Category: News

  • တရုတ်၏ဖိအားနှင့် အကျိုးစီးပွားပေါ် အခြေခံပြီး မြစ်ဆုံစီမံကိန်းပြန်စရန် စစ်ကောင်စီလုပ်နေဟု KIA ပြော

    တရုတ်၏ဖိအားနှင့် အကျိုးစီးပွားပေါ် အခြေခံပြီး မြစ်ဆုံစီမံကိန်းပြန်စရန် စစ်ကောင်စီလုပ်နေဟု KIA ပြော

    နိုင်ငံတဝန်းက ပြည်သူလူထုရဲ့ ကန့်ကွက်မှုနဲ့ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်ရဲ့ နိုင်ငံရေး ဖိအားနဲ့ အကျိုးစီးပွားတွေ အပေါ် အခြေခံပြီး စစ်ကောင်စီက ပြန်လည် စတင်နိုင်ဖို့ ကြိုးပမ်းလာတာလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောပါတယ်။

    လူထုရဲ့ ကန့်ကွက်မှုနဲ့ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်ကို ယာယီရပ်ဆိုင်းခဲ့ပြီး ၁၅ နှစ် ကြာပြီးနောက် လက်ရှိ နိုင်ငံ အာဏာကို သိမ်းယူထားတဲ့ စစ်ခေါင်းဆောင်အဖွဲ့တွေက လူထုဆန္ဒကို ဆန့်ကျင်ကာ ပြန်လည်စတင်ဖို့ ကြိုးပမ်းလာတာပါ။

    တရုတ်ရဲ့ ဖိအားနဲ့ အကျိုးစီးပွားကို အခြေခံပြီး စစ်ကောင်စီက စီမံကိန်းကို ပြန်စတင်ဖို့ ကြိုးပမ်းနေတာလို့ KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    “အဓိကတော့ တရုတ်ရဲ့ဖိအားကြောင့် ဖြစ်မှာပါ။ နှစ်နိုင်ငံ စာချုပ်ချုပ်ထားတာကို ပြန်လည် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတယ်လို့ မြင်ပါတယ်။ တရုတ်ကတော့ သူရဲ့ အကျိုးစီးပွားကိုပဲ ကြည့်နေတာ။ ဒါကြောင့် သူ ရင်းနှီးမြှုပ်နှံခဲ့တဲ့ အရင်းနှီးတွေ ငွေကုန်ကြေးကျ ခံခဲ့တာတွေကို ပြန်ရနိုင်ဖို့အတွက်က မရမက တရုတ်က ဖိအားပေးပြီး အခုလိုမျိုး ပြန်စဖို့ သူတို့ နှစ်ဖွဲ့ ပူးပေါင်းပြီး စလာတာလို့ သုံးသပ်ပါတယ်”

    စစ်ကောင်စီက ပြန်လည်စတင်မဲ့ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်မဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့လည်း ထုတ်ပြန်ထားပြီး KIO ကတော့ စီမံကိန်းနဲ့ ပတ်သက်ပြီး လူထုရဲ့ ဆန္ဒကသာ အရေးကြီးဆုံးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက်မှာ စစ်ကောင်စီ အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းလိုက်တဲ့ ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့နဲ့ တရုတ်ယူနန်ပြည်နယ် SPIC Yunan International Power Investment Co.,Ltd (SPICYN) နဲ့အတူ ပူးပေါင်းကာ မြစ်ဆုံး ရေအားလျှပ်စစ်စီမံကိန်းကြီးကို ပြန်လည်စတင်နိုင်ဖို့ ကြိုပမ်းနေပါနေတယ်။

    အရင် ဦးသိန်းစိန်နဲ့ NLD အစိုးရလက်ထက်မှာ မြစ်ဆုံ စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းဖို့အထိ နိုင်ငံတဝန်းက ပြည်သူလူထုက တောင်းဆိုခဲ့ကြပြီး စီမံကိန်းအတွက် အသုံးပြုထားတဲ့ အမေရိကန် ဒေါ်လာ သန်း ၇၀၀ နီးပါးကိုလည်း ပြည်သူတွေ အလှူငွေထည့်ဝင်ကာ လျော်ကြေးပေး အဆုံးသတ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။

  • ရန်ကုန်​တွင် ရွေးကောက်ပွဲနီးချိန် ဆက်တိုက်ဗုံးပေါက်ကွဲနေသဖြင့် မဲရုံတာဝန်ကျသူများ စိုးရိမ်နေ

    ရန်ကုန်​တွင် ရွေးကောက်ပွဲနီးချိန် ဆက်တိုက်ဗုံးပေါက်ကွဲနေသဖြင့် မဲရုံတာဝန်ကျသူများ စိုးရိမ်နေ

    ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ ကျင်းပမဲ့ရက် နီးလာချိန် ဗုံးပေါက်တာတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် မဲရုံစောင့်ဖို့ စိုးရိမ်နေကြတယ်လို့ တာဝန်ကျ Non CDM နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

    မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းမက ပြည်သူ့ပါတီရန်ကုန်တိုင်းရုံးအနီးမှာ ဒီဇင်ဘာ ၂၁ ရက်က ဗုံးပေါက်ခဲ့သလို ဒီဇင်ဘာ ၂၂ ရက်ညကလည်း တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်က နေအိမ်တခုမှာ ဗုံးပေါက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီလို ဆက်တိုက် ဗုံးပေါက်ခဲ့တဲ့အတွက် ဒီဇင်ဘာ ၂၈ ရက်လုပ်မဲ့ ရွေးကောက်ပွဲမှာ မဲရုံစောင့်ရမယ့်အပေါ် အန္တရာယ်ဖြစ်မှာကို စိုးရိမ်ရတယ်လို့ လှိုင်မြို့နယ်မှ Non CDM ကျောင်းဆရာမတယောက်က ပြောပါတယ်။

    “မသွားလို့လည်းမရဘူး။ ဘယ်အချိန် ဘာထဖြစ်မယ်မသိတော့ စိုးရိမ်တာပေါ့။ အိမ်ကသူတွေလည်း စိတ်ပူနေတယ်။ ဖြစ်နိုင်ရင် မသွားချင်ဘူး။”

    အဲဒီလို ဗုံးပေါက်တဲ့ ဖြစ်စဥ်တွေကြောင့် ရွေးကောက်ပွဲကာလထဲမှာ ရပ်ကွက်အလိုက် လုံခြုံရေးသတိရှိဖို့ ညွှန်ကြားတာရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။

    “အခြေအနေအရ လုံခြုံရေးအင်အား မချပေးနိုင်တော့ ကိုယ့်ရပ်ကွက်ကိုယ် လုံခြုံရေးယူရမယ့်သဘောပြောတယ်။ ကိုယ်ရှိနေတဲ့အချိန် ထဖြစ်မှာတော့ ကြောက်ရတယ်လေ။”

    ရန်ကုန်​မြို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ထားပြီး ကင်းလှည့်တာနဲ့ ဧည့်စာရင်းစစ်တာတွေ ပိုလုပ်လာတာ တွေ့ရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

    အခုလို ဗုံးပေါက်တာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုပြီး ထုတ်ပြောတာမရှိဘဲ တော်လှန်ရေးအင်အားစု PDF တွေက ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်တာလို့ မြင်သလို စစ်အုပ်စုက လုပ်တာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

    မင်္ဂလာတောင်ညွန့်မြို့နယ်က ဗုံးပေါက်မူဖြစ်စဥ်မှာ လူသေဆုံးထိခိုက်တာမရှိဘဲ တောင်ဥက္ကလာပမြို့နယ်က ပေါက်ကွဲမှုမှာ သေဆုံးသူ ၂ ယောက် ရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

