Category: News

  • နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန် နုတ်ထွက်မှု မြန်မာအပေါ် သက်ရောက်မှုရှိနိုင်

    နိုင်ငံတကာအဖွဲ့အစည်းများမှ အမေရိကန် နုတ်ထွက်မှု မြန်မာအပေါ် သက်ရောက်မှုရှိနိုင်

    နိုင်ငံတကာ အဖွဲ့အစည်း ၆၀ ကျော်ကနေ အမေရိကန် နုတ်ထွက်သွားမှုနဲ့အတူ ရန်ပုံငွေထောက်ပံ့မှုတွေလည်း ရပ်ဆိုင်းမှာဖြစ်တဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိလာနိုင်သလို မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့လည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောပါတယ်။

    ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်း ၃၁ ခု၊ တခြားအဖွဲ့အစည်း ၃၅ ခု၊ စုစုပေါင်း နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုကနေ အမေရိကန်ပြည်ထောင်စုနုတ်ထွက်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ပ်က ဒေသစံတော်ချိန် ဇန်နဝါရီ ၇ ရက်နေ့ မှာ အမိန့်စာထုတ်ပြန်ခဲ့တာပါ။

    ဒီနုတ်ထွက်မှုကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ရပ်တည်နေရတဲ့ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်သလို သွယ်ဝိုက်သက်ရောက်မှုတွေလည်း ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

    ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုအရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ဒီမိုကရေစီအရေးတွေမှာ တိုက်ရိုက်သက်ရောက်မှုတွေ ရှိလာနိုင်ပြီး တော်လှန်ရေးအစုအဖွဲ့တွေနဲ့ စစ်ရှောင်ပြည်သူတွေအတွက် ရန်ပုံငွေရှာဖွေရေးလမ်းကြောင်းအသစ်တွေ အချိန်မီပြောင်းလဲနိုင်ဖို့ လိုအပ်နေပါတယ်။

    မြန်မာ့ဒီမိုကစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “အမေရိကန်အကျိုးစီးပွားတ ခုတည်းကိုပဲ ကြည့်ပြီးတော့မှ ဒီလိုထွက်လိုက်မယ်ဆိုရင် အများကြီး ထိခိုက်နိုင်တယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီက မဟုတ်တာတွေ လုပ်တဲ့ဟာတွေကို ဖော်ထုတ်နိုင်နေတဲ့ကိစ္စတွေ၊ ဖိအားတွေပေးတာတွေက လျော့နည်းသွားမယ်။ ဒီကိစ္စတွေကိုကျူးလွန်နေတဲ့ ဒုစရိုက်ကောင်တွေက မကြောက်တော့ဘူးပေါ့။ ကျမတို့အနေနဲ့ဆက်ပြီးတော့ ဘယ်လိုခရီးဆက်မလဲ၊ ရန်ပုံငွေတွေကို ဘယ်လိုရှာမလဲ။ ကျမတို့ တော်တော်လေးကို ပြင်ဆင်ပြီးတော့ ဆထက်ထမ်းပိုး ဆက်ကြိုးစားရမှာပေါ့နော်၊ အကျပ်အတည်းတွေ ဖြစ်သွားပါတယ်ရှင့်” လို့ ပြောပါတယ်။

    အဓိကအလှူရှင်ဖြစ်တဲ့ အမေရိကန်က နုတ်ထွက်လိုက်တဲ့ အဖွဲ့အစည်းတွေထဲမှာ တော်လှန်ရေးအစုအဖွဲ့တွေကို နည်းပညာနဲ့ ရန်ပုံငွေထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေလည်း အများအပြားပါဝင်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ တရားဝင်မှုဆောင်ရွက်ရေးလုပ်ငန်းစဉ်ဟာ ပိုပြီး ရုန်းကန်ရဖို့ဖြစ်လာပါတယ်။

    သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ လုပ်ရပ်ဟာ မြန်မာပြည်တွင်းက စစ်ဘေးရှောင်ကလေးတွေအတွက် ပညာရေး၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာနည်းပညာအကူအညီတွေနဲ့ စစ်ကောင်စီရဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်တဲ့ ကုလလုပ်ပိုင်ခွင့်တွေကို ပစ်မှတ်ထားတိုက်ခိုက်သလို ဖြစ်နေခဲ့တာပါ။

    လေ့လာ-ဝေမျှအဖွဲ့မှ ဦးကိုကိုလေးက “မိုးကြိုးပစ် ထန်းလက်နဲ့ကာလို့မရတော့ဘူး၊ အခုဖြစ်နေတဲ့ အခင်းအကျင်းတွေက နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုဖြစ်တယ်။ စစ်ရေးအားပြိုင်မှုနေရာမှာ နယ်မြေစိုးမိုးရေးတွေ ပါလာတယ်။ စီးပွားရေးရပ်တည်ဖို့အတွက် တောင့်တင်းခိုင်မာမှုတွေ ပါလာတယ်။ နိုင်ငံတော်မှာရှိတဲ့စွမ်းရည်တွေကို ထိန်းချုပ်ဖို့တွေ ပါလာတယ်။ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုဖြစ်တယ်။ ကျန်တဲ့နိုင်ငံလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဒါတွေကိုခေါင်းထဲမှာ မစဉ်းစားနိုင်တော့ဘူး။ အကောင်ကြီးဖြစ်ဖို့အတွက် အပြိုင်အဆိုင်ကြိုးစားကြတာပေါ့၊ ကမ္ဘာ့အစီအစဉ်တွေရှိနေတာတွေက ဒီလို ပုံစံအတိုင်းသွားရင် American First မဖြစ်နိုင်ဘူး၊ ဒါတွေအကုန်လုံးဟာ နိုင်ငံကြီးတွေရဲ့ အားပြိုင်မှုဖြစ်တယ်” လို့ ပြောပါတယ်။

    ၂၀၂၅ နှစ်ဆန်းပိုင်း သမ္မတဒေါ်နယ်ထရမ့်ပ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့တာကြောင့် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ က အေဂျင်စီရန်ပုံငွေကိုမှီခိုနေရသူတွေဟာ အခက်အခဲကြုံခဲ့ရပါတယ်။

    အမေရိကန်ပြည်တွင်းရေးကို ဦးစားပေးပြီး ကမ္ဘာ့နံပါတ် ၁ အဖြစ် ဆက်လက်ရပ်တည်ရေး အချက်အပါအဝင် နိုင်ငံတကာကို ပေးနေတဲ့ ရန်ပုံငွေတွေ ရပ်တန့်လျော့ချရေး၊ ရွှေ့ပြောင်းနေထိုင်သူတွေအရေးဖော်ပြထားတဲ့ Project 2025 ပေါ်လစီနဲ့ မဲဆွယ်စည်းရုံးပြီး သမ္မတထရမ့်ဟာ ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။

    အုပ်ချုပ်ရေးအာဏာကို ထရမ့်ပ်အစိုးရက အလွန်အကျွံသုံးစွဲတဲ့ ကိစ္စအများအပြားကြောင့် လွှတ်တော်နဲ့အဆင်မပြေဖြစ်ပြီး အောက်တိုဘာ ၁ ရက်က စတင်ပြီး ၄၃ သုံးရက်ကြာ အစိုးရယန္တရား စံချိန်တင်ရပ်ဆိုင်းထားရတဲ့ ဖြစ်စဉ်အပါအဝင် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်တာတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပါတယ်။

    ✍🏻သုတချမ်းသာ

  • မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲ မသမာမှု  စစ်တပ်ဩဇာခံ UEC ဖြေရှင်းမပေး

    မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲ မသမာမှု စစ်တပ်ဩဇာခံ UEC ဖြေရှင်းမပေး

    စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးစက်ပြဿနာတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ မဲမသမာမှုတွေရှိခဲ့ပေမဲ့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ပြေလည်အောင်မဖြေရှင်းဘဲ ရွေးကောက်ပွဲနောက်အပိုင်းတွေကျမှ ပိုကောင်းအောင်ပြုလုပ်မယ်လို့ပြောဆိုတဲ့ အပေါ် ‌ဝေဖန်ခံနေရပါတယ်။

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့က မဲရုံတွေထဲမှာလည်း မဲပေးစက်အခက်အခဲတွေနဲ့ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးတပါတီတခုတည်းကိုပဲ ခလုပ်နှိပ်ပြီး မဲပေးခဲ့ရတဲ့ မသမာမှုတွေရှိခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    ဒီလိုမဲမသမာမှုရှိခဲ့တဲ့အပေါ် ကော်မရှင်က ဖြေရှင်းချက်မပေးဘဲ နောက်အပိုင်းတွေမှသာ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာ မရိုးသားဘူးလို့ ထားဝယ်မြို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ကိုမင်းလွင်ဦးက ပြောပါတယ်။

    “ကျနော်တို့ နားလည်တာက သူတို့ မဲလိမ်မဲခိုးတာကို သူတို့စက်ချွတ်ယွင်းလို့ အားနည်းချက် တစုံတရာရှိသွားလို့ ဆိုတဲ့ဟာမျိုး ဖာထေးပြီးတော့ပြောတယ်လို့ နားလည်တယ်။ ဒါပေမဲ့ အရမ်းကို ထင်သာမြင်သာရှိတာက မဲပေးရင်းနဲ့မှ စက်က USDP တခုတည်းကိုပဲ နှိပ်လို့ရအောင် လုပ်လိုက်တယ်ဆိုတာ စက်ချွတ်ယွင်းတာမဟုတ်ဘူး။ တမင်တကာ လုပ်ကြံဆယ်လီထားတဲ့ ဟာပဲလို့ ကျနော်တို့ကတော့မြင်တယ်။ အဲဒီတော့ သူတို့ရွေးကော်ပြောတဲ့ ပုံစံက ပထမပိုင်းမှာ USDP နိုင်ရတာက ရိုးရိုးသားသားအနိုင်ရတာမဟုတ်ဘူးဆိုတာကို တဖက်က ကျနော်တို့ နားလည်လို့ရတဲ့အနေအထားပေါ့။”

    ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးစက်ပြဿနာတွေ၊ ကြိုတင်မဲကိစ္စတွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေအကြား မကျေလည်မှုတွေနဲ့ တိုင်ကြားမှုတွေရှိခဲ့ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဂရုမစိုက်ဘဲ အပိုင်း ၂ နဲ့ ၃ မှာ အဆင်ပြေအောင်လုပ် ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

    ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေက တာဝန်ရှိသူတွေ ဇန်နဝါရီ ၅ ရက်က နေပြည်တော်မှာ တွေ့ဆုံမှုမှာ ပါတီတွေက အခက်အခဲတွေကို တင်ပြခဲ့ကြပေမဲ့ နောက်လာမဲ့ အပိုင်းတွေမှသာ အကောင်းဆုံး အဆင်ပြေအောင်လုပ်ပေးမယ်လို့ ပြောခဲ့တဲ့အကြောင်း ပွဲကို တက်ရောက်ခဲ့တဲ့ ပါတီတခုရဲ့ တာဝန်ရှိသူက ပြန်ပြောပြပါတယ်။

    “ပါတီတွေက သူတို့ ကြုံနေရတဲ့ အခက်အခဲတွေကို တင်ပြကြတယ်။ တင်ပြကြတော့ နောက်လာမဲ့ အပိုင်း ၂ နဲ့ အပိုင်း ၃ ကို အပိုင်း ၁ ထက် အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောတယ်။ အခုက မဲပေးတဲ့ စက်ကိစ္စတွေလည်း အခက်အခဲရှိတယ်။ ဒါကြောင့် နောက်ပိုင်းတွေမှာ အကောင်းဆုံးလုပ်မယ်လို့ ပြောပါတယ်။”

    တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အလျှောက် မျှတတဲ့ မဲရေတွက်မှုစနစ်တွေက စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီအတွက် အသုံးဝင်မှာမဟုတ်သလို ပြီးခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ ပြဿနာတွေမှာ ရွေးကောက်ပွဲကော်မရှင်ကလည်း အသုံးချခံလို ဖြစ်နေတဲ့အကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

    “သေချာတာကတော့ အပိုင်း ၁ မဲရလဒ်ကို ဘယ်သူတွေက ဘယ်လောက်ပဲ စောဒကတက်တက်၊ အငြင်းပွားမှုတွေပဲရှိရှိ ဘယ်လိုနည်းနဲ့မှ ပြန်ပြင်မပေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်က အလွန်အကျွန်ထားခဲ့တဲ့ ကိစ္စလည်းဖြစ်တော့ သူတို့လိုချင်တဲ့ ရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က အကောင်အထည်ဖော်ဖို့ ကြိုးစားတာပေါ့။ အပိုင်း ၁ မှာတင် လိုသလောက်ကို ရပြီးသွားပြီ၊ သူတို့ လိုချင်တဲ့ အခြေအနေကို ရပြီးသွားပြီ၊ သူတို့အချင်းချင်း မဆလတပါတီစနစ်က အသွင်ပြောင်းထားတဲ့ တစညနဲ့တောင် သူတို့ အငြင်းပွား ရတယ်ဆိုတဲ့အခါကျတော့လေ၊ အပိုင်း ၂ အပိုင်း ၃ ဆိုတာက ကျမနားလည်တာကတော့ အရန် လုပ်တာ၊ နည်းနည်း ပါးပါးအနိုင်ရတယ်ဆိုရင်လည်း မထူးတော့ဘူး၊ ဘာလို့လဲဆိုတော့ အပိုင်း ၁ မှာကတည်းက အစိုးရအဖွဲ့ ဖွဲ့လိုရ အောင် ဖန်တီးပြီးထားပြီလို့ ကျမတော့ နားလည်ပါတယ်။”

    ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲအရေအတွက် အပြတ်အသတ်နဲ့ အနိုင်ရရှိထားပြီး လာမဲ့ ရွေးကောက်ပွဲအပိုင်း ၂ ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ မြို့နယ် ၁၀၀ မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

    အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

    အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    ဝေဝေ

  • “တော်လှန်ရေး”စကားလုံးသုံးနှုန်းမှုဖြင့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းကို ထောင်ဒဏ် ၁ နှစ် ချ

    “တော်လှန်ရေး”စကားလုံးသုံးနှုန်းမှုဖြင့် ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းကို ထောင်ဒဏ် ၁ နှစ် ချ

    ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ တော်လှန်ရေးဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီရဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ချလိုက်တယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။

    ဇန်နဝါရီ ၈ ရက် မနက် ၁၁ နာရီခွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ရွေးကာဥပဒေပုဒ်မ ၅၈(ဂ) အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချလိုက်တာလို့ ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

    “ဒီဇင်ဘာလ ၂၃ ရက်ကတည်းက တရားရင်ဆိုင်နေရတာ၊ အဲဒီကတည်းက အမိန့်ချလို့ရတယ်။ အမိန့်ချလိုက်ရင် ရုပ်ပျက်ဆင်းပျက်ဖြစ်မှာစိုးလို့ ဝင်ပြိုင်ခိုင်းပြီး ရွေးကောက်ပွဲပြီးမှ အမိန့်ချတာ။ ထောင်ဒဏ် ၁ နှစ်ကို အလုပ်ကြမ်းပါ ထည့်ပြီးချတာ။”

    သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ဟာ နိုဝင်ဘာ ၁၂ ရက်က U Lwin Myint Tiktok Account ကနေ မဲဆွယ်စည်းရုံးမှာ တော်လှန်ရေးဆိုတဲ့ စကားလုံး သုံးစွဲခဲ့တဲ့အတွက် စစ်တပ်သြဇာခံ ရွေးကောက်ပွဲကော်မရှင် UEC က ဖမ်းဆီး စစ်ဆေးခဲ့တာပါ။

    ဒီလို ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပေမဲ့ ကြံ့ခိုင်ရေးသတင်းထောက်တွေက ဖေ့စ်ဘွတ်ခ် ပရိုဖိုင်မှာ NUG လိုဂိုတင်ထားတဲ့အတွက် ထပ်မံတိုင်ကြားလို့ ဒီဇင်ဘာ ၁၇ ရက်မှာ စရဖအဖွဲ့က ထပ်မံဖမ်းဆီးပြီး ရွေးကာဥပဒေပုဒ်မ ၅၈(ဂ) နဲ့ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

    တရားစွဲဆိုပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပေမဲ့ အဲဒီနေ့က အမိန့်မချဘဲ ရွေးကောက်ပွဲ ဝင်ပြိုင်ခိုင်းကာ ဒီကနေ့မှ ဦးလွင်မြင့်ကို အလုပ်နဲ့ထောင်ဒဏ် ၁ နှစ် ချလိုက်တာပါ။

    စစ်အုပ်စုရဲ့ ဝါဒဖြန့် ကြံ့ခိုင်ရေးသတင်းထောက်တွေရဲ့တိုင်ကြားချက်ကြောင့် ပီသုံးလုံး ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်နဲ့ လေဘာပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်သူရ တို့ကို UEC က ကိုယ်စားလှယ်အဖြစ် ရပ်နားခဲ့ပါတယ်။

  • ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထား

    ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထား

    ရခိုင်အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများထံ ပေးအပ်ထားကြောင်း AA ပြော

    ရခိုင်ဘိုးဘွားများ ဆုံးရှုံးထားသော အချုပ်အခြာ ပိုင်နက်နယ်မြေများကို အလုံးစုံ မသိမ်းပိုက်နိုင်သေးသော်လည်း ၉၀ ရာခိုင်နှုန်းအထက်ကို ရခိုင်ပြည်သူများ လက်ထဲသို့ ပြန်လည်အပ်နှံထားပြီဖြစ်ကြောင်း အာရက္ခတပ်တော် ULA/AA က ဇန်နဝါရီလ ၅ ရက်တွင် ပြောသည်။

    ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA မှ ၁၅ ကြိမ်မြောက် သက္ကမအမျိုးသားနေ့ အခမ်းအနားသို့ ပို့ပေးသော သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။

    ၁၇၈၄ ခုနှစ်ကတည်းက ကျဆုံးသွားသော ရခိုင့်အချုပ်အခြာအာဏာကို ပြန်လည် ရရှိနိုင်ရေး တော်လှန်တိုက်ထုတ် ကြိုးပမ်းမှုများမှာ တစ်ရက်မှ ရပ်တန့်ခြင်းမရှိဘဲ ယနေ့အထိပင် ဖြစ်ကြောင်း AA က ပြောသည်။

    ရခိုင့်တော်လှန်ရေး ခေါင်းဆောင်များသည် ခေတ်အဆက်ဆက် မျိုးဆက်အလိုက် တော်လှန်ခဲ့ကြသော်လည်း ထိရောက်သော တော်လှန်မှု၊ တော်လှန်ရေးအောင်ပွဲများ မရယူနိုင်ခဲ့ကြဘဲ နှစ်ပေါင်းရာချီ ကြာမြင့်ကာ တော်လှန်ရေးခရီးသက်တမ်း ရှည်ကြာနေခဲ့ရသည်ဟု ဆိုသည်။

    သို့သော်လည်း လက်ရှိ ရက္ခိုင်အမျိုးသားအဖွဲ့/အာရက္ခတပ်တော် ULA/AA လက်ထက်တွင် ရခိုင်ဘိုးဘွားများ ဆုံးရှုံးထားသော အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းအထက်ကို ပြန်လည်ရရှိထားပြီဖြစ်ကြောင်း AA က ပြောသည်။

    ရခိုင်ပြည်မှာ နှစ်ပေါင်းများစွာ ကတည်းက လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့သည် အေးချမ်းစွာ အတူတကွ နေထိုင်ခဲ့ကြပြီး ယင်းဒေသကို အတူတကွ စုပေါင်းတည်ဆောက်၍ စုပေါင်းကာကွယ်ခဲ့ကြကြောင်း ဆိုသည်။

    ရခိုင်ထီးနန်း မကျရှုံးမီအထိ ရခိုင့်နိုင်ငံတော်အတွင်း အတူတကွ နေထိုင်ခဲ့ကြစဉ် ကာလများအတွင်းမှာလည်း လူမျိုး တစ်မျိုးနှင့်တစ်မျိုးကြား အချင်းချင်းကြားတွင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာအမွေအနှစ်များကို အပြန်အလှန် တန်ဖိုးထားကာ ချစ်ခင်မြတ်နိုးစွာ သဟဇာတရှိရှိ နေထိုင်ခဲ့ကြကြောင်း ပြောသည်။

    ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးခဲ့ရပြီးနောက်ပိုင်းတွင် ရခိုင်ပြည်အတွင်းနေ လူမျိုးအသီးသီးတို့သည် စစ်ရှုံးသူတို့၏ သဘောသဘာဝအတိုင်း တစ်ယောက်ကိုတစ်ယောက် အကူနိုင်ဘဲ ရှိခဲ့ကြသည်။

    လူမျိုး တစ်မျိုးနှင့်တစ်မျိုးတို့သည် ဖိနှိပ်သူ နယ်ချဲ့ရန်သူ၏ သွေးခွဲသပ်လျှို ဖြိုခွဲအုပ်ချုပ်မှု၊ ဖိနှိပ်မှုတို့အောက်တွင် အဖိနှိပ်ခံ ဘဝတူ လူမျိုးများအဖြစ်ဖြင့်သာ အတူတူရှိနေလျက် ဝေးနေရသောသူများကဲ့သို့ ဖြစ်နေခဲ့ရသည်ဟု AA က ဆိုသည်။

    ယင်းကြောင့် ရခိုင်ပြည် ဒေသတစ်ခုလုံးမှာ အဘက်ဘက်က ချွတ်ခြုံကျသွားပြီး လူမျိုးအားလုံးသည်လည်း လူရုပ်မပေါက် ဖြစ်ခဲ့ရကြောင်း AA က ပြောသည်။

    သက္ကမလူမျိုးများအပါအဝင် ရခိုင်ပြည်အတွင်း နေထိုင်ကြသော ရခိုင်ပြည်နှင့် အာရက္ခလူမျိုးအပေါ် သစ္စာစောင့်သိကြသော လူမျိုး ကြီးငယ်မဟူ အားလုံးတို့သည် ရခိုင်ပြည်အား ကျူးကျော်သူ နယ်ချဲ့ရန်သူတို့၏ လက်အောက်သို့ မကျရောက်စေရန် အတူတကွ စုပေါင်းကာကွယ်ခဲ့ကြသည်မှာ အတိတ်သမိုင်းတွင် အထင်အရှားရှိခဲ့သည်။

    ယင်းနည်းတူ ပစ္စုပ္ပန်မျက်မှောက်ကာလတွင်လည်း ရခိုင်ပြည်အတွင်း နေထိုင်သူများအားလုံးမှာ ရခိုင်ပြည်အား အတူတကွ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ကို သတိမူကြရမှာဖြစ်ပြီး ဘိုးဘွားတို့၏ သမိုင်းပေးတာဝန်ကို အမျိုးသားရေး အသိစိတ်ဖြင့် ထမ်းဆောင်ကြရမည်ဟု AA က ပြောသည်။

    ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော သက္ကမလူမျိုးများ၏ အလေးအမြတ်ထား ဂုဏ်ယူဖွယ်ရာနေ့ သက္ကမအမျိုးသားနေ့ကို သက္ကမလူမျိုးများနှင့်အတူ ထပ်တူထပ်မျှ ဂုဏ်ယူကြောင်းလည်း UL/AA က သဝဏ်လွှာပေးပို့ ချီးမြှင့်ခဲ့သည်။

    အခြားတစ်ဖက်တွင်လည်း လက်ရှိ ရရှိထားသော စစ်ရေးအောင်မြင်မှုများနှင့်အတူ ရခိုင့်ဘိုးဘွားပိုင် နယ်မြေများအား ရန်သူနယ်ချဲ့ ဖက်ဆစ်ကျူးကျော်သူများ လက်ထဲသို့ ထပ်မံ မပါသွားရလေအောင် အတူတကွာ ကာကွယ်ရမည်ဟု ဆိုသည်။

    ရခိုင်ပြည်အတွင်း နေထိုင်ကြသော လူမျိုးများအားလုံးသည် စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ချစ်ခင်မှု၊ ဂါရဝပြု တန်ဖိုးထားမှုများအား အရင်ကထက် ပိုမိုအားကောင်းလာရန် တည်ဆောက်ရင်း ရခိုင်ပြည်တည်ဆောက်ရေးကို အတူတကွ ပူးပေါင်း တည်ဆောက်သွားကြရမည်ဟု ULA/AA က တိုက်တွန်း ပြောဆိုထားသည်။

    သက္ကမလူမျိုးများ၏ အလေးအမြတ်ထား ပျော်ရွှင်ရသော အမျိုးသားနေ့နှင့်အတူ ကမ္ဘာ့အလယ်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်သော လူမျိုးတမျိုးဖြစ်ပါစေကြောင်းလည်း ULA/AA က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

  • ၂၀၂၆ ခုနှစ် ပထမပတ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူအယောက် ၃၀ ကျော်သေဆုံးပြီ

    ၂၀၂၆ ခုနှစ် ပထမပတ်အတွင်း စစ်အုပ်စုကြောင့် ပြည်သူအယောက် ၃၀ ကျော်သေဆုံးပြီ

    ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ပြည်သူအယောက် ၃၀ ကျော်သေဆုံးခဲ့ ရပြီလို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။

    အကြမ်းဖက်စစ်အုပ်စုကြောင့် ဇန်နဝါရီလ ၁ ရက်ကနေ ၇ ရက်နေ့အထိ အမျိုးသမီး ၈ ဦး နဲ့ အမျိုးသား ၁၁ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့တာကို နာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကပြောပါတယ်။

    တချိန်တည်းမှာပဲ အတည်ပြုဖို့လိုအပ်နေဆဲ သေဆုံးအရပ်သား ၁၆ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ AAPP ကဆိုပါတယ်။

    အကြမ်းဖက်စစ်အုပ်စုကြောင့်သေဆုံးသူအများစုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး စစ်ကိုင်းတိုင်းက ၁၂ ဦးဖြင့် သေဆုံးသူအများဆုံးရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၅ ဦးပါဝင်တယ်လို့ ဆိုပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက် အထိ အကြမ်းဖက် စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေနဲ့ ပြည်သူစုစုပေါင်း ၇၆၆၉ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန် ထားပါတယ်။