Category: News

  • အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီး

    အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီး

    အမေရိကန်နှင့် တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားမြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ဖြစ်နေ

    အမေရိကန်က တိုက်ခိုက်မှုကို အတည်ပြု

    မူးယစ်မှောင်ခိုလုပ်ငန်းများ ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲခံနေရသော ဗင်နီဇွဲလားအစိုးရ နှင့် အမေရိကန်တို့အကြား တင်းမာမှုများ အမြင့်ဆုံးရောက်ရှိသွားပြီးနောက် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်တွင် ယနေ့နံနက်အစောပိုင်း ပေါက်ကွဲမှုများစွာ ထွက်ပေါ်နေပြီး အမေရိကန်က တိုက် ခိုက်မှုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

    ယနေ့ နံနက် ၂ နာရီ ဝန်းကျင်အချိန် ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော် ကာရာကတ်စ်မြို့တွင် ကျယ်လောင်သော ပေါက် ကွဲမှုများ၊ ထိတ်လန့် အော်ဟစ်သံများ ထွက်ပေါ်နေပြီး လူနာတင်ကားသံများလည်း ဆက်တိုက် သွားလာနေကြောင်း၊ အမေရိကန် လေ ယာဉ်ဟု ယူဆရသည့် လေယာဉ်များလည်း အနိမ့်ပျံသန်းနေကြောင်း ၊ဗင်နီဇွဲလားမြို့ တော် ကာရာကတ်စ်ကို ထိမှန်ခဲ့သည့် ပေါက် ကွဲမှုများ၏ ဗီဒီယိုမှတ်တမ်းများတွင် အော်ဟစ်သံများနှင့် မီးခိုးများ၊ မီးများ လောင် ကျွမ်း ထွက်ပေါ်နေသည်ကို တွေ့မြင်နေရကြောင်း နိုင်ငံတကာသတင်းများအရ သိရှိရသည်။

    ဗင်နီဇွဲလားနိုင်ငံက လုပ်ဆောင်နေသော မူးယစ်ဆေးဝါးမှောင်ခိုမှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မကြာသေးမီက သတိပေးထားပြီးနောက် အမေရိကန်နှင့် ဗင်နီဇွဲလားတို့အကြား တင်းမာမှုများ ရှိနေစဉ်အတွင်း ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

    လက်ရှိဗင်နီဇွဲလားနိုင်ငံ၊ ကာရာကတ်စ်မြို့တွင် ပေါက်ကွဲသံများနှင့် လေယာဉ်များ နိမ့်နိမ့်ပျံသန်းသံများ ကြားရပြီးနောက် La Carlota လေဆိပ်တွင် မီးခိုးလုံးကြီးများ ထွက်ပေါ်နေကြောင်း သိရှိရသည်။

    AFP သတင်းထောက်၏ ပြောကြားချက်အရ စနေနေ့ နံနက် ၂ နာရီဝန်းကျင်တွင် ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လေယာဉ်များ ပျံသန်းသံနှင့်တူသော အသံများကို ကြားခဲ့ရသည်ဟု ဆိုသည်။

    လူမှုကွန်ရက်ဆိုရှယ်မီဒီယာပေါ်တွင်လည်း ဗင်နီဇွဲလားမြို့တော်၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့် ဗီဒီယိုရုပ်သံမှတ်တမ်းများစွာ ထွက်ပေါ်လျက်ရှိသည်။

    အမေရိကန်အစိုးရအရာရှိတစ်ဦးကမူ တိုက်ခိုက်မှုကို အတည်ပြုလိုက်ကြောင်း CBS News သတင်းတွင် ဖော်ပြထားသည်။

    ဗင်နီဇွဲလားနိုင်ငံက အမေရိကန်၏ စစ်ရေးကျူးကျော်မှုကို ရှုတ်ချကာ ဗင်နီဇွဲလား အစိုးရက နိုင်ငံတော်ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ကြောင်း သိရှိရသည်။

  • ကသာမြို့သိမ်းတိုက်ပွဲ၌  ခမရ ၃၀၉ ဒုတပ်ရင်းမှူး သေဆုံး

    ကသာမြို့သိမ်းတိုက်ပွဲ၌ ခမရ ၃၀၉ ဒုတပ်ရင်းမှူး သေဆုံး

    ဒီဇင်ဘာ ၂၈ ရက်နေ့ ရွေးကောက်ပွဲနေ့ကတည်းက တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာ စစ်ကောင်စီ ခမရ ၃၀၉ တပ်ရင်းဟာ ခွာစစ်ဆင်ရင်း ဇန်နဝါရီ ၂ ရက်မှာ ဒုတပ်ရင်းမှူး သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

    မြို့နယ် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ် ခမရ ၃၀၉ ရဲ့ ဒုတပ်ရင်းမှူး တာဝန်ပါ ပူးတွဲယူထားရတဲ့ ဗိုလ်မှူးနိုင်ဝင်းဟာ ထွေအုပ်၊ ရဲစခန်း၊ စစ်ကောင်စီတပ်နဲ့အတူ ဆုတ်ခွာတုန်း ပြည်သူ့ကာကွယ်ရေးတပ်တွေပစ်ခတ်တဲ့ လက်နက်ကျည်ထိမှန်သေဆုံးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “PDF တွေ မြို့ထဲက ထွေအုပ်နဲ့ ရဲစခန်းကိုတိုက်တဲ့အချိန် ဒုတပ်ရင်းမှူးကျည်ထိသွားတယ်။ အဲ့ကနေ ခွာစစ်ဆင်ရင်း ခမရ ၃၀၉ ကို ပြန်ရောက်တယ်။ တပ်ရင်းထဲမှာ ရသလောက်ကုတယ်။ မနေ့က ပဲသေသွားတယ်။ လက်ရှိအခြေအနေကိုပြောရရင် PDF တွေက မြို့တဝက်လောက်သိမ်းထားပြီ။”

    ကသာမြို့နယ်ဟာ ခရိုင်အခြေစိုက်ရုံးဖြစ်တဲ့အပြင် စစ်ကောင်စီတပ်အတွက် အရေးပါတဲ့မြို့နယ် ဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို လက်နက်မချဘဲ ရသလောက်ခုခံသွားဖို့ နမခတိုင်းက ညွှန်ကြားထားပါတယ်။

    ကသာမြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်နေတာ ဒီကနေ့ ဆို ၇ ရက်ရှိပြီး မြို့ခံအကုန်နီးပါး စစ်ဘေးရှောင်ကြသလို Non CDM ဝန်ထမ်းတွေလည်း မြို့ခံတွေနဲ့အတူ ထွက်ပြေးကြတယ်လို့ စစ်ရှောင်ပြည်သူတယောက်က ပြောပါတယ်။

    “မရှောင်လို့လည်းမရဘူး။ စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲနေတာ။ စစ်ရှောင်တဲ့သူ တသိန်းကျော်ရှိတယ်။ အဲ့ဒီထဲမှာ ဝန်ထမ်းတွေလည်းပါတယ်။ PDF တွေက ပြည်သူတွေဆို ဘာမှမလုပ်ဘူး။ ဝန်ထမ်းတွေဆိုရင်ရင်တော့ စစ်ဆေးပြီး ဖမ်းဆီးတာရှိတယ်။ အခုထိလည်း တိုက်ပွဲတွေ ကြိုးကြားကြိုးကြား ဖြစ်နေတုန်းပဲ။”

    ကသာမြို့နေ ပြည်သူတွေဟာ အများအားဖြင့် မြို့နဲ့ နီးစပ်ရာ နဘား၊ မိုးညှင်း၊ ရွှေကူ၊ မော်လူး၊ မြစ်ကြီးနား မြို့နယ်တွေကို စစ်ဘေးရှောင်ကြပြီး ငွေကြေးတတ်နိုင်သူတွေက ရန်ကုန်နဲ့ မန္တလေးကို စစ်ရှောင်နေကြပါတယ်။

    လက်ရှိ ကသာမြို့အခြေအနေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေက ခမရ ၃၀၉ အပါ အဝင် တမြို့လုံးကိုသိမ်းနိုင်ရေးအတွက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်ကတော့ မြို့မကျ ရေးအတွက် လေကြောင်းပစ်ကူယူကာ ခံစစ်ဆင်နေရတာဖြစ်ပါတယ်။

  • တကောင်း နီကယ်စက်ရုံ မလည်ပတ်နိုင်သဖြင့် ဒေါ်လာသန်းရာချီနစ်နာ

    တကောင်း နီကယ်စက်ရုံ မလည်ပတ်နိုင်သဖြင့် ဒေါ်လာသန်းရာချီနစ်နာ

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စက်ရုံဟာ အချိန်တနှစ်ကျော်ကြာအောင် မလည်ပတ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီ နှစ်ဖက်စလုံးက ဒေါ်လာသန်းရာနဲ့ချီပြီး နစ်နာမှုရှိနိုင်တယ်လို့ စီမံကိန်းနဲ့နီးစပ်တဲ့ ဒေသခံတွေက ခန့်မှန်းပါတယ်။

    တကောင်းနီကယ်စီမံကိန်းဟာ ဒေသကာကွယ်ရေးအဖွဲ့တွေ ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ ဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ ထီးချိုင့်မြို့နယ်ထဲမှာ ရှိနေတာဖြစ်ပါတယ်။

    တရုတ်-မြန်မာဖက်စပ် Myanmar CNICO လုပ်ငန်းစုအနေနဲ့ ဒေါ်လာ သန်း ၈၅၀ ကျော် တကောင်းစီမံကိန်းထဲမှာ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး တနှစ်မှာ နီကယ်တန်ချိန် ၈၅,၀၀၀ ကျော် ထုတ်ယူဖို့ ပြင်ဆင်ခဲ့တာပါ။

    လတ်တလောမှာ Myanmar CNICO လုပ်ငန်းစုဟာ တကောင်းနီကယ်စီမံကိန်းက ဝန်ထမ်းအများစုကို အနားပေးတာ၊ လျှော့ချတာတွေပြုလုပ်ခဲ့ပြီး စက်ရုံမှာ အစောင့်ဝန်ထမ်းလောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။

    စစ်အာဏာမသိမ်းခင် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ တကောင်းနီကယ်စီမံကိန်းကနေ ဒေါ်လာ ၁၂၁ သန်းအထိ စစ်တပ်က အကျိုးအမြတ်ရခဲ့တယ်လို့ ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက တကောင်းနီကယ်စီမံကိန်းကနေ ပုံမှန်ဝင်ငွေမရတဲ့အတွက် တရုတ်ကုမ္ပဏီနဲ့ စစ်ကောင်စီနှစ်ဖက်စလုံးက ဒေါ်လာသန်း ရာနဲ့ချီပြီး နှစ်စဉ်ဆုံးရှုံးမှုဖြစ်လိမ့်မယ်လို့ ဒေသခံတွေက မှတ်ချက်ပေးပါတယ်။

    တကောင်းဒေသခံတယောက်က “လောလောဆယ် ဒီစက်ရုံမှာ သူတို့အတွက် ဘာမှ ထုတ်လုပ်မှု မလုပ်နိုင်နေတာကိုက သူတို့အတွက် အရှုံးပဲဗျာ။ ပြီးခဲ့တဲ့အာဏာသိမ်းတဲ့ ၂၀၂၁-၂၂ ကနေစပြီးတော့ သူတို့ သတ္တုတွေထုတ်တယ်ဗျာ၊ ၂၀၂၂ ဇန်နဝါရီလမှာ မီးတိုင်အချိုးခံရပြီးတော့ ၃-၄ လလောက် နားသွားတယ်။ ပြီးတော့ ၂၀၂၄ လောက်အထိ ပြန်လည်တယ်၊ လည်ပေမဲ့ ဘာလဲဆိုတော့ သူတို့ဒီကနေ ထွက်လာတဲ့ကုန်တွေကို အခုအချိန်အထိ ထုတ်မရောင်းရဘူးဗျာ၊ နီကယ်စက်ရုံထဲမှာရှိတယ်ဆိုတာကို။ ဒါပွင့်ပွင့်လင်းလင်းပြောရရင် မလည်တာထက်ကို သူတို့ အတွက် လည်ပြီးတော့ ပိုက်ဆံမရတာက ပိုပြီးတော့ စီးပွားရေးအကျပ်အတည်းကို ထိစေတယ်ဗျာ၊ ကုန်ပစ္စည်းတွေက အခုအချိန်အထိ တကောင်းနီကယ်စက်ရုံဝန်းထဲမှာ ရှိနေသေးတဲ့အခြေအနေမှာ ကျနော့် အမြင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း တကောင်းနီကယ်စက်ရုံကနေ ကြီးကြီးမားမား မရဘူးထင်တယ်၊ ထွက်လာတဲ့ ကုန်ပစ္စည်းတွေကို အခုအချိန်အထိ ထုတ်မရောင်းရဘူး၊ ဝင်ငွေ မရတဲ့အပြင် တရုတ်ကုမ္ပဏီက ငွေတွေပါ ဒီအထဲမှာ အလုံးအရင်းနဲ့အောင်းနေတယ်လို့ အဲဒီလိုပဲ သုံးသပ်တယ်” လို့ ပြောပါတယ်။

    တကောင်းနီကယ်စက်ရုံအပါအဝင် စစ်ကိုင်းတိုင်းထဲက တရုတ်-မြန်မာဖက်စပ် သတ္တုတူးဖော်ရေးစီမံကိန်း ၃ ခုစလုံးဟာ မလည်ပတ်နိုင်တဲ့အတွက် တရုတ်နဲ့စစ်ကောင်စီဘက်က နစ်နာမှု ကြီးကြီးမားမားရှိနေတာလည်းဖြစ်ပါတယ်။

    ဆားလင်းကြီးနယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆီ လျှပ်စစ်မီးပေးနေတဲ့ မဟာဓာတ်အားလိုင်းကိုလည်း မြင်းမူနယ်၊ လက်ပံကျေးရွာနဲ့ ဂရုကျေးရွာအကြားမှာ တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ ၂၈ ရက်မှာ မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

    စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲအတွက် ဝမ်ပေါင်ကြေးနီစီမံကိန်းကို အချိန် ၂ လနား ထားတာကြောင့် လတ်တလောလျှပ်စစ်ဓာတ်အားလိုင်းပြတ်တောက်မှုဟာ လုပ်ငန်းလည်ပတ်မှုအပေါ် သက်ရောက်မှုမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

    ဝမ်ပေါင်ကြေးနီစီမံကိန်းဟာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံမှန်မလည်ပတ်နိုင်တော့ဘဲ မူရင်းလည်ပတ်မှုရဲ့ ၅၀ ရာခိုင်နှုန်းအောက်ဝန်းကျင်ပဲ လည်ပတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်တပ်ဟာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၄၁၇ သန်းအထိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကနေ ဝင်ငွေရခဲ့တာဖြစ်တဲ့အတွက် ဒီစီမံကိန်းကနေလည်း တရုတ်နဲ့စစ်တပ် နှစ်ဖက်စလုံးက နှစ်စဉ် ဒေါ်လာသန်းရာနဲ့ချီဆုံးရှုံးမှာ ဖြစ်ပါတယ်။

    ဆားလင်းကြီးဒေသခံကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ဝမ်ပေါင်ကုမ္ပဏီက အဲဒီမီးပျက်သွားလို့၊ ခါတိုင်းမီးပျက်သွားရင်တော့ သူတို့ဆီမှာရှိတဲ့ စက်တွေနဲ့မောင်းပြီးအလုပ်လုပ်တာ၊ သူတို့အပေါ် သက်ရောက်မှုမရှိဘူးပေါ့ အခုအချိန်က၊ ဘာကြောင့်လဲဆို သူတို့က အလုပ်ကို ၂ လနားထားမယ် ရွေးကောက်ပွဲအတွက်ဆိုပြီးတော့၊ အလုပ်သမားတွေရော နားနေတဲ့အချိန်ရောက်တော့ သူတို့က အလုပ်အပေါ်မှာကိုတော့ အာရုံမစိုက်ဘူးပေ့ါဗျာ။ မဲဘက်ပဲအာရုံစိုက်နေတယ်ဆိုတော့ သူတို့မှာ သက်ရောက်မှုမရှိဘူးပေါ့။ ကျနော်တို့က ဒီတရုတ်ကိုလည်း မျက်ခြည်မပြတ်ကြည့်နေရမှာပဲ၊ သူတို့ ဒီကြေးနီတောင် ဝမ်ပေါင် တို့ ယန်စီတို့က အလုပ်မလုပ်ဘူးဆိုရင်တောင်ပဲ တရုတ်နဲ့ပတ်သက်ပြီးတော့ ဘယ်နားမှာ ဘာအလုပ်လုပ်တယ်ဆိုတာ အလေးထားပြီးကြည့်နေရမှာ။ ဘာလို့ဆို စစ်ကောင်စီရဲ့ နောက်က ထောက်တိုင်က တရုတ်က အဓိကဖြစ်နေတာကိုး။ အဲဒီတော့ ကျနော်တို့က တရုတ် ယန္တရားမှန်သမျှကို ရပ်တန့်အောင်လို့ ဖြတ်လေးဖြတ် ဖြစ်ဖြစ် ရတဲ့နည်းနဲ့ဖြတ်ရမှာပေါ့ဗျာ”လို့ ပြောပါတယ်။

    စစ်ကောင်စီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ဟာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ စစ်ကိုင်းတိုင်းထဲက သတ္တုတူးဖော်ရေးလုပ်ငန်း ၃ ခုကနေ ဒေါ်လာ ၇၂၅ သန်းအထိ အကျိုးအမြတ်ရခဲ့တယ်လို့ ဩစတြေးလျ အခြေစိုက် Publish What You Pay အဖွဲ့က ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အစီအရင်ခံစာထုတ်ပြန်ခဲ့တာပါ။

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကနေ ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နဲ့ကြေးစင်တောင် စီမံကိန်းကနေ ဒေါ်လာ ၁၈၇ သန်း၊ တကောင်းတောင် နီကယ်စီမံကိန်းကနေ ဒေါ်လာ ၁၂၁ သန်း ဝင်ငွေရခဲ့တယ်လို့ အစီအရင်ခံစာက ဖော်ပြပါတယ်။

    လုပ်ငန်းသဘောတူစာချုပ်တွေအရ တရုတ်ကုမ္ပဏီတွေဘက်က ငွေကြေးနဲ့နည်းပညာစိုက်ထုတ်ပြီး အကျိုးအမြတ်ရာခိုင်နှုန်းပိုယူခဲ့တာဖြစ်တဲ့အတွက် စစ်ကိုင်းဒေသတွင်း စစ်ရေးပြဿနာတွေကြောင့် နစ်နာမှုမှာလည်း သူတို့ဘက်က တန်ဖိုးပမာဏ ပိုများမဲ့ အခြေအနေဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

    သုတချမ်းသာ

  • ယောတပ်တော်၏ ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းတွင် ULA/AA က အနီးကပ်ကွပ်ကဲပေးခဲ့

    ယောတပ်တော်၏ ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းတွင် ULA/AA က အနီးကပ်ကွပ်ကဲပေးခဲ့

    ယောတပ်တော်(Yaw Army-YA)၏ ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က အနီးကပ်ကွပ်ကဲပြီး ထောက်ပံ့ကူညီပေးခဲ့သည်ဟု သိရသည်။

    ယောတပ်တော်(YA)ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့ ဇန်နဝါရီလ ၂ ရက်တွင် YA ၏ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    ယောတပ်တော်စတင်ဖွဲ့စည်းခဲ့စဉ်ကပင် ယခုအချိန်ထိ (၂)နှစ်တာသက်တမ်းအတွင်း ပြင်းထန်သော နိုင်ငံရေးလှိုင်းတံပိုးများ၊ ခက်ခဲကြမ်းတမ်းသော စစ်မျက်နှာပြင်များကို ဖြတ်သန်းခဲ့ရပြီး YA ၏ ရဲဘော်ရဲဘက်များ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသလို အာရက္ခပြည်၊ ချင်းပြည်နှင့် ယောဒေသတွင်း မြို့သိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီးငယ်ပေါင်းများစွာဆင်နွှဲခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    “အဆိုပါခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို တည့်မတ်စွာလျှောက်လှမ်းနိုင်ရန် အစဉ်တစိုက် အနီးကပ်ကွပ်ကဲ ပြီး ထောက်ပံ့ကူညီ အကြံဉာဏ်များပေးခဲ့သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အား အထူးပင် လှိုက်လှိုက်လှဲလှဲ လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့နည်းတူစွာ စစ်ရေးနိုင်ငံရေးအကြံဉာဏ်များ၊ အခြားအကူအညီများ ပေးအပ်ကူညီပြီး စိတ်ခွန်အားပေးခဲ့သော ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)ကိုလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု ဆိုထားသည်။

    ယောတပ်တော် စတင်ထူထောင်စဉ်က ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများကြုံတွေ့ရချိန် ကူညီဖြေရှင်းပေးခဲ့သော မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် – ပကဖ) နှင့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF) ကိုလည်း အထူးပင်ကျေးဇူးတင်ရှိသလို မိမိတို့နှင့်အတူ ရပ်တည် တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများကိုလည်း လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

    “မိမိတို့ လျှောက်လှမ်းခဲ့သော (၂) နှစ်တာကာလအတွင်း ရန်သူစစ်အာဏာရှင်၏ ဖိနှိပ်သတ်ဖြတ်အကြမ်းဖက် မှုများ တိုက်ခိုက်မှုများကို ခါးစည်းခံကာ ကြံ့ကြံ့ခံရပ်တည်တိုက်ပွဲဝင်ခဲ့သော ယောပြည်သူလူထု၏ ပေးဆပ်မှု၊ ရဲရင့်မှုနှင့် တော်လှန်ရေးစိတ်ဓာတ်တို့သည် အလွန်ပင် လေးစားဂုဏ်ယူဖွယ်ကောင်းလှပါသည်။ လက်ရှိအချိန်အထိ စစ်အာဏာရှင်၏ ဖိနှိပ်မှုမျိုးစုံကို အံတု၍ မိမိတို့ကို ကူညီထောက်ပံ့နေဆဲဖြစ်ပြီး ပြည်သူလူထု၏ ကျေးဇူးတရားကို မိမိတို့ မည်သည့်အခါမှ မေ့လျော့ဖောက်ပြန်သွားမည် မဟုတ်ကြောင်း ကတိသစ္စာပြုပါသည်။ ယောဒေသ လွတ်မြောက်ရေးမှသည် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးဆီသို့ အစဉ်တစိုက် ဦးတည်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယောတပ်တော်သည် (၂) နှစ်တာကာလအတွင်း မိမိတို့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များအတိုင်း တပ်တည် ဆောက်ရေးနှင့် တိုက်ပွဲဝင်ရေး၊ လူစွမ်းအားအရင်းအမြစ် မွေးထုတ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ ဘဏ္ဍာရေး၊ လူထုဆက်ဆံရေး ကဏ္ဍများကို ဟန်ချက်ညီညီ အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်ဟုလည်း ပြောဆိုထားသည်။

