ယောတပ်တော်(Yaw Army-YA)၏ ခက်ခဲကြမ်းတမ်းသည့်ခရီးလမ်းတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)က အနီးကပ်ကွပ်ကဲပြီး ထောက်ပံ့ကူညီပေးခဲ့သည်ဟု သိရသည်။
ယောတပ်တော်(YA)ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယမန်နေ့ ဇန်နဝါရီလ ၂ ရက်တွင် YA ၏ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ယောတပ်တော်စတင်ဖွဲ့စည်းခဲ့စဉ်ကပင် ယခုအချိန်ထိ (၂)နှစ်တာသက်တမ်းအတွင်း ပြင်းထန်သော နိုင်ငံရေးလှိုင်းတံပိုးများ၊ ခက်ခဲကြမ်းတမ်းသော စစ်မျက်နှာပြင်များကို ဖြတ်သန်းခဲ့ရပြီး YA ၏ ရဲဘော်ရဲဘက်များ အသက်သွေးချွေးများစွာ ပေးဆပ်ခဲ့ရသလို အာရက္ခပြည်၊ ချင်းပြည်နှင့် ယောဒေသတွင်း မြို့သိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီးငယ်ပေါင်းများစွာဆင်နွှဲခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဆိုပါခက်ခဲကြမ်းတမ်းသော ခရီးလမ်းကို တည့်မတ်စွာလျှောက်လှမ်းနိုင်ရန် အစဉ်တစိုက် အနီးကပ်ကွပ်ကဲ ပြီး ထောက်ပံ့ကူညီ အကြံဉာဏ်များပေးခဲ့သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အား အထူးပင် လှိုက်လှိုက်လှဲလှဲ လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နည်းတူစွာ စစ်ရေးနိုင်ငံရေးအကြံဉာဏ်များ၊ အခြားအကူအညီများ ပေးအပ်ကူညီပြီး စိတ်ခွန်အားပေးခဲ့သော ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)ကိုလည်း အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပြီး မှတ်တမ်းတင်ဂုဏ်ပြုသည်ဟု ဆိုထားသည်။
ယောတပ်တော် စတင်ထူထောင်စဉ်က ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများကြုံတွေ့ရချိန် ကူညီဖြေရှင်းပေးခဲ့သော မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် – ပကဖ) နှင့် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF) ကိုလည်း အထူးပင်ကျေးဇူးတင်ရှိသလို မိမိတို့နှင့်အတူ ရပ်တည် တိုက်ပွဲဝင်ခဲ့ကြသော မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများကိုလည်း လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟုလည်း ဖော်ပြထားသည်။
“မိမိတို့ လျှောက်လှမ်းခဲ့သော (၂) နှစ်တာကာလအတွင်း ရန်သူစစ်အာဏာရှင်၏ ဖိနှိပ်သတ်ဖြတ်အကြမ်းဖက် မှုများ တိုက်ခိုက်မှုများကို ခါးစည်းခံကာ ကြံ့ကြံ့ခံရပ်တည်တိုက်ပွဲဝင်ခဲ့သော ယောပြည်သူလူထု၏ ပေးဆပ်မှု၊ ရဲရင့်မှုနှင့် တော်လှန်ရေးစိတ်ဓာတ်တို့သည် အလွန်ပင် လေးစားဂုဏ်ယူဖွယ်ကောင်းလှပါသည်။ လက်ရှိအချိန်အထိ စစ်အာဏာရှင်၏ ဖိနှိပ်မှုမျိုးစုံကို အံတု၍ မိမိတို့ကို ကူညီထောက်ပံ့နေဆဲဖြစ်ပြီး ပြည်သူလူထု၏ ကျေးဇူးတရားကို မိမိတို့ မည်သည့်အခါမှ မေ့လျော့ဖောက်ပြန်သွားမည် မဟုတ်ကြောင်း ကတိသစ္စာပြုပါသည်။ ယောဒေသ လွတ်မြောက်ရေးမှသည် အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးဆီသို့ အစဉ်တစိုက် ဦးတည်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယောတပ်တော်သည် (၂) နှစ်တာကာလအတွင်း မိမိတို့၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များအတိုင်း တပ်တည် ဆောက်ရေးနှင့် တိုက်ပွဲဝင်ရေး၊ လူစွမ်းအားအရင်းအမြစ် မွေးထုတ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ ဘဏ္ဍာရေး၊ လူထုဆက်ဆံရေး ကဏ္ဍများကို ဟန်ချက်ညီညီ အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည်ဟုလည်း ပြောဆိုထားသည်။
ယောအမျိုးသားတည်ဆောက်ရေး၊ လွတ်မြောက်ရေးရည်မှန်းချက်များအပြင် တစ်နိုင်ငံလုံး၏ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးအတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) တွင်လည်း အားတက်သရောပါဝင်နေပြီး ရန်သူစစ်အာဏာရှင်ပြုတ်ကျရေးအတွက် အဆုံးတိုင်ချီတက်တိုက်ပွဲဝင်မည်ဟုလည်း ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေး အပြန်အလှန်လေးစားမှုတို့နှင့်အတူ ဟန်ချက်ညီညီလက်တွဲ၍ တိုက်ပွဲဝင်လျှက်ရှိပြီး တော်လှန်ရေးကာလ ဖက်ဒရယ်လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သည့် ဒေသန္တရအစိုးရများအားကောင်းရေးမူအရ ဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့များ ဖြစ်ထွန်းပေါ်ပေါက်လာမှုကို ကြားကာလလိုအပ်ချက်နှင့်အညီ ကြိုဆိုပြီး ရန်သူစစ်သုံးစစ် အမြစ်ဖြတ်ရေး အတူလက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
ယော၏ဖြစ်တည်မှု၊ တည်ရှိမှုနှင့် တန်းတူညီမျှခွင့်တို့ကို အသိအမှတ်ပြုသော အပြန်အလှန်လေးစားမှုရှိသော မည်သည့်အဖွဲ့အစည်းမဆို ပိုမို ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ပြီး ရန်နည်း၍ မိတ်ဆွေများရေးသည် မိမိတို့၏ လုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်ဟု ဖော်ပြထားသည်။
“ယနေ့ကျရောက်သော ယောတပ်တော်၏ တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခါသမယနှင့်အတူ ၂၀၂၆ နှစ်သစ်တွင် ယောဒေသ၊ ယောပြည်သူလူထုအပါအဝင် ပြည်ထောင်စုတွင်းရှိ တိုင်းရင်းသားပြည်လူထုအားလုံး စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း၊ ရန်သူစစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ်၍ လွတ်လပ်ပြီး တရားမျှတသော၊ တန်းတူညီမျှသော ပြည်ထောင်စုအစစ်အမှန်ကို တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် မိမိတို့အနေဖြင့် ယောကံကြမ္မာယောဖန်တီးခွင့်ရရှိရေး နှင့် စစ်သုံးစစ်အမြစ်ဖြတ်တိုက်ဖျက်ရေးအတွက် မမှိတ်မသုန်ချီတက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်”ဟု ဖော်ပြထားသည်။
ယောတပ်တော်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် စစ်သုံးစစ်အမြတ်ပြတ် တိုက်ဖျက်ရေး၊ ယောဒေသ၊ ယောပြည်သူလူထု၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်၍ အန္တိမပန်းတိုင် (၄) ရပ်ကို ဦးထိပ်ပန်ဆင်ပြီး ဖွဲ့စည်းထူထောင်ခဲ့သည်ဟု သိရသည်။


Leave a Reply