  • လေဆိပ်အနီး ဒရုန်းပျံသန်းမှု နောက်ဆက်တွဲ ဒရုန်း ၂၅၀၀ ကျော် ထပ်မံ သိမ်းဆည်း

    လေဆိပ်အနီး ဒရုန်းပျံသန်းမှု နောက်ဆက်တွဲ ဒရုန်း ၂၅၀၀ ကျော် ထပ်မံ သိမ်းဆည်း

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် သံသယရှိသော ဒရုန်းပျံသန်းမှုများကို တွေ့ရှိခြင်းကြောင့် လုံခြုံရေး အေဂျင်စီများနှင့် အမျိုးသားထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC)တို့ ပူးပေါင်း၍ ထပ်မံရှာဖွေရာ သံသယရှိ ဒရုန်း ၂၅၀၀ ကျော်ကို သိမ်းဆည်းခဲ့ကြောင်း The Nation သတင်း၌ ယနေ့ ဖော်ပြသည်။

    သိမ်းဆည်းရမိသည့် ဒရုန်းများသည် “ယူကရိန်းစစ်ပွဲ” တိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သော ဒရုန်းများနှင့် ဆင်တူသည်ဟု ဖော်ပြထားပြီး မြေပြင်မှတဆင့် မှောင်ခိုတင်သွင်းလာသည်ဟု ယုံကြည်ရကြောင်း သတင်းက ဆိုသည်။

    ထိုသို့ ပြည်တွင်း၌ မှောင်ခိုတင်သွင်းလာသော ဒရုန်းများသည် လုံခြုံရေးခြိမ်းခြောက်မှုပုံစံအသစ်အဖြစ် ယူဆကြသလို အသေးစိတ်အချက်အလက်များကို အတည်ပြုနေဆဲဖြစ်ကြောင်း၊ နောက်ပိုင်းတွင် အသေးစိတ်အချက်လက်များ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

    ဓာတ်ပုံ-The Nation

  • နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့

    နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့

    တပ်မ(၉၉)၊ စကခ(၁၇)တို့အထိနာခဲ့တဲ့ နတ်ရေကန်ဗျူဟာတိုက်ပွဲအတွက် စစ်တပ်ကတပ်မ(၈၈)ကိုထပ်ပို့

    အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတဲ့နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ အာဏာသိမ်း စစ်တပ်က တပ်မ(၈၈)ကိုပါ အသုံးပြုလာပြီး မူလရှိနေတဲ့ အမှတ် (၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၇) လက်အောက်ခံတပ်ရင်းတွေအပါအဝင် အင်အား ၁,၀၀၀ ခန့်အထိ သုံးပြီး ခုခံဖို့ပြင်ဆင်နေပါတယ်။

    မင်းဘူးမြို့အခြေစိုက်တပ်မ(၈၈) လက်အောက်ခံတပ်ရင်းတွေကို စစ်တပ်နတ်ရေကန်ဗျူဟာခုခံတိုက်ခိုက်ဖို့ ပို့ဆောင်နေတာဖြစ်ပါတယ်။

    “တပ်မ ၈၈ကိုပါ ပြန်သုံးလာတယ်။ ဒါကြောင့် စကခ(၁၇)နဲ့ တပ်မ(၈၈)ပေါင်းပြီးအင်အား ၁၀၀၀ ကျော်သုံးနေတယ်။ တိုက်ပွဲကတော့ တပ်ဆိုင်ထားပြီးချနေတဲ့အနေအထားဖြစ်တယ်”လို့ ဒေသခံစစ်‌ ရေးသတင်းရင်းမြစ်ကပြောပါတယ်။

    လက်ရှိမှာ နတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာက ဂုတ်ကြီးစခန်းအနီးမှာ တိုက်ပွဲဖြစ်နေတာပါ။ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပါတယ်။

    ဂုတ်ကြီးစခန်းကို AAက ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလမှာ ပြန်ရဖို့ တန်ပြန်ထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

    ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AA နဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ ရက်နေ့မှာဂုတ်ကြီးရွာက​နေ ပြန်လည်ဆုတ်ခွာသွားပါတယ်။

    ဒါ​ပေမယ့်ဂုတ်ကြီးရွာအနီးဝန်းကျင်မှာ မြေပြင်တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေလည်း နေ့စဉ် ဗုံးကြဲနေပါတယ်။

    နတ်ရေကန်ဗျူဟာကုန်းကိုAAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ထိုးစစ်စတင်ခဲ့တာပါ။ အဲ့ဒီကာလမတိုင်မီက တပ်မ(၈၈)လက်အောက်ခံတပ်ရင်းတွေ နတ်ရေကန်ဗျူဟာကုန်းမှာ တပ်စွဲခဲ့ဖူးပါတယ်။

    စတင်တိုက်ခိုက်ချိန်မှာတော့ ခုခံစစ်ကို တပ်မ(၉၉)က တာဝန်ယူခဲ့တာပါ။

    ကာကင်းစခန်းတွေကို AAနဲ့ မဟာမိတ်တွေက တစ်ခုပြီးတစ်ခု သိမ်းယူခဲ့ပြီး အထိနာနေတဲ့ စစ်တပ်က တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို မေလထဲမှာ ပြန်ဖမ်းပြီး ဟားခါးအခြေချ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးစိုးဝင်းထွန်းကို တပ်မ(၉၉) တပ်မမှူးတာဝန်ပေးခဲ့ပါတယ်။

    ထိုးစစ်စတင်တဲ့ ဖေဖော်ဝါရီလထဲမှာတင် တပ်မ (၉၉) လက်အောက်ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးအပြင် စစ်သုံ့ပန်းအများအပြားကို AA ကဖမ်းမိခဲ့ပါတယ်။

    ဩဂုတ်လနှောင်းပိုင်းမှာ‌တော့ တပ်မ(၉၉) လက်အောက်ခံတပ်ရင်းတွေအစား ရှမ်းတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)၁၇ကို ပို့ပြီး ခုခံခဲ့ပြန်ပါတယ်။

    စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တို့နဲ့အတူ စစ်မှုထမ်းသင်တန်းဆင်းတွေပါလာတယ်လို့ အာရက္ခတပ်တော်(AA)က အောက်တိုဘာလ ၁၇ ရက်ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    တိုက်ပွဲတွေမှာ ကစဉ့်ကလျားထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဖမ်းမိထားပြီး အလံဖြူထောင် အလင်းဝင်ရောက်လာသူတွေလည်း ဆက်တိုက်ရှိနေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

    ပြီးခဲ့တဲ့ဒီဇင်ဘာလဆန်းမှာ စစ်ကောင်စီက ပဒါန်းမြို့နယ်ထဲက အမှတ် (၉၀၅)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကို တပ်မ(၈၈) ကအရာရှိတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို စစ်ကား ၂၇ စီးနဲ့ ပို့ဆောင်ခဲ့ပါတယ်။

    စစ်တပ်ကနတ်ရေကန်ဗျူဟာကိုလက်လွတ်ဆုံးရှုံးရမှာ စိုးတာ​ကြောင့်ဗျူဟာပြောင်းဖို့ ကြိုးပမ်းနေတာလို့ တော်လှန်ရေးတပ်တွေဘက်ကသုံးသပ်ခဲ့ပါတယ်။

    လက်ရှိမှာတော့ နတ်ရေကန်ဗျူဟာထဲမှာ ဒဏ်ရာရထားတဲ့ စစ်သားတွေအပါအဝင် အင်အား ၃၀၀ ခန့်ရှိနေသေးတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။

    စစ်တပ်တွေက နတ်ရေကန်ဗျူဟာနားက ပဇီရွာကို တပ်စွဲထားပြီး ဂုတ်ကြီးရွာကိုအင်အားတွေပို့ဆောင်နေပါတယ်။

    နတ်ရေကန်ဗျူဟာနဲ့ ပဇီရွာကို ‌AAနဲ့ ပူးပေါင်းတပ်တွေကဖြတ်တောက်ထားနိုင်ပြီး ဗျူဟာထဲကို စစ်တပ်က လေကြောင်းကနေ ရိက္ခာနဲ့လက်နက်ခဲယမ်းတွေပို့ဆောင်နေပါတယ်။

    နတ်ရေကန်ဗျူဟာထဲက ကမ္ဘာလုံးပုံအဆောက်အအုံထဲမှာတော့ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆေးကုသပေးနေတယ်လို့သိရပါတယ်။