    ယောအမျိုးသားတည်ဆောက်ရေး၊ လွတ်မြောက်ရေးရည်မှန်းချက်များအပြင် တစ်နိုင်ငံလုံး၏ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးအတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) တွင်လည်း အားတက်သရောပါဝင်နေပြီး ရန်သူစစ်အာဏာရှင်ပြုတ်ကျရေးအတွက် အဆုံးတိုင်ချီတက်တိုက်ပွဲဝင်မည်ဟုလည်း ဖော်ပြထားသည်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေး အပြန်အလှန်လေးစားမှုတို့နှင့်အတူ ဟန်ချက်ညီညီလက်တွဲ၍ တိုက်ပွဲဝင်လျှက်ရှိပြီး တော်လှန်ရေးကာလ ဖက်ဒရယ်လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သည့် ဒေသန္တရအစိုးရများအားကောင်းရေးမူအရ ဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့များ ဖြစ်ထွန်းပေါ်ပေါက်လာမှုကို ကြားကာလလိုအပ်ချက်နှင့်အညီ ကြိုဆိုပြီး ရန်သူစစ်သုံးစစ် အမြစ်ဖြတ်ရေး အတူလက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

    ယော၏ဖြစ်တည်မှု၊ တည်ရှိမှုနှင့် တန်းတူညီမျှခွင့်တို့ကို အသိအမှတ်ပြုသော အပြန်အလှန်လေးစားမှုရှိသော မည်သည့်အဖွဲ့အစည်းမဆို ပိုမို ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ပြီး ရန်နည်း၍ မိတ်ဆွေများရေးသည် မိမိတို့၏ လုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်ဟု ဖော်ပြထားသည်။

    “ယနေ့ကျရောက်သော ယောတပ်တော်၏ တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခါသမယနှင့်အတူ ၂၀၂၆ နှစ်သစ်တွင် ယောဒေသ၊ ယောပြည်သူလူထုအပါအဝင် ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားပြည်လူထုအားလုံး စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း၊ ရန်သူစစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ်၍ လွတ်လပ်ပြီး တရားမျှတသော၊ တန်းတူညီမျှသော ပြည်ထောင်စုအစစ်အမှန်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မိမိတို့အနေဖြင့် ယောကံကြမ္မာယောဖန်တီးခွင့်ရရှိရေး နှင့် စစ်သုံးစစ်အမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် မမှိတ်မသုန်ချီတက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်”ဟု ဖော်ပြထားသည်။

    ယောတပ်တော်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် စစ်သုံးစစ်အမြတ်ပြတ် တိုက်ဖျက်ရေး၊ ယောဒေသ၊ ယောပြည်သူလူထု၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်၍ အန္တိမပန်းတိုင် (၄) ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ဖွဲ့စည်းထူထောင်ခဲ့သည်ဟု သိရသည်။

  • အောက်ပါအချက်တွေထဲက တချက်ကြုံဖူးရင်ကိုသင်ဟာ ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့သူပါ

    အောက်ပါအချက်တွေထဲက တချက်ကြုံဖူးရင်ကိုသင်ဟာ ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့သူပါ

    “အောက်ပါအချက်တွေထဲက တချက်ကြုံဖူးရင်ကိုသင်ဟာ ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့သူပါ”

    ဘောလုံးကွင်းထဲ တကျောင်းလုံးအရောက်လို့ ခေါ်သွားပြီး မြန်မာအားကစား ကမ္ဘာကို လွှမ်းရမည်နဲ့ ပန်းပွားက,တာကို တက်တက်ကြွကြွ အားပေးဖူးရင်

    ပုံနှိပ်စာအုပ်ခွဲတမ်းချတဲ့အခါ မဲပေါက်တာကို ပျော်ခဲ့ဖူးရင်

    မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ဆိုပြီး တီဗီကနေ လှေလှော်ပြတာ အားတက်ဖူးရင်

