စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က ပစ်ခတ်လို့ ရွာသားတွေ ဒဏ်ရာရကြောင်း သတင်းထွက်

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ယဘားရွာမှာ ရွာသားတွေနဲ့ ပြဿနာဖြစ်ပြီး ပကဖ က မနေ့ည အစောပိုင်းမှာ ပစ်ခတ်ခဲ့တဲ့ အတွက် ရွာသားတချို့ ဒဏ်ရာရရှိသွားတယ်လို့ Freelance Journalist THN ချန်နယ်မှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက် ညပိုင်းက ယဘားရွာဘုန်းကြီးကျောင်းမှာ ညကင်း အိပ်စောင့်နေတဲ့ ရွာသားတွေကို ရွာ ပအဖ တာဝန်ရှိသူ ဦးချစ်ဌေးက လက်နက်နဲ့အတူ သွားရောက်ပြီး ခြိမ်းခြောက်ရမ်းကားမှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒါကြောင့် ရွာသားတွေက ပအဖ ဦးချစ်ဌေးကို ဝိုင်းဝန်းဖမ်းဆီးပြီး ပကဖ တာဝန်ရှိသူဖြစ်တဲ့ ကိုဇော်မင်းဆီကို ပို့ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။

ယဘားရွာ ချင်းတွင်းမြစ်ဘေးမှာ ရွှေမျောတွေလုပ်တာကို ရွာသားတွေက ကန့်ကွက်မှုတွေ ရှိခဲ့တာကြောင့် ပကဖ ဦးချစ်ဌေးက မကျေနပ်လို့ အခုလို ရမ်းကား ခြိမ်းခြောက်မှုတွေ လုပ်တာလို့လည်း တခြားရွာသူတစ်ဦးက ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၂ ရက် ည ၇ နာရီ ဝန်းကျင်လောက်မှာတော့ ဦးချစ်ဌေးကို ဖမ်းဆီးရမလားဆိုပြီး ပကဖ တွေက ရွာကိုရောက်လာပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ရွာသားတချို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပြီး ရင်ဘတ်ကို ကျည်မှန်တဲ့ ရွာသားတစ်ဦး ကတော့ ဖုန်းကိုထိမှန်လို့ အသက်မသေဘူးလို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီဖြစ်စဉ်အရ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ရာကနေ လက်နက်ကိုင်တဲ့အရသာကို မြည်းစမ်းကြည့်မိပြီး သာယာသွားကြတာကို တွေ့ရပါတယ်။ လိုင်းပေါ်တက်မလာပေမယ့် မြေပြင်မှာ ဒီလိုဖြစ်စဉ်တွေ အများကြီးရှိပါတယ်” လို့ စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

နောက်ဆုံး အခြေအနေအရ ယဘားရွာဖြစ်စဉ်အတွင်း ပကဖ က သေနတ် အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ရွာသား၂ ဦးကို ဖမ်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို ဖမ်းဆီးတဲ့ဖြစ်စဉ်ကြောင့် ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့အချို့ကို ပြည်သူတွေက ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *