ရန်ကုန်မြို့မှာ ရွေးကောက်ပွဲ ကျင်းပမဲ့ရက် နီးလာချိန် ဗုံးပေါက်တာတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် မဲရုံစောင့်ဖို့ စိုးရိမ်နေကြတယ်လို့ တာဝန်ကျ Non CDM နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ အထက်ပန်းဆိုးတန်းလမ်းမက ပြည်သူ့ပါတီရန်ကုန်တိုင်းရုံးအနီးမှာ ဒီဇင်ဘာ ၂၁ ရက်က ဗုံးပေါက်ခဲ့သလို ဒီဇင်ဘာ ၂၂ ရက်ညကလည်း တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက်က နေအိမ်တခုမှာ ဗုံးပေါက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို ဆက်တိုက် ဗုံးပေါက်ခဲ့တဲ့အတွက် ဒီဇင်ဘာ ၂၈ ရက်လုပ်မဲ့ ရွေးကောက်ပွဲမှာ မဲရုံစောင့်ရမယ့်အပေါ် အန္တရာယ်ဖြစ်မှာကို စိုးရိမ်ရတယ်လို့ လှိုင်မြို့နယ်မှ Non CDM ကျောင်းဆရာမတယောက်က ပြောပါတယ်။
“မသွားလို့လည်းမရဘူး။ ဘယ်အချိန် ဘာထဖြစ်မယ်မသိတော့ စိုးရိမ်တာပေါ့။ အိမ်ကသူတွေလည်း စိတ်ပူနေတယ်။ ဖြစ်နိုင်ရင် မသွားချင်ဘူး။”
အဲဒီလို ဗုံးပေါက်တဲ့ ဖြစ်စဥ်တွေကြောင့် ရွေးကောက်ပွဲကာလထဲမှာ ရပ်ကွက်အလိုက် လုံခြုံရေးသတိရှိဖို့ ညွှန်ကြားတာရှိတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“အခြေအနေအရ လုံခြုံရေးအင်အား မချပေးနိုင်တော့ ကိုယ့်ရပ်ကွက်ကိုယ် လုံခြုံရေးယူရမယ့်သဘောပြောတယ်။ ကိုယ်ရှိနေတဲ့အချိန် ထဖြစ်မှာတော့ ကြောက်ရတယ်လေ။”
ရန်ကုန်မြို့မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ထားပြီး ကင်းလှည့်တာနဲ့ ဧည့်စာရင်းစစ်တာတွေ ပိုလုပ်လာတာ တွေ့ရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
အခုလို ဗုံးပေါက်တာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုပြီး ထုတ်ပြောတာမရှိဘဲ တော်လှန်ရေးအင်အားစု PDF တွေက ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ လုပ်တာလို့ မြင်သလို စစ်အုပ်စုက လုပ်တာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်က ဗုံးပေါက်မူဖြစ်စဥ်မှာ လူသေဆုံးထိခိုက်တာမရှိဘဲ တောင်ဥက္ကလာပမြို့နယ်က ပေါက်ကွဲမှုမှာ သေဆုံးသူ ၂ ယောက် ရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။


Leave a Reply