    ကျပန်းစကားပြောပြိုင်ပွဲဆိုပြီး အလွတ်ကျက်ထားတာတွေ စင်ပေါ်တက်ရွတ်တာကို အားကျခဲ့ဖူးရင်

    ဆိုကရေးတီးပြိုင်ပွဲ မလိုက်နိုင်လို့ စိတ်မကောင်းဖြစ်ဖူးရင်

    မှတ်ပုံတင်လုပ်ပေးရင်းနဲ့ ဘယ်တုန်းကမှ အသင်းဝင်မယ် မပြောခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးကတ်ပြားလေးတွေပါ အပိုဆောင်းရခဲ့ဖူးရင်

    သိန်းတရာလို့ ရေးထားတဲ့ စက္ကူဗူးလေးထဲမှာ ငွေသားတမျိုးမျိုးနဲ့တကယ်လှူတာဆိုပြီး သာဓုခေါ်ခဲ့ဖူးရင်

    တောင်တွေ့ရင် လမ်းဖောက် မြစ်တွေ့ရင် တံတားဆောက် ဆိုတဲ့ ကြွေးကြော်သံတို့ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ သယံဇာတတွေ ပေါတဲ့မြေ ဆိုတဲ့ သီချင်းတို့ကို အဟုတ်မှတ်ခဲ့ဖူးရင်

    ဖဲကြိုးဖြတ်ပြီး စက်ခလုပ်နှိပ်တာမြင်တိုင်း မဆိုးရှာပါဘူး တွေးခဲ့ဖူးရင်

    သော့ခတ်ထားခဲ့ အခန်းထဲက ကွန်ပြူတာတွေကို တနေ့ ဗုံတီးသလို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် ဆရာမတွေက သင်ပေးမှာလို့ ထင်ပြီး ခဏခဏ ချောင်းကြည့်ဖူးရင်

    တအိမ်တယောက် မလိုက်မနေရ လုပ်အားပေးကို အပျော်ခရီးထွက်သလို ထင်ဖူးရင်

    ဆည်ကြီးပြီးပြီ ဆည်ကြီးပြီးပြီ သီချင်းနဲ့ မော်ဒယ်အသစ်လေးတွေ ခုန်ပေါက်ကပြတာ သဘောတွေကျ စိုက်ခင်းတွေ စိုပြေတော့မယ် ထင်ခဲ့ဖူးရင်

    စက်သုံးဆီဈေးကျအောင်ဆိုပြီး ဘိုင်အိုဒီဇယ်ထုတ်ဖို့စီမံချက် ကြက်ဆူပင် တက်တက်ကြွကြွ စိုက်ခဲ့ဖူးရင်

    ပျက်ကွက်ပါက မိမိတာဝန်သာဖြစ်သည် ဆိုတဲ့ ခြိမ်းခြောက်စကားကိုတုန်နေအောင် ကြောက်ခဲ့ဖူးရင်

    ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတဲ့ ထုတ်ပြန်ချက်ကို ပါးစပ်လေးအဟောင်းသားနဲ့ နားထောင်ဖူးရင်

    ယူနီဖောင်းမှာ ပုဝါဖြူပတ် သေနတ်ခါးထိုး ဘုရားထီး တင်တာကို နိုင်ငံကာကွယ်လို့ မအားတဲ့ကြားက တကူး တက သာသနာပြုရှာတယ်လို့ ကရုဏာသက်ဖူးရင်

    ညနေ ၄ နာရီမှ ဖြတ်သွားတဲ့ VIP ကားတန်းကို အလံလေးဝှေ့လက်ပြဖို့ မနက် ၇ နာရီတည်းက ထမင်းချိုင့်လေးနဲ့ သွားဖို့ တပြင်ပြင်ဖြစ်ဖူးရင်

    အကောင်ပဲ… ဘာကောင်လဲဆိုရင်

    ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့ အကောင် 😂😎