Category: News

  • ကပစ ၁၆ ကာကင်းစခန်းမှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို AA ဖမ်းဆီး

    ကပစ ၁၆ ကာကင်းစခန်းမှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို AA ဖမ်းဆီး

    တောင်ကုတ်-ပန်းတောင်း ရိုးတောင်ကျော်လမ်း ကပစ ၁၆ ကာကင်း ပွိုင့် ၆၆၆ စခန်းအနီး၊ ကာကင်းစစ်ကြောင်းတခုက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

    တပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီလောက်မှာ ကပစ ၁၆ နဲ့ ပွိုင့် ၆၆၆ ကြား ကာကင်းစစ်ကြောင်းတခုမှ ထွက်ပြေးလာပြီး အာရက္ခတပ်တော်ဘက်က ဖမ်းဆီးလိုက်တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “မနေ့ညက ထွက်ပြေးလာတာပါ ၂ ယောက်၊ သူတို့က ပြည်သူ့စစ်တွေပါ၊ လက်နက်ခဲယမ်း အပြည့်အစုံ ပါတယ်၊ အခုတော့ AA စစ်ကြောင်းက ဖမ်းဆီးထားတယ်။”

    AA က ဖမ်းဆီးရမိထားတဲ့ ထွက်ပြေးလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်လုံး ပြည်သူ့စစ်တွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    ပန်းတောင်းမြို့နယ်အပိုင် ပွိုင့် ၆၆၆ စခန်းပတ်ဝန်းကျင် ကာကင်းအားလုံးကို AA နဲ့ ပူးပေါင်း တော်လှန်ရေးဘက်က အဓိက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်ပြီး အငတ်ဘေး ရင်ဆိုင်နေရတဲ့အတွက် အခုလို ထွက်ပြေးလာတာလို့ ဆိုပါတယ်။

    စစ်ကောင်စီက ပွိုင့်ကုန်း၊ လေလာတောင်၊ ဆင်လန် စတဲ့ ရှေ့တန်းစခန်းတွေကို ဒရုန်းအသုံးပြုပြီး စားနပ်ရိက္ခာ ပို့ဆောင်နေပေမဲ့ လုံလောက်မှုမရှိတဲ့အပြင် တော်လှန်ရေးတပ်ဘက်က ဒရုန်းကျချိန် အာပီဂျီ၊ စနိုက်ဘာ ပစ်ခတ်မှုကြောင့် ရိက္ခာထုပ် ပျက်စီးမှုရှိသလို လာယူတဲ့ တပ်ဖွဲ့ဝင်တချို့လည်း သေဆုံးမှုရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “အခုနောက်ပိုင်း လေယာဉ်နဲ့ ပစ္စည်းမပို့တော့ဘူး၊ ဒရုန်းနဲ့ပို့တယ်၊ အဲဒီ ဒရုန်းကျချိန် တော်လှန်ရေးဘက်ကလည်း စနိုက်ဘာ၊ အာပီဂျီတို့နဲ့ ပစ်တယ်၊ အဓိက စကမဘက်က အထုပ်တွေ ပျက်စီးတယ်၊ တပ်ဖွဲ့ဝင်တွေ သေတယ်။”

    ပန်းတောင်းမြို့နယ် ကပစ ၁၆ ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်လာမှာကို စိုးရိမ်တဲ့အတွက် ကပစ ၁၆ မှ ပွိုင့် ၆၆၆ စခန်းထိ စစ်ကြောင်း ၃ ကြောင်းထက်မနည်း ထိုးနေပြီး ကာကင်းစခန်းတွေကိုလည်း ပြန့်ကျဲပြီး တိုးချထားတယ်လို့ တော်လှန်ရေးအသိုက်အဝန်းဆီက သိရပါတယ်။

    ဓာတ်ပုံ ပုံဟောင်း

  • ရန်ကုန်-မန္တလေးလမ်းဟောင်းဂိတ်တွင် ဖြတ်သန်းသူများကို ဓာတ်ပုံရိုက်စစ်ဆေး

    ရန်ကုန်-မန္တလေးလမ်းဟောင်းဂိတ်တွင် ဖြတ်သန်းသူများကို ဓာတ်ပုံရိုက်စစ်ဆေး

    ရန်ကုန်-မန္တလေး လမ်းဟောင်းက စစ်ကောင်စီရဲ့ ရေနီမြို့ စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာသူ တယောက်ချင်းစီကို ဓာတ်ပုံရိုက်ယူပြီး စစ်ဆေးနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေဆီက သိရပါတယ်။

    ရေနီမြို့မှာ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်း အစပ်မှာရှိသလို နေပြည်တော်နဲ့ နီးကပ်နေပြီး အဲဒီစစ်ဆေးရေးဂိတ်အနေနဲ့ အရင်က ဖြတ်သွားတဲ့ ကားတွေကို သာမန်စောင့်ကြည့်တဲ့ အနေအထားပဲ ရှိပေမဲ့ အခုရက်ပိုင်းအတွင်း စစ်ဆေးမှု ပုံစံပြောင်းလဲလာတာလို့ ဆိုပါတယ်။

    အဲဒီ စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းအသုံးပြုတဲ့ ကားပေါ်လိုက်ပါသူတွေကို ဆင်းခိုင်းပြီး ဓာတ်ပုံရိုက်ကာ စစ်ဆေးလာသလို လူငယ်ပိုင်းတွေကို အဓိကထား စစ်ဆေးမေးမြန်းနေတာလို့ ရန်ကုန်-မန္တလေး လမ်းဟောင်းကနေ ပုံမှန်ဖြတ်သန်းသွားလာနေသူတယောက်က ပြောပါတယ်။

    “ကားပေါ်က ဆင်းပြီး ဓာတ်ပုံရိုက်ဖို့ ပြင်ထားတဲ့အခန်းထဲ ဝင်ရတယ်။ ပြီးရင် တယောက်ချင်း ကင်မရာရှေ့မှာ ဓာတ်ပုံရိုက်ခံရတယ်။ မှတ်ပုံတင် စမတ်ကတ် လုပ်ရင် ရိုက်တဲ့ပုံစံမျိုးပဲ။ ဒီလမ်းက အမြဲသွားနေတာ။ တခြားဂိတ်တွေမှာ ဒီလိုမရှိဘူး။ စစ်လည်း မှတ်ပုံတင်လောက်ပဲ ပြရတာ။”

    အဲဒီလို ဓာတ်ပုံရိုက် စစ်ဆေးတာ သိပ်မကြာသေးဘဲ အစပိုင်းမှာ ယာဥ်မောင်းသူကို စစ်တာလောက်နဲ့ ပြီးပြတ်ပေမဲ့ အခုနောက်ပိုင်း ကားပေါ်ပါသူအားလုံး အစစ်ခံရတာလို့ ဆိုပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ပိုမိုစစ်ဆေးလာပြီး မှတ်ပုံတင်ကို PSMS စနစ်သုံးကာ နိုင်ငံရေး ပြစ်မှုနဲ့ ဝရမ်းထုတ်ခံထားရသူ၊ CDM လုပ်ထားသူတွေကို ဖော်ထုတ် ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

    အခုလို ဓာတ်ပုံရိုက်ယူတာက နည်းပညာအသုံးပြုပြီး ဖမ်းဆီးအရေးယူဖို့ အလိုရှိသူရဲ့ မျက်နှာပုံရိပ်နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့သဘော ဖြစ်နိုင်တယ်လို့ နည်းပညာပိုင်း အကျွမ်းဝင်သူတယောက်က ပြောပါတယ်။

    “PSMS လိုမျိုး သုံးတာလို့ ယူဆရတယ်။ စကစ ဘက်က အလိုရှိသူတွေရဲ့ မျက်နှာပုံရိပ်နဲ့ တိုက်ဆိုင်စစ်ဆေးတဲ့ သဘောဖြစ်ဖို့ များတာ။ ဒီနည်းပညာက တရုတ်မှာ အသုံးပြုနေတာ ကြာပြီ။ အာဏာဖီဆန်ရေး လုပ်နေသူတွေအတွက် သတိတော့ထားရမှာ။”

    ရန်ကုန်-မန္တလေး လမ်းဟောင်းတလျှောက်မှာ စစ်ကောင်စီရဲ့ ဂိတ်တွေ ခပ်စိပ်စိပ်ရှိနေပြီး အဲဒီလမ်းပိုင်းကို အဓိက အသုံးပြုသွားလာတဲ့ ကုန်ကားတွေဆီက ပေါ်ပေါ်ထင်ထင် ပိုက်ဆံတောင်းယူတာတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေတဲ့ လမ်းပိုင်းလည်း ဖြစ်ပါတယ်။

