Category: News

  • ညောင်ကျိုးကို ထိုးစစ်ဆင်သည့် စစ်ကောင်စီစစ်ကြောင်း အထိနာပြီး ပြန်ဆုတ်

    ညောင်ကျိုးကို ထိုးစစ်ဆင်သည့် စစ်ကောင်စီစစ်ကြောင်း အထိနာပြီး ပြန်ဆုတ်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ ညောင်ကျိုးကျေးရွာကို စစ်တပ်က အင်အား ၈၀ လောက်ပါ စစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာရာကနေ AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်တပ်က သူတို့ ခံစစ်ပြုလုပ်ထားတဲ့ ပန်းတောင်းမြို့နယ်၊ ဆင်လန်ကျေးရွာအနီးရှိ လေလာတောင်ကနေ ညောင်ကျိုးဘက်ကို ဒီဇင်ဘာလလယ်ပိုင်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး AA နဲ့ ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သားအချို့သေဆုံးခဲ့ပြီး ဆင်လန်ဘက်ကို ပြန်ဆုတ်ခွာခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

    “ဆင်လန်ဘက်ကနေ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ညောင်ကျိုးဘက်ကို ထိုးစစ်ဆင်လာတာရှိတယ်။ သူတို့က အင်အားတွေစုပြီးတော့ မြေပြင်ထိုးစစ်ဆင်တာ‌ပေါ့။ အဲဒီမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တာမှာ စစ်ကောင်စီက အတုံးအရုံး သေကြရတာကြောင့် ဆင်လန်ဘက်ကို ဖရိုဖရဲ ဆုတ်သွားကြတယ်။ အဲဒီတိုက်ပွဲမှာ အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့တာတွေလည်းရှိတယ်။ စစ်ကောင်စီက အထိနာနေတာကြောင့် ညောင်ကျိုးပတ်ဝန်းကျင်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာတွေရှိတယ်” လို့ ပြောပါတယ်။

    AA နဲ့ ပူးပေါင်းတပ်တွေဟာ ပန်းတောာင်းမြို့နယ်အတွင်းမှာ ညောင်းကျိုး၊ ဆင်လန်ကျေးရွာအနီးတွေနဲ့ ကပစ-၁၆ အနီးရှိ ပွိုင့်-၆၆၆ စခန်းကုန်းအနီးတို့မှာ ထိုးစစ်ဆင်တိုက်ခိုက်နေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်လည်း ကပစ စက်ရုံတွေ တိုက်ခိုက်မခံရဖို့ အင်အားဖြည့်တင်းနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ပန်းတောင်းစစ်မျက်နှာမှာ စကခ- ၁၆ လက်အောက်ခံတပ်ရင်းတွေက ထုတ်နုတ်အင်အားတွေနဲ့ ခုခံတိုက်ခိုက်နေတာဖြစ်ပြီး သူတို့ ဆုံးရှုံးထားတဲ့ ညောင်ကျိုးစခန်း၊ မိုးထိဗျူဟာစခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

    ကပစ- ၁၆ အနီးက ပွိုင့်-၆၆၆ စခန်းကို AA က အောက်တိုဘာလအတွင်း သိမ်းပိုက်နိုင်ခဲ့ပေမဲ့လည်း စစ်တပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် AA က ဗျူဟာအရ ပြန်လည်ဆုတ်ပေးခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပန်းတောင်းမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ လက်နက်ထုတ်စက်ရုံတွေဖြစ်တဲ့ ကပစ-စက်ရုံ ၄ ခု ရှိတာကြောင့် စစ်တပ်က အဲဒီစက်ရုံတွေ တိုက်ခိုက်မခံရဖို့အတွက် အသေအလဲခုခံနေတာ ဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။

    “ပန်းတောင်းစစ်မျက်နှာဆိုတာ စစ်ကောင်စီအတွက် အသက်သွေးကြောလို အရေးကြီးတယ်။ ကပစ- စက်ရုံ ၄ အထိ ရှိနေတာကြောင့် အဲဒီစက်ရုံတွေအပေါ်မှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေ ရောက်လာမှာကို သူတို့က စိုးရိမ်နေကြတာ။ အဲဒါကြောင့် ရှိတဲ့ ပန်းတောင်းစစ်မျက်နှာကို အသေအလဲ ခုခံနေတာ။ အာရက္ခတပ်တော်အတွက်လည်း ပန်းတောင်းစစ်မျက်နှာမှာ ထိန်းချုပ်မြို့နယ်တွေကို မဆုံးရှုံစေဖို့ အရေးကြီးတာကြောင့် နှစ်ဖက်တိုက်ပွဲတွေက ပြင်းထန်လာမယ့် သဘောရှိတယ်။”

    AA ဟာ တောင်ကုတ်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ပန်းတောင်းမြို့နယ်ကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ မိုးထိ၊ ပုဂံကွဲ၊ ညောင်ကျိုး၊ ပွိုင်-၆၆၆ စခန်းတွေအထိ သိမ်းပိုက်နိုင်ခဲ့ပြီး ကပစ-၆ ညောင်ခြေထောက်နဲ့ ကပစ-၁၆ မသုန်တို့နဲ့ ၁၀ မိုင်အောက်အကွာအဝေးအထိ ထိုးစစ်တွေ ရောက်ရှိလာတာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်က ‌ကျောက်ဖြူ၊ စစ်တွေတို့အပြင် ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအထိ AA နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

  • ခွင့်ပြုလုပ်ငန်းများကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ပါက အရေးယူမည်ဟုဆို

    ခွင့်ပြုလုပ်ငန်းများကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ပါက အရေးယူမည်ဟုဆို

    ခွင့်ပြုပေးထားပြီးဖြစ်တဲ့ လုပ်ငန်းစီမံကိန်းတွေအပေါ်မှာ အထောက်အထားမခိုင်လုံဘဲ ဝေဖန်ကန့်ကွက်မယ်ဆိုရင် အရေးယူသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

    မြစ်ဆုံစီမံကိန်းပြန်လည်စတင်တော့မယ့်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ ကာ/လုံ က အခုလို ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

    ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေနဲ့ နေပြည်တော်ကောင်စီတို့က မိမိအခွင့်အာဏာအရ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ငန်းတွေ၊ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းလုပ်ငန်းတွေ၊ လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေနဲ့ တခြားသက်ဆိုင်တဲ့ကိစ္စရပ်တွေနဲ့ စပ်လျဉ်းပြီး အထောက်အထားခိုင်လုံမှု မရှိ၊ ပတ်သက်ဆက်နွှယ်မှုမရှိဘဲ ကန့်ကွက်တာတွေ ဖြစ်ပေါ်နေတာကြောင့် လုပ်ငန်းတွေကို နှောင့်နှေးကြန့်ကြာစေတာ၊ နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်တာကို အဟန့်အတားဖြစ်စေတာ၊ မလိုလားအပ်တဲ့ အဂတိလိုက်စားတာတွေ ဖြစ်ပေါ်နေတာကြောင့် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေကို ထိခိုက်နှောင့်နှေးစေနိုင်ကြောင်း စိစစ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်အတွင်း ပါဝင်နေတာပါ။

    အခုနှစ်ဩဂုတ်လအတွင်း တရုတ်ပြည်သွားရောက်ခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်အပြီးမှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်က ရပ်နားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

    စစ်တပ်ဒုခေါင်းဆောင်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာလည်း တည်ဆောက်မယ့် တမံပုံစံနဲ့ ပတ်သက်ပြီး အတိအလင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    မြစ်ဆုံစီမံကိန်း တဖန်ပြန်လည်အသက်ဝင်လာတော့မယ့်အပေါ် ဝေဖန်မှုတွေရှိနေတာဖြစ်ပြီး ကာ/လုံကတော့ ခွင့်ပြုပြီး စီမံကိန်း‌တွေအပေါ် ဝေဖန်ကန့်ကွက်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

  • မြန်မာနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြားနာပွဲများကို ICJ က ဇန်နဝါရီလတွင် ပြုလုပ်မည်

    မြန်မာနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကြားနာပွဲများကို ICJ က ဇန်နဝါရီလတွင် ပြုလုပ်မည်

    မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် အရေးပါသော အမှုနှင့်ပတ်သက်၍ လာမည့်လတွင် ကြားနာပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ထုတ်ပြန်လိုက်သည်။

    ယခုကြားနာမှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ က အမှု၏ အခြေခံအချက်အလက်များ (Merits) အပေါ် ပထမဆုံးအကြိမ် ကြားနာစစ်ဆေးသည့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အမှုဖြစ်လာမည့်အပြင် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ အစ္စရေးကို တောင်အာဖရိကက တရားစွဲဆိုထားသည့် အမှုအတွက်လည်း ရှေ့ဆောင်သာဓကများ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။

    ကြားနာပွဲ၏ ပထမပတ်ဖြစ်သော ဇန်နဝါရီလ ၁၂ ရက်မှ ၁၅ ရက်အထိ ICJ သို့ အမှုစတင်တင်သွင်းခဲ့သည့် အနောက်အာဖရိက မွတ်စလင်နိုင်ငံဖြစ်သော ဂမ်ဘီယာနိုင်ငံက ၎င်းတို့၏ လျှောက်လဲချက်များကို တင်ပြမည်ဖြစ်သည်။

    ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ပံ့ပိုးမှုဖြင့် မွတ်စလင်အများစုဖြစ်သော ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ ၂၀၁၉ ခုနှစ်တွင် ICJ သို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားသည့် မြန်မာနိုင်ငံဘက်မှမူ ဇန်နဝါရီလ ၁၆ ရက်မှ ၂၀ ရက်အထိ တရားရုံးတွင် ပြန်လည်ခြေပတင်ပြနိုင်မည်ဖြစ်သည်။

    ထူးခြားသော လုပ်ဆောင်ချက်တစ်ခုအနေဖြင့် ICJ သည် သက်သေများကို စစ်ဆေးရန်အတွက်လည်း သုံးရက်ကြာ အချိန်ပေးထားသည်။ အဆိုပါ ကြားနာပွဲများကိုမူ အများပြည်သူနှင့် မီဒီယာများအား ပေးဝင်မည်မဟုတ်ပေ။

    “ကြားနာပွဲတွေဟာ အမှုရဲ့ အခြေခံအချက်အလက်တွေအပေါ် အာရုံစိုက်မှာဖြစ်ပြီး အမှုသည်တွေဘက်က ခေါ်ယူထားတဲ့ သက်သေတွေနဲ့ ကျွမ်းကျင်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ ပါဝင်မှာဖြစ်ပါတယ်” ဟု ICJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့စစ်တပ်နှင့် ဗုဒ္ဓဘာသာဝင် အရပ်သားလက်နက်ကိုင်အဖွဲ့များက ရိုဟင်ဂျာများအပေါ် ရက်စက်စွာ နှိမ်နင်းမှုအတွင်း မြန်မာအာဏာပိုင်များသည် ကုလသမဂ္ဂ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာက ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    အဆိုပါ သွေးထွက်သံယိုဖြစ်ရပ်များအတွင်း ရိုဟင်ဂျာ ၇၄၂,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီး၊ သတ်ဖြတ်မှုများ၊ မုဒိမ်းကျင့်မှုများနှင့် ကျေးရွာများအားလုံး မီးရှို့ဖျက်ဆီးခံရမှုများ ရှိခဲ့ကြောင်း သက်သေများက ထွက်ဆိုခဲ့ကြသည်။

    မြန်မာအမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်၏ အမှုဆောင်ဒါရိုက်တာ မဝေဝေနုက ICJ တွင် ဂမ်ဘီယာဘက်မှ ပါဝင်ကူညီကြသည့် နိုင်ငံအရေအတွက်မှာ “အင်မတန် အင်အားကောင်းသည်” ဟု စက်တင်ဘာလအတွင်းက Al Jazeera သို့ ပြောကြားခဲ့သည်။

    ရိုဟင်ဂျာများအပေါ် လက်နက်ကိုင်အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အတွင်းရှိ “လက်ရှိ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ဖို့ သူတို့တွေ စုပေါင်းလုပ်ဆောင်နိုင်ကြပါတယ်” ဟုမ ဝေဝေနုက ပြောကြားပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း ICJ ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းမနေဘဲ အရေးယူဆောင်ရွက်နိုင်ကြောင်း ဆိုသည်။

    ၂၀၁၇ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ တစ်သန်းခန့် နေထိုင်ခဲ့ကြပြီး (၎င်းသည် နိုင်ငံ၏ လူဦးရေ ၅၅ သန်း၏ အစိတ်အပိုင်းအနည်းငယ်သာ ရှိသည်)၊ လူမျိုးစုအလိုက် ရှင်းလင်းသည့် စစ်ဆင်ရေးများ ပြင်းထန်လာချိန်တွင် လူ့အသိုင်းအဝိုင်းတစ်ခုလုံး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြသည်။

    ပုံစာ – ၂၀၁၉ ခုနှစ်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ပြုလုပ်ခဲ့သည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုကြားနာစစ်ဆေးမှုအတွင်း ICJ မှ တရားသူကြီးများကိုတွေ့ရစဉ်။

    (ဓာတ်ပုံ Reuters)

    Aljazeera

  • ထိုးစစ်ကာလ ရက်သတ္တပတ် ၄ ပတ်ကျော် ကြာသည်အထိ မောတောင်မြို့အနား စစ်ကော်မရှင်တပ် မကပ်နိုင်သေး

    ထိုးစစ်ကာလ ရက်သတ္တပတ် ၄ ပတ်ကျော် ကြာသည်အထိ မောတောင်မြို့အနား စစ်ကော်မရှင်တပ် မကပ်နိုင်သေး

    တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ထားရသည့် မောတောင်မြို့အား ပြန်လည်ရရှိရန် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နေသော်လည်း အချိန်ရက်သတ္တပတ် ၄ ပတ်ကျော် ကြာသည်အထိ မြို့အနားပင် မကပ်နိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောသည်။

    သိန်ခွန်း- မောတောင်လမ်းအတိုင်း စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်အထိ သဲဖြူနှင့် သိန်ခွန်း အနီးတဝိုက်မှ ရှေ့ဆက်မတိုးနိုင်သေးကြောင်း သိရသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖောကား ခုနစ်စီးဖြင့် တနင်္သာရီ- ဘုတ်ပြင်းကားလမ်းမှတဆင့် သိန်ခွန်း- မောတောင်လမ်းပိုင်းသို့ စစ်ကော်မရှင်တပ်က ထပ်မံ စစ်ကူပေးပို့လာခဲ့ပြီး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

    မြေပြင်ထိုးစစ်သာမက စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ၊ ဒရုန်းများကိုလည်း အသုံးပြုကြောင်း သိရသည်။

    “အခြေအနေတွေကလား ဒီရက်ထဲ ဖြစ်တယ်လေ။ သဲဖြူ၊ သိန်ခွန်း အဲ့ဒီတဝိုက်မှာ။ လေယာဉ်ကတော့ ဒီရက်ထဲတော့ နည်းနည်း လျော့သွားတယ်။ လက်နက်ကြီးကတော့ နေ့တိုင်းပဲ ပစ်နေတာပါပဲ၊ ရှေ့တောင် ဆက်မတိုးနိုင်သေးတာ မြို့နားကပ်ဖို့ဆို ဝေးပဲပေါ့” ဟု စစ်ရေးသတင်းရင်းမြစ် တရပ်က ပြောသည်။

    မောတောင်မြို့ကို KNLA ပူးပေါင်းတပ်များက နိုဝင်ဘာလ ၁၂ ရက်နေ့က စတိုက်ပြီး နိုဝင်ဘာလ ၁၄ ရက်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်လိုက်သည်။ ထို့နောက် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကော်မရှင်တပ်က သိန်ခွန်းရွာအနီးတဝိုက် ပိတ်မိနေသည့် စစ်ကြောင်းထံ ရဟတ်ယာဉ် ကိုးစီးဖြင့် စစ်ကူအင်အား နှစ်ရာကျော် ပေးပို့ခဲ့သည်။ ထိုစစ်ကူရောက်ပြီးချိန်မှစ၍ စစ်ကော်မရှင်တပ်က မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်များ ပြန်လည် စတင်လာခြင်းဖြစ်သည်။

    သိန်ခွန်းရွာအနီးတဝိုက် ပိတ်မိနေသည့် စစ်ကြောင်းမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ကစ၍ မောတောင်မြို့ဘက်သို့ တပ်အပြောင်းအလဲလုပ်ရန် ရောက်နေသည့် စစ်ကြောင်းဖြစ်ပြီး KNLA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် အချိန် တနှစ်ကျော်ကြာသည်အထိ ရှေ့ဆက်မတိုးနိုင်ခြင်းဖြစ်သည်။

    “အဲ့ဒီသိန်ခွန်းတို့ သဲဖြူတို့နားမှာ ရှိနေသလို မကြာခဏ ဆိုသလို ပစ်ခတ်မှုတွေလည်း ကြားနေရတယ်ခင်ဗျ” ဟု စစ်ဘေးရှောင် အကူအညီပေးနေသူက ပြောသည်။

    မောတောင်မြို့သိမ်းတိုက်ပွဲ စတင်ပြင်းထန်ချိန်ကစ၍ ထိုင်း- မြန်မာနယ်စပ်၊ မောတောင်- ဆင်ခွန်း နယ်စပ်မျဉ်းအနီးနှင့် တောတောင်များတွင် တိမ်းရှောင်နေရသည့် မောတောင်မြို့ခံ ၃,၀၀၀ ကျော်သည်လည်း စစ်ဘေးရှောင်ကာလကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ဆေးဝါးများ လိုအပ်နေကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူက ပြောသည်။

    မောတောင်မြို့သည် စစ်ကော်မရှင်တပ်အတွက် နယ်စပ်ကုန်သွယ်ခွန်များ အဓိက ရရှိစေသည့် ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့တမြို့ဖြစ်ပြီး မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်တို့သို့ မောတောင်- သိန်ခွန်း ကားလမ်းကြောင်း တခုတည်းမှတဆင့် ဆက်သွယ်ထားသည်။

    ထို့ပြင် မောတောင်မြို့သည် ယခင်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်ရုံးစိုက်ရာ မြို့တမြို့ဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် စစ်ကောမရှင်တပ်က တိုက်ခိုက်သိမ်းယူသွားခဲ့သည့်မြို့ဖြစ်သည်။

  • ကျောက်ဖြူတွင် AA ၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူဆက်တိုက်ပို့နေ

    ကျောက်ဖြူတွင် AA ၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူဆက်တိုက်ပို့နေ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အာရက္ခတပ်တော်(AA)၏ထိုးစစ်အရှိန်ကြောင့် စစ်အုပ်စုက စစ်ကူများကို တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဆက်တိုက်ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ် များထံကသိရသည်။

    တိုက်ပွဲဖြစ်ပွားနေသည်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ လက်ရှိအချိန်ထိဖြစ်ပြီး လတ်တလောတွင် ထိ တွေ့တိုက်ပွဲ အရှိန်ပြင်းထန်နေကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

    “ကျောက်ဖြူဘက် သဲသဲမဲမဲတိုက်ပွဲ ဖြစ်နေတယ်။ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ အမှတ်(၃၂) တပ်ရင်း ကြားထဲက ကပ်သပြေကျေးရွာနားမှာ ဖြစ်နေတယ်။ လောလောဆယ် AA က ထိုးစစ်ကို အင်နဲ့အားနဲ့လုပ် နေတာ။ အဲဒါကြောင့် ဒီတပတ်ထဲမှာပဲ ကမ်းထိုးယာဉ်တွေနဲ့ စစ်အင်အား တခါတခါပို့ရင် ၄၀၀၊ ၅၀၀ လောက်ရှိတယ်။ ဓညဝတီရေတပ်စခန်းကနေ တိုက်ပွဲဖြစ်တဲ့နေရာကို ကမ်းထိုးယာဉ်တွေနဲ့ ကြည်းတပ် တွေကို ပို့တာ၊ မြေပြင်ကို ထပ်ထပ်ပြီးရောက်လာတယ်”ဟု ၎င်းကပြောသည်။

    လက်ရှိတိုက်ပွဲအနေအထားအရ ကပ်သပြေကျေးရွာအနီးဖြစ်ပွားနေခြင်းကြောင့် မြို့နှင့် ချောင်းတခုသာ ခြားနေသဖြင့် ကပ်သပြေကျော်ပြီးနောက် ငလပွေ့ချောင်းကျော်လွန်နိုင်ပါက ကျောက်ဖြူမြို့ထဲသို့ အာရ က္ခတပ်တော်(AA)အနေဖြင့် အင်အားအလုံးအရင်းဝင်နိုင်ကာ အသာစီးရသွားနိုင်ကြောင်း ၎င်းက ယူဆ သုံးသပ်သည်။

