျားဖြူပါတီက လုံးဝ ပါဝင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင်အနေဖြင့် ယင်းကိစ္စကို ဖြေရှင်းပေးရန် ၎င်းက တောင်းဆိုသည်။

    “ကြိုတင်မဲ ကောက်ယူမှု ဘယ်နေ့ကောက်ယူမယ်ဆိုတာ ကျားဖြူပါတီကို အသိပေးထားတာ မရှိသလို လုံခြုံရေးကြိုးချည်နှောင်တဲ့အခါမှာလည်း ကျွန်တော်တို့ ကျားဖြူပါတီ ရေတာရှည်မြို့နယ်ဟာ လုံးဝပါခြင်း မရှိပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လိုချင်တာသည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအစိုးရ တစ်ရပ်ပေါ်ပေါက်ရေး လုပ်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။ တရားမျှတမှု ရှိတယ်ဆိုရင် မျှတမှုရှိတဲ့ အရေအတွက်တော့ ပါတီတိုင်းမှာ ရနိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ တရားမျှတမှု မရှိဘူးလို့ ကျွန်တော်ကတော့ တောင်ငူခရိုင်ဥက္ကဋ္ဌ အနေနဲ့ တရားဝင်ပြောကြားလိုပါတယ်” ဟု ၎င်းက ထုတ်ဖော်ပြောဆိုသွားသည်။

    အကြမ်းဖက်စစ်တပ်၏ အတုအယောင်​ ရွေးကောက်ပွဲတွင် ကျားဖြူပါတီမှာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ရွေးကောက်ပွဲဝင်သော နိုင်ငံရေးပါတီဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၅၈၄ ဦး ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

  • ရွေးကောက်ပွဲနေ့ တနင်္သာရီတိုင်းစစ်ကော်မရှင်ရုံး၊ မန္တလေးနန်းတွင်း စစ်ဌာနချုပ်နှင့် မြဝတီကြံ့/ဖွံ့ရုံး ဗုံးကြဲခံရ

    ရွေးကောက်ပွဲနေ့ တနင်္သာရီတိုင်းစစ်ကော်မရှင်ရုံး၊ မန္တလေးနန်းတွင်း စစ်ဌာနချုပ်နှင့် မြဝတီကြံ့/ဖွံ့ရုံး ဗုံးကြဲခံရ

    ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်

    ရန်ကုန်တိုင်း ၊ ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၄၅ မိနစ်ခန့်တွင် ကမာရွတ်မြို့ နယ် ၊ အမှတ် ၃ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ်၏ မြို့ နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို တော်လှန်ရေး ရဲဘော်များက ပြင်းအားမြင့် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ကျနော်တို့ လုပ်စရာရှိတာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ပြည်သူတွေက တရားမဝင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရင်ပဲ ကျနော်တို့ ကျေနပ်နေပါပြီ ထိခိုက်မှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု Yangon Army မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့်ပတ်သက်သော ပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေသူများကို ဆက်လက်၍ အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း YA မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

    စစ်ကော်မရှင်၏ရွေးကောက်ပွဲစတင်ကျင်းပသည့်ယနေ့တွင် တနင်္သာရီတိုင်းစစ်ကော်မရှင်ရုံး၊ မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြဝတီမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးတို့သည် ဗုံးကြဲခံလိုက်ရသည်ဟု သိရသည်။

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အာဇာနည်လမ်းရှိ တိုင်းဒေသကြီးစစ်ကော်မရှင်ရုံးသည် ယနေ့ ဒီဇင်ဘာလ ၂၈ ရက်၊ နံနက် ၈ နာရီခန့်တွင် ဒရုန်းဖြင့်တိုက်ခိုက်ခံခဲ့ရသည့်အတွက် ရုံးပင်မအဆောက်အဦထိမှန်ခဲ့ပြီး ထိခိုက်သေဆုံး၊ ဒဏ်ရာရသူများရှိနိုင်ကြောင်း သတင်းများတွင် ရေးသားကြသည်။

    တနင်္သာရီတိုင်းစစ်ကော်မရှင်ရုံး

    ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းစသည့်မြို့နယ်များသည် ယနေ့ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၁)တွင် ပါဝင်သည့် မြို့နယ်များဖြစ်သည်။

    ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိပြီး မဲရုံ ၄၉ ရုံဖြင့် ရွေးကောက်ပွဲပြုလုပ်ခဲ့သည်ဟု သိရသည်။

    အလားတူ မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း ယနေ့ ဒီဇင်ဘာလ ၂၈ ရက်၊ ရွေးကောက်ပွဲမကျင်းပမီ ညဉ့် ၁ နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ၁ဝ၇ မမ ရှော့တိုက်ဒုံးငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု Brave Warriors for Myanmar (BWM)အဖွဲ့က ယနေ့ညနေတွင် ထုတ်ပြန်ကြေညာသည်။

    “စစ်ရှုံးစကမ၏ ထွက်ပေါက်တစ်ခုဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများဆန့်ကျင်နေသည့်ကြားမှ စကမမှ ပြည်သူ့ဆန္ဒကိုဆန့်ကျင်ကာ ဖော်ဆောင်နေပါသဖြင့် ပြည်သူမှပေါက်ဖွားလာသော BWM နှင့် မဟာမိတ်အဖွဲ့တို့က ပြည်သူ့ကိုယ်စား အတုအယောင်ရွေးကောက်ပွဲကို သဘောမတူဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် လပခအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်”ဟု ဖော်ပြထားသည်။

    အဆိုပါရှော့တိုက်ဒုံးငါးလုံးအနက် လေးလုံးသည် စစ်ဌာနချုပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်းလည်း ဖော်ပြထားသည်။

    စစ်တပ်ဘက်က တန်ပြန်ရမ်းသမ်းပစ်ခတ်မှုကြောင့် မြို့နေပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ဖော်ပြထားသည်။
    ရွေးကောက်ပွဲ အပိုင်း (၁)ကို မန္တလေးမြို့ပေါ် ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်နှစ်ခုတွင် ကျင်းပခဲ့သည်ဟု သိရသည်။

    ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးနှင့် အနီးအနားနေရာအချို့တွင်လည်း ရွေးကောက်ပွဲမကျင်းပမီတစ်ရက်အလို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်၊ ညနေပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

    ကြံ့/ဖွံ့ရုံး၊ မွန်ဘုန်းကြီးကျောင်း၊ အမက ၆ ၊ အမှတ် ၁ ချစ်ကြည်ရေးတံတား စသည့်နေရာအနီးတဝိုက် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ကြံ့/ဖွံ့ရုံးပေါက်ကွဲမှုမှာ အပြင်းထန်ဆုံးဖြစ်သည်ဟု ဒေသခံများကိုကိုးကားပြီး BBC သတင်းတွင်ဖော်ပြသည်။

    အဆိုပါပေါက်ကွဲမှုအတွင်း အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး ဒေသခံ ၁ဝ ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

    ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် မြဝတီ၊ ဘားအံနှင့် သံတောင်ကြီးမြို့နယ်တို့ပါဝင်သည်ဟု သိရသည်။