    အဲဒီလမ်းပိုင်းအချို့နေရာတွေမှာ တော်လှန်ရေး တပ်ဖွဲ့တွေက မကြာခဏ တက်ရောက် စိုးမိုးတာ၊ စစ်တပ် ကင်းစခန်း၊ ရဲကင်းတွေကို စီးနင်းပစ်ခတ်တာတွေ ရှိလို့ လုံခြုံရေး အဆင့်မြှင့်လာတာ ဖြစ်နိုင်တယ်လို့ စစ်ရေးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပဲခူးတိုင်းအတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းမှာရှိတဲ့ အောင်မြင်မြို့က စစ်တပ်စခန်း အပါအဝင် အရေးပါတဲ့ နေရာတွေကို PDF တွေက စီးနင်းပစ်ခတ်ကာ မြို့ကို ယာယီ ထိန်းချုပ်ခဲ့ပါတယ်။

    အခုနောက်ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေက ရန်ကုန်-မန္တလေး လမ်းဟောင်းအပြင် အမြန်လမ်းအသစ်ရဲ့ လမ်းပိုင်းအချို့အထိ တက်ကာ ကားတွေကို စစ်ဆေးတဲ့အထိ လုပ်လာသလို ရန်ကုန်-ပြည် လမ်းပိုင်းမှာလည်း တိုက်ပွဲဖော်ဆောင်တာတွေ ခပ်စိပ်စိပ် ရှိနေပါတယ်။

  • ပြည်ပသံရုံးနှင့် လျှို့ဝှက် တွေ့ဆုံ၍ ဒေါ်သက်သက်ခိုင်အား အရေးယူမည်

    ပြည်ပသံရုံးနှင့် လျှို့ဝှက် တွေ့ဆုံ၍ ဒေါ်သက်သက်ခိုင်အား အရေးယူမည်

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတရုံးမှ ပုဂ္ဂိုလ်တချို့နှင့် ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၈ရက်က လျှို့ဝှက်တွေ့ဆုံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို အရေးယူမည်ဟု စစ်ကော်မရှင်က ယနေ့ညပိုင်း သတင်းထုတ်ပြန်သည်။

    ၎င်းတို့နှစ်ဦးသည် ရန်ကုန်မြို့ နတ်မောက်လမ်း စားသောက်ဆိုင်တွင် ပြည်ပသံရုံးတရုံးက ပုဂ္ဂိုလ်တချို့နှင့် နှာခေါင်းစည်း တပ်ကာ တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်ကြားသူရှိသဖြင့် ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကလည်း ဝန်ခံကြောင်း ပါရှိသည်။

    နိုင်ငံရေးပါတီများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ၄၀၈နှင့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ) ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြား တိုင်းပြည်တခုခု အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု (သို့) လူပုဂ္ဂိုလ် တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရယူသုံးစွဲခြင်း(သို့) ယင်းတို့ ဩဇာခံခြင်း မပြုရေးကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ရမည်ဖြစ်ကြောင်း ၁၁-၈-၂၀၂၂ ရက်စွဲဖြင့် နိုင်ငံရေးပါတီ အားလုံးသို့ အကြောင်းကြားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။

    သို့ဖြစ်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

    ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့်လျှို့ဝှက်စွာတွေ့ဆုံခဲ့သည့် PPPပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် CECအဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို အရေးယူမည်ဟု ထုတ်ပြန်

    ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ လျှို့ဝှက်စွာတွေ့ဆုံခဲ့မှု‌နဲ့ပတ်သက်ပြီး အရေးယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၄ ရက်မှာထုတ်ပြန်ပါတယ်။

    နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံဖို့နဲ့ သင့်လျော်တဲ့အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ရက် ရက်စွဲပါစာနဲ့ နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

    ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ သံရုံးတွေ/အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံနေတယ်လို့ သိရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခွင့်ပြုချက်ယူပြီးမှသာ တွေ့ဆုံဖို့နဲ့ ခွင့်ပြုချက်မရဘဲတွေ့ဆုံရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၁၂နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၂ရက် ရက်စွဲပါစာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌကို လိပ်မူပြီး သတိပေးအကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၁၈ရက် မွန်းလွဲ၂နာရီကနေ ၃နာရီခန့်အထိ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ Maskတပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းပို့တိုင်ကြားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ မှန်ကန်ကြောင်း တွေ့ရှိရပြီး ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    အဲဒါကြောင့် ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

    အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ၁၃ရက် ညနေပိုင်းက သက်ဆိုင်ရာရဲ့ ခေါ်ယူမေးမြန်းမှုကိုခံရတဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဇန်နဝါရီ၁၄ရက် ညပိုင်းမှာ နေအိမ်ကိုပြန်လည်ရောက်ရှိကြပြီဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးစောဟန်အေးက ပြောကြားထားပါတယ်။

  • The Christmas Showdown

    The Christmas Showdown

    The Christmas Showdown (2025)

    ငယ်ဘဝ သူငယ်ချင်းအရင်းတွေဖြစ်ခဲ့ကြတဲ့ ဧပရယ် နဲ့ ချက်စ်တို့ဟာ ဧပရယ်က ပဲရစ်မှာ အလုပ်အကိုင်ရှာဖို့ ထွက်ခွာသွားပြီးကတည်းက စိမ်းကားခဲ့ကြပါတယ်။

    ဧပရယ် အလုပ်လက်မဲ့ဖြစ်ပြီး အိမ်ပြန်ရောက်လာတဲ့အခါ Sugar Heights Christmas Eve Spectacular အတွက် ပွဲစီစဉ်မှု အလုပ် တစ်ခုတည်းကို နှစ်ယောက်လုံး ယှဉ်ပြိုင်ကြရပါတယ်။

    ထုတ်လုပ်သူ ဟန် ကို စွဲဆောင်နိုင်ဖို့အတွက် သူတို့ဟာ အချင်းချင်း ပြိုင်ဆိုင်မှုတွေကို စိမ်းကားသွားတဲ့ အခြေအနေတွေနဲ့ လုပ်ဆောင်ကြရင်း ခရစ်စမတ်အနှစ်သာရရှိတဲ့ ပွဲတစ်ပွဲကို ဘယ်လိုအတူတူ ပပြန်လည် ပူးပေါင်းပြီး အဖွဲ့လိုက်ဆောင်ရွက်ကြမလဲ ဆိုတာ ခရစ်စမတ် မတိုင်ခင်ထွက်လာတဲ့ ဇာတ်ကားသစ်လေးကို ငြိမ့်ငြိမ့်လေးခံစားချင်တယ်ဆိုရင် ဆက်လက်ကြည့်ရှု အားပေးကြပါဦး။

  • တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

    တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

    စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခွင့်ရဖို့ NDF ကိုပြောင်းခဲ့ပေမဲ့ ပါတီထပ်ဖျက်ခံရတာကြောင့် တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

    အကြမ်းဖက်စစ်တပ်ရဲ့ ရွှေးကောက်ပွဲအတုကို တက်တက်ကြွကြွ ထောက်ခံပြီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ စစ်တပ်ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီထံမှာပဲ ထပ်မံရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။

    ဒေါ်စန္ဒာမင်းဟာ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပနေတဲ့ ရွေးကောက်ပွဲအတုမှာ ရန်ကုန်တိုင်း၊ လသာမြို့နယ်ကနေ တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

    NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့အပြီး အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေခဲ့သူတစ်ဦးဖြစ်ပြီး၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ဖို့အတွက် NDF ပါတီကို ကူးပြောင်းခဲ့ပါတယ်။

    ရန်ငါပြတ်တဲ့ အကြမ်းဖက်စစ်တပ်ကတော့ သူတို့ရဲ့နေရာကို တစက်မှအထိမခံဘဲ NDF ပါတီကို ရမယ်ရှာ ဖျက်သိမ်းလိုက်တဲ့အခါမှာတော့ ဒေါ်စန္ဒာမင်းရဲ့ လွှတ်တော်အမတ်အိမ်မက်ဟာ တဖန်ပျက်ပြယ်ခဲ့ရပါတယ်။ စစ်တပ်အလိုကျ လုပ်ဆောင်ခဲ့ပေမဲ့ စစ်တပ်ရဲ့ မျက်နှာသာပေးတာ မခံရတဲ့အဆုံးမှာတော့ သူမဟာ တသီးပုဂ္ဂလအနေနဲ့ပဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခဲ့ရပါတယ်။

    ဒီလိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပေမဲ့ ရွေးကောက်ပွဲအတု အပိုင်း ၂ ကျင်းပပြီးချိန်မှာတော့ ဒေါ်စန္ဒာမင်းဟာ ရွေးကောက်ပွဲမှာ သူမ ရှုံးနိမ့်ကြောင်းကို ကိုယ်တိုင်အသိပေးလာခဲ့ပါတယ်။

    ဇန်နဝါရီ ၁၂ ရက်နေမှာ ဒေါ်စန္ဒာမင်းက “ဒုတိယအကြိမ် ရွေးကောက်ပွဲကြီး ပြီးပါပြီ။ လသာမြို့နယ်မှာ မဲပေးခွင့်ရှိသူ ၁၇၀၀၀ ကျော်မှာ ၆၇၆၀. ပဲ မဲပေးပါတယ်။ USDP မှ ၂၁၃၇၊ တစည မှ ၁၅၃၁၊ PPP ၁၁၀၀၊ တောင်သူလယ်သမားပါတီက ၅၉၆နဲ့ ကျွန်မက ၁၃၉၆ ပဲ ရရှိပါတယ် ” လို့ လူမှုကွန်ရက်မှာ ဝန်ခံရေးသားခဲ့ပါတယ်။

    စစ်တပ်ပါတီ ကြံခိုင်ရေးပါတီကို ရှုံးနိမ့်ခဲ့တဲ့ သူမက “အကန့်အသတ်များစွာထဲက မဲဆွယ်ခွင့်ရရှိသလောက်နဲ့ ရရှိလာတဲ့ ရမှတ်တိုင်းကို တန်ဖိုးထားပါတယ်” လို့လည်း သူကဆိုပါတယ်။

    အရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရတဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲများမှာ ပြည်သူများ အားတက်သရော မဲပေးခဲ့ကြပေမဲ့ လက်ရှိရွေးကောက်ပွဲအတုမှာတော့ အပိုင်း ၁ မှာရော လက်ရှိ အပိုင်း ၂ မှာပါ မဲပေးသူ သိသာာစွာနည်းပါးခဲ့တယ်လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေက ပြောဆိုခဲ့ကြသလို၊ ဒေါ်စန္ဒာမင်းကိုယ်တိုင်လည်း ဒီအပေါ် ငြီးတွားခဲ့ပါတယ်။

    ဒေါ်စန္ဒာမင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းတဦးဖြစ်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ပါတီဖျက်သိမ်းခံလိုက်ရလို့ အခုလို တသီးပုဂ္ဂလအနေနဲ့ လသာမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

    ဒေါ် စန္ဒာမင်းကတော့ အထပ်မြင့်တိုက်တွေများတဲ့ လသာမြို့နယ်မှာ သူမကို မဲပေးတဲ့ ပြည်သူတွေ အများအပြားရရှိဖို့ အိမ်တိုင်ရာရောက် မဲဆွယ်နိုင်ဖို့ ကြိုးစားပေမဲ့၊ လသာမြို့မှာ ကာလရှည်နေထိုင်သူ မဟုတ်ခဲ့တဲ့အတွက် စည်းရုံး‌ရေးကာလတွေမှာ သူ့ကိုလူသိဖို့ အခက်အခဲတွေ ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

    ဒေါ်စန္ဒာမင်းတို့လို ပြည်သူကို အတိုက်အခံလုပ်၊ စစ်တပ်နဲ့ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့၊ အကြမ်းဖက်စစ်တပ်ကတော့ သူ့အလုပ်သူလုပ်ခဲ့တာကြောင့်၊ ဒီအတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ အခင်းအကျင်းအောက်က ပြည်သူ့အကျိုးဆောင်မယ်လို့ ပြောဆိုသူများကို အိပ်မက်က လန့်နိုးစေခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ့ဆန္ဒမပါတဲ့ ရွေးကောက်ပွဲဟာ ဇော်မင်းထွန်း ဘယ်လောက်ပဲလိမ်လိမ် ပြည်သူအများစုက စိတ်မဝင်စားဘူး၊ မဲလာမပေးဘူး ဆိုတာကို ကမ္ဘာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

    ဓာတ်ပုံ – စစ်အုပ်စု မီဒီယာ