ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသံရုံးတရုံးမှ ပုဂ္ဂိုလ်တချို့နှင့် ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၈ရက်က လျှို့ဝှက်တွေ့ဆုံခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို အရေးယူမည်ဟု စစ်ကော်မရှင်က ယနေ့ညပိုင်း သတင်းထုတ်ပြန်သည်။
၎င်းတို့နှစ်ဦးသည် ရန်ကုန်မြို့ နတ်မောက်လမ်း စားသောက်ဆိုင်တွင် ပြည်ပသံရုံးတရုံးက ပုဂ္ဂိုလ်တချို့နှင့် နှာခေါင်းစည်း တပ်ကာ တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်ကြားသူရှိသဖြင့် ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကလည်း ဝန်ခံကြောင်း ပါရှိသည်။
နိုင်ငံရေးပါတီများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ၄၀၈နှင့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ) ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြား တိုင်းပြည်တခုခု အစိုးရ(သို့) ဘာသာရေးအဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တခုခု (သို့) လူပုဂ္ဂိုလ် တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရယူသုံးစွဲခြင်း(သို့) ယင်းတို့ ဩဇာခံခြင်း မပြုရေးကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ရမည်ဖြစ်ကြောင်း ၁၁-၈-၂၀၂၂ ရက်စွဲဖြင့် နိုင်ငံရေးပါတီ အားလုံးသို့ အကြောင်းကြားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်နိုင်ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့်လျှို့ဝှက်စွာတွေ့ဆုံခဲ့သည့် PPPပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နှင့် CECအဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို အရေးယူမည်ဟု ထုတ်ပြန်
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ လျှို့ဝှက်စွာတွေ့ဆုံခဲ့မှုနဲ့ပတ်သက်ပြီး အရေးယူသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၁၄ ရက်မှာထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံဖို့နဲ့ သင့်လျော်တဲ့အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ရက် ရက်စွဲပါစာနဲ့ နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ သံရုံးတွေ/အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံနေတယ်လို့ သိရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခွင့်ပြုချက်ယူပြီးမှသာ တွေ့ဆုံဖို့နဲ့ ခွင့်ပြုချက်မရဘဲတွေ့ဆုံရင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ၁၂နဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၂ရက် ရက်စွဲပါစာနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌကို လိပ်မူပြီး သတိပေးအကြောင်းကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၁၈ရက် မွန်းလွဲ၂နာရီကနေ ၃နာရီခန့်အထိ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းက စားသောက်ဆိုင်တစ်ဆိုင်မှာ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ Maskတပ်ဆင်ပြီး တရားမဝင်လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းပို့တိုင်ကြားမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ မှန်ကန်ကြောင်း တွေ့ရှိရပြီး ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒါကြောင့် ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ၁၃ရက် ညနေပိုင်းက သက်ဆိုင်ရာရဲ့ ခေါ်ယူမေးမြန်းမှုကိုခံရတဲ့ ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဇန်နဝါရီ၁၄ရက် ညပိုင်းမှာ နေအိမ်ကိုပြန်လည်ရောက်ရှိကြပြီဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးစောဟန်အေးက ပြောကြားထားပါတယ်။




Leave a Reply