    ကျောက်ဖြူတိုက်ပွဲမှာ မြောက်ဦးဆေးရုံနှင့် ကျောက်ဖြူမြို့နယ် င/လုံးစုကျေးရွာတို့ကို စစ်အုပ်စုက ဗုံး ကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၄၀ ထက်မနည်းသေဆုံးခဲ့ပြီးနောက် အာရက္ခတပ်တော်(AA) ဘက်က ထိုးစစ် တဟုန်ထိုးမြင့်တင်လာခြင်းဟု AA နှင့်နီးစပ်သူက ဆိုသည်။

    “အရင်လကတော့ စစ်ကောင်စီတိုက်စစ်ကြောင့် AA က တန်ပြန်ထိုးစစ်လုပ်ခဲ့လို့ စစ်ကောင်စီက အခု နောက်ပိုင်း ခံစစ်ပြန်ဖြစ်သွားတယ်။ လက်ရှိမှာ တိုက်ပွဲပိုပြင်းထန်လာတယ်။ မြောက်ဦးဖြစ်စဉ်အပြီး ကျွန်တော်တို့ AA ဘက်ကပိုပြီး ထိုးစစ်အင်အားထပ်မံအားဖြည့်တာတွေ့ရတယ်၊ လက်တုံ့ပြန်မယ်ဆိုတဲ့ အတိုင်းပေါ့။ ဒီဘက်ကတော့ ဟောင်ဝှစ်ဇာနဲ့ပစ်တာတွေ၊ ဒရုန်းနဲ့ပစ်တာတွေရှိတယ်”ဟု ၎င်းက ပြောသည်။

    ယခုတိုက်ပွဲကြောင့် ကျောက်ဖြူမြို့နယ်မှ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်ဘက်များသို့ စစ်ရှောင်လာသူ ပိုမို များပြားလာပြီး ကျေးရွာပေါင်း ၄၀ ကျော်မှ ဒေသခံများတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း AA နှင့် နီးစပ် သူကပြောသည်။

    “နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတယ်လို့တော့ သိရတယ်။ ကျန်တဲ့အသေးစိတ်ကတော့ အဲဒီနားကလူတွေ စစ်ရှောင်ကြကုန်လို့ မသိရတော့ဘူး။ ရာသီဥတုကလည်း တအားအေးတယ်။ စပါးရိတ်သိမ်းတဲ့အချိန် လည်းဖြစ်တော့ စစ်ဘေးရှောင်တွေ အခက်အခဲဖြစ်နေတယ်။ စားနပ်ရိက္ခာနဲ့ အဝတ်အထည်၊ စောင် အခက်အခဲရှိတယ်”ဟု ကျောက်ဖြူမြို့မှ စစ်ဘေးရှောင်တဦးက ပြောသည်။

    တိုက်ပွဲအခြေအနေနှင့်ပက်သတ်၍ အာရက္ခတပ်တော်(AA)ဘက်သို့ ဆက်သွယ်နေဆဲဖြစ်ပြီး AA က တိုက်ပွဲနှင့်ပက်သတ်သည့် ကြေညာချက် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

    နိုဝင်ဘာလလယ်မှစ၍ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ AA က အသာ စီးရခဲ့ကြောင်း စစ်ရေးသတင်းအရင်းမြစ်များက မဇ္ဈိမသို့ဖြေကြားခဲ့သည်။

    မြောက်ဦးဆေးရုံဗုံးကြဲမှုဖြစ်စဉ်အပြီး လက်တုံ့ပြန်သွားမည်ဟုသတိပေးခဲ့သည့် အာရက္ခတပ်တော် (AA) ၏ ထုတ်ပြန်မှုအပြီး ကျောက်ဖြူမြို့တွင် တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် မြို့ပေါင်း ၁၅ မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူမြို့နယ်အပါအဝင် ရခိုင်-ပြည်မအစပ်ရှိ နေရာသုံးနေရာကို စစ်မျက်နှာဖွင့် တိုက်စစ်ဆင်နေ ၍ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေသည်။