Category: News

  • အောက်ပါအချက်တွေထဲက တချက်ကြုံဖူးရင်ကိုသင်ဟာ ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့သူပါ

    အောက်ပါအချက်တွေထဲက တချက်ကြုံဖူးရင်ကိုသင်ဟာ ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့သူပါ

    “အောက်ပါအချက်တွေထဲက တချက်ကြုံဖူးရင်ကိုသင်ဟာ ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့သူပါ”

    ဘောလုံးကွင်းထဲ တကျောင်းလုံးအရောက်လို့ ခေါ်သွားပြီး မြန်မာအားကစား ကမ္ဘာကို လွှမ်းရမည်နဲ့ ပန်းပွားက,တာကို တက်တက်ကြွကြွ အားပေးဖူးရင်

    ပုံနှိပ်စာအုပ်ခွဲတမ်းချတဲ့အခါ မဲပေါက်တာကို ပျော်ခဲ့ဖူးရင်

    မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး ဆိုပြီး တီဗီကနေ လှေလှော်ပြတာ အားတက်ဖူးရင်

    ကျပန်းစကားပြောပြိုင်ပွဲဆိုပြီး အလွတ်ကျက်ထားတာတွေ စင်ပေါ်တက်ရွတ်တာကို အားကျခဲ့ဖူးရင်

    ဆိုကရေးတီးပြိုင်ပွဲ မလိုက်နိုင်လို့ စိတ်မကောင်းဖြစ်ဖူးရင်

    မှတ်ပုံတင်လုပ်ပေးရင်းနဲ့ ဘယ်တုန်းကမှ အသင်းဝင်မယ် မပြောခဲ့ဖူးတဲ့ ကြံ့ခိုင်ရေးကတ်ပြားလေးတွေပါ အပိုဆောင်းရခဲ့ဖူးရင်

    သိန်းတရာလို့ ရေးထားတဲ့ စက္ကူဗူးလေးထဲမှာ ငွေသားတမျိုးမျိုးနဲ့တကယ်လှူတာဆိုပြီး သာဓုခေါ်ခဲ့ဖူးရင်

    တောင်တွေ့ရင် လမ်းဖောက် မြစ်တွေ့ရင် တံတားဆောက် ဆိုတဲ့ ကြွေးကြော်သံတို့ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါ သယံဇာတတွေ ပေါတဲ့မြေ ဆိုတဲ့ သီချင်းတို့ကို အဟုတ်မှတ်ခဲ့ဖူးရင်

    ဖဲကြိုးဖြတ်ပြီး စက်ခလုပ်နှိပ်တာမြင်တိုင်း မဆိုးရှာပါဘူး တွေးခဲ့ဖူးရင်

    သော့ခတ်ထားခဲ့ အခန်းထဲက ကွန်ပြူတာတွေကို တနေ့ ဗုံတီးသလို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် ဆရာမတွေက သင်ပေးမှာလို့ ထင်ပြီး ခဏခဏ ချောင်းကြည့်ဖူးရင်

    တအိမ်တယောက် မလိုက်မနေရ လုပ်အားပေးကို အပျော်ခရီးထွက်သလို ထင်ဖူးရင်

    ဆည်ကြီးပြီးပြီ ဆည်ကြီးပြီးပြီ သီချင်းနဲ့ မော်ဒယ်အသစ်လေးတွေ ခုန်ပေါက်ကပြတာ သဘောတွေကျ စိုက်ခင်းတွေ စိုပြေတော့မယ် ထင်ခဲ့ဖူးရင်

    စက်သုံးဆီဈေးကျအောင်ဆိုပြီး ဘိုင်အိုဒီဇယ်ထုတ်ဖို့စီမံချက် ကြက်ဆူပင် တက်တက်ကြွကြွ စိုက်ခဲ့ဖူးရင်

    ပျက်ကွက်ပါက မိမိတာဝန်သာဖြစ်သည် ဆိုတဲ့ ခြိမ်းခြောက်စကားကိုတုန်နေအောင် ကြောက်ခဲ့ဖူးရင်

    ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတဲ့ ထုတ်ပြန်ချက်ကို ပါးစပ်လေးအဟောင်းသားနဲ့ နားထောင်ဖူးရင်

    ယူနီဖောင်းမှာ ပုဝါဖြူပတ် သေနတ်ခါးထိုး ဘုရားထီး တင်တာကို နိုင်ငံကာကွယ်လို့ မအားတဲ့ကြားက တကူး တက သာသနာပြုရှာတယ်လို့ ကရုဏာသက်ဖူးရင်

    ညနေ ၄ နာရီမှ ဖြတ်သွားတဲ့ VIP ကားတန်းကို အလံလေးဝှေ့လက်ပြဖို့ မနက် ၇ နာရီတည်းက ထမင်းချိုင့်လေးနဲ့ သွားဖို့ တပြင်ပြင်ဖြစ်ဖူးရင်

    အကောင်ပဲ… ဘာကောင်လဲဆိုရင်

    ဂျင်းတွေ တတက်ပြီး တတက် မိခဲ့တဲ့ အကောင် 😂😎

  • ရန်ကုန်တွင် ၃ ရက်အတွင်း ကားတိုက်မှုကြောင့် လူ ၄ ဦးသေဆုံး

    ရန်ကုန်တွင် ၃ ရက်အတွင်း ကားတိုက်မှုကြောင့် လူ ၄ ဦးသေဆုံး

    ဒီ ၃ ရက်အတွင်း ရန်ကုန်မှာ ကားတိုက်ပြီး လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

    ဇန်နဝါရီ ၃ ရက် ဒီနေ့ မနက် အစောပိုင်း ၂ နာရီ မိနစ် ၄၀ လောက်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ BPI ဆေးဝါးစက်ရုံလမ်းမှာ ကားတိုက်ပြီး လူညပ်နေတယ် ဆိုတဲ့သတင်းရလို့ အင်းစိန်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ကယ်ဆယ်ဆယ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    ဖြစ်စဉ်ကြောင့် ကားပေါ်ပါ အမျိုးသား ၁ ယောက်သေဆုံးပြီး အလောင်းကို တွဲလက် လူမှုကူညီရေးအသင်းက လူနာတင်ကားနဲ့ အင်းစိန်ပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ဇန်နဝါရီ ၁ ရက် မနက် ၄ နာရီခွဲလောက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ရန်ကုန်- ပုသိမ်လမ်းမပေါ်၊ အဝေးပြေးအကျော်မှာ ကားတိုက်ပြီး လူညပ်နေတယ်ဆိုတဲ့သတင်းရလို့ လှိုင်သာယာအနောက်ပိုင်း မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးကား ၁ စီးနဲ့ သွားရောက် ကူညီခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီကားတိုက်မှုမှာတော့ ကားပေါ် ပိတ်မိနေသူတွေထဲက အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်သေဆုံးခဲ့ပြီး အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကတော့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

    ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီလောက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်မှတ်တိုင်နားမှာ ကားတိုက်ခဲ့ပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းက သွားရောက်ကူညီခဲ့ပြီး သေဆုံးတဲ့ အမျိုးသားကိုတော့ ပုလဲအရန်မီးသတ်စခန်းက လူနာတင်ကားနဲ့ အင်စိန်ပြည်သူ့ဆေးရုံဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ဖြစ်စဉ်အားလုံးဟာ မနက်အစောပိုင်းအချိန်တွေမှာဖြစ်ပြီး ကားပေါ်မှာပါလာသူတွေ ညပ်ပြီးသေဆုံးတာဖြစ်ပါတယ်။

  • တယောက်တည်းပြိုင်ပြီးနိုင်သွားသူ ၃၀ ကျော်အပါအဝင် စစ်တပ်ရွေးကောက်ပွဲရလဒ် ထုတ်ပြန်

    တယောက်တည်းပြိုင်ပြီးနိုင်သွားသူ ၃၀ ကျော်အပါအဝင် စစ်တပ်ရွေးကောက်ပွဲရလဒ် ထုတ်ပြန်

    အာဏာသိမ်းစစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ပြိုင်ဘက်မရှိလို့ တယောက်တည်းပြိုင်ပြီး နိုင်သွားတဲ့ ၃၁ ယောက်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ရွေးခံရတယ်ဆိုတဲ့ စာရင်းတချို့ကို စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီ ၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။

    ပြည်သူ့လွှတ်တော်အတွက် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့အတွက် မပြိုင်ဘဲနိုင်တဲ့ ၁၅ နေရာမှာ ကြံ့ခိုင်ရေးပါတီက ၁၄ နေရာရပြီး မိုးနဲမှာတော့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) က တနေရာရပါတယ်။

    အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ်မှာ ‘ဝ’ အမျိုးသားပါတီက မပြိုင်ဘဲ တနေရာရပါတယ်။

    တိုင်းနဲ့ပြည်နယ်လွှတ်တော်မှာတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်းတို့ကနေ မပြိုင်ဘဲနိုင်တဲ့ ၁၅ နေရာမှာ ကြံ့ခိုင်ရေးပါတီက ၁၄ နေရာရပြီး ရှမ်းပြည်နယ်မှာတော့ အာခါတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက တနေရာရပါတယ်။

    ပြီးတော့ ပြည်သူ့လွှတ်တော်အတွက် နေပြည်တော်၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်ပြည်နယ်တို့မှာ ကြံ့ခိုင်ရေးပါတီက ၂၄ နေရာနိုင်ပြီး မွန်ညီညွတ်ရေးပါတီက တနေရာရတယ်လို့ ကြေညာထားပါတယ်။

    ရွေးခံရတယ်ဆိုတဲ့ ကိုယ်စားလှယ်စာရင်းကို ကြေညာလာပေမဲ့ မဲရလဒ်တွေကိုတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

    စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အပိုင်း ၃ ခုခွဲလုပ်နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က အပိုင်း ၁ ကို ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာပါ။

    အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

    အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အစောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

  • မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်

    မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်

    စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က ပစ်ခတ်လို့ ရွာသားတွေ ဒဏ်ရာရကြောင်း သတင်းထွက်

    စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က မနေ့ည အစောပိုင်းမှာ ပစ်ခတ်ခဲ့တဲ့ အတွက် ရွာသားတချို့ ဒဏ်ရာရရှိသွားတယ်လို့ Freelance Journalist THN ချန်နယ်မှာ ဖော်ပြထားပါတယ်။

    ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညပိုင်းက ယဘားရွာဘုန်းကြီးကျောင်းမှာ ညကင်း အိပ်စောင့်နေတဲ့ ရွာသားတွေကို ရွာ ပအဖ တာဝန်ရှိသူ ဦးချစ်ဌေးက လက်နက်နဲ့အတူ သွားရောက်ပြီး ခြိမ်းခြောက်ရမ်းကားမှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒါကြောင့် ရွာသားတွေက ပအဖ ဦးချစ်ဌေးကို ဝိုင်းဝန်းဖမ်းဆီးပြီး ပကဖ တာဝန်ရှိသူဖြစ်တဲ့ ကိုဇော်မင်းဆီကို ပို့ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။

    ယဘားရွာ ချင်းတွင်းမြစ်ဘေးမှာ ရွှေမျောတွေလုပ်တာကို ရွာသားတွေက ကန့်ကွက်မှုတွေ ရှိခဲ့တာကြောင့် ပကဖ ဦးချစ်ဌေးက မကျေနပ်လို့ အခုလို ရမ်းကား ခြိမ်းခြောက်မှုတွေ လုပ်တာလို့လည်း တခြားရွာသူတစ်ဦးက ပြောပါတယ်။

    မနေ့က ဇန်နဝါရီ ၂ ရက် ည ၇ နာရီ ဝန်းကျင်လောက်မှာတော့ ဦးချစ်ဌေးကို ဖမ်းဆီးရမလားဆိုပြီး ပကဖ တွေက ရွာကိုရောက်လာပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

    ပစ်ခတ်မှုကြောင့် ရွာသားတချို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပြီး ရင်ဘတ်ကို ကျည်မှန်တဲ့ ရွာသားတစ်ဦး ကတော့ ဖုန်းကိုထိမှန်လို့ အသက်မသေဘူးလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

    “ဒီဖြစ်စဉ်အရ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ရာကနေ လက်နက်ကိုင်တဲ့အရသာကို မြည်းစမ်းကြည့်မိပြီး သာယာသွားကြတာကို တွေ့ရပါတယ်။ လိုင်းပေါ်တက်မလာပေမယ့် မြေပြင်မှာ ဒီလိုဖြစ်စဉ်တွေ အများကြီးရှိပါတယ်” လို့ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

    နောက်ဆုံး အခြေအနေအရ ယဘားရွာဖြစ်စဉ်အတွင်း ပကဖ က သေနတ် အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ရွာသား၂ ဦးကို ဖမ်းသွားတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လတုန်းကလည်း မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို ဖမ်းဆီးတဲ့ဖြစ်စဉ်ကြောင့် ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့အချို့ကို ပြည်သူတွေက ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။

  • လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်မ(၂၂) တပ်ရင်းမှူးအပါအဝင် ၃၀၀ ကျော်သေဆုံး

    လေးကေ့ကော်တိုက်ပွဲ လေးလနီးပါးအတွင်း တပ်မ(၂၂) တပ်ရင်းမှူးအပါအဝင် ၃၀၀ ကျော်သေဆုံး

    တပ်ရင်းမှူး သုံးဦးဒဏ်ရာရပြီး စုစုပေါင်းသေဆုံးနဲ့ ဒဏ်ရာစာရင်း ၆၀၀ ကျော်နေဟု ကရင်သတင်းရင်းမြစ်ပြော

    ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတိုက်ပွဲ လေးလနီးပါးအတွင်း စစ်ကောင်စီရဲ့တပ်မ(၂၂)က တပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူ ၃၀၀ ကျော်အထိရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    လေးကေကော်မြို့သစ်ကိုရဖို့အတွက် စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၁ ရက်ကစတင်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

    လက်တလောမှာ လေးကေ့ကော်ဒေသက မင်းလက်ပံရွာမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

    လေးကေ့ကော်ဒေသတိုက်ပွဲဟာ လေးလနီးပါးကြာလာပြီဖြစ်ပြီး စစ်တပ်က မင်းလက်ပံရွာမှာဘဲ ရှေ့မတိုးနိုင်သေးဘဲ ရပ်တန့်နေတယ်လို့ ဆိုပါတယ်။

    လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)လက်အောက်ခံ ခမရ(၂၀၃)ဒုတပ်ရင်းမှူးနဲ့ ခမရ(၂၀၁)တပ်ရင်းမှူး သေဆုံးပြီး တပ်ရင်းမှူးသုံးဦး ဒဏ်ရာရထားတယ်လို့ တပ်မဟာ(၆)နယ်မြေက သတင်းရင်းမြစ်က ပြောပါတယ်။

    “တပ်မ(၂၂)က သေဆုံး သုံးရာကျော်ပြီ။ တပ်ရင်းမှူ အဆင့် သုံးယောက်ဒဏ်ရာရ ။ 2ICက နှစ်ရက် သုံးရက်က တစ်ယောက်သေတယ်။ ၂၀၃ ဒုတပ်ရင်းမှူးသေတယ်။ ၂၀၁ တပ်ရင်းမှူးက မင်းလက်ပံတိုက်ပွဲမှာ သူဗိုက်ပေါက်သွားတယ်။ တပ်ရင်းမှူးအဆင့်ကသုံးယောက်ဒဏ်ရာရတာကတစ်ယောက်ကခြေထောက်ပြတ်တယ်”လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)ရဲ့ သေဆုံးနဲ့ ဒဏ်ရာရစာရင်း စုစုပေါင်းဟာ ၆၀၀ကျော်နေပြီလို့လည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

    တိုက်ပွဲတွေအတွင်း တပ်မ(၂၂)ထံကလက်နက်ခဲယမ်းတွေလည်းတော်လှန်ရေးတပ်ဖွဲ့တွေက အများအပြားသိမ်းရထားပါတယ်။

    လေးကေ့ကော်မြို့သစ်တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးမှုများပြီး အလင်းဝင်လာသူများရှိနေတယ်လို့ အဲဒီဒေသတိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ ကျားသစ်နက် စစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အဓမ္မခေါ်ယူစုဆောင်းတာတွေ၊ အတင်းကြပ်ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်တွေနဲ့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

    စစ်တပ်က ကရင်ပြည်နယ် ၊မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေ့ကော်ဒေသကို စက်တင်ဘာ ၂၁ရက်ကစပြီး တပ်မ(၂၂)လက်​အောက်ခံ တပ်ရင်း​တွေကို သုံးရင်းတစ်ဗျူဟာဖွဲ့ပြီး ဗျူဟာ ၃ ခုနဲ့ ခွဲပြီး စစ်​ကြောင်းထိုးတိုက်ခိုက်​နေတာပါ။

    ဗျူဟာ (၂၂၁) ၊ ဗျူဟာ(၂၂၂)၊ ဗျူဟာ(၂၂၃) ဆိုတဲ့ သုံးဗျူဟာနဲ့ တစ်ဗျူဟာ အင်အား ၄၀၀ ​ကျော်နဲ့ စုစုပေါင်း အင်အား ၁၂၀၀ နဲ့ စစ်ကြောင်းထိုးလာတာလို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက ‌၂၀၂၅ အောက်တိုဘာ ၂၃ရက်မှာ ပြောထားပါတယ်။

    စစ်တပ်ဟာလေးကေ့ကော်ဒေသတိုက်ပွဲအတွင်းမှာ စစ်မှုထမ်းဥပဒေနဲ့ ခေါ်ဆောင်လာတဲ့ တပ်သားသစ်တွေကိုအများဆုံးအသုံးပြုထားတယ်လို့လည်းသူက ပြောပါတယ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ PDF ပူးပေါင်းတပ် စစ်ကြောင်းတွေက လေးကေ့ကော်မြို့သစ်ကို ခုခံကာကွယ်နေတာဖြစ်ပါတယ်။

    တော်လှန်ရေးပူးပေါင်းတပ်က ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောကိုယ်တိုင် စစ်မြေပြင်မှာ ဦးဆောင်တိုက်ခိုက်နေတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပေါ်ထွက်ဖူးပါတယ်။

    (လေးကေ့ကော်ဒေသတိုက်ပွဲအတွင်း တပ်မ(၂၂)ထံကသိမ်းရတဲ့ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ – Black Panther Column၊Saw Kaw)