Category: News

  • ကောင်းကင်ယံမှာ လေထီးခုန်ရင်း အချစ်နယ်ကျွံတဲ့စုံတွဲ

    ကောင်းကင်ယံမှာ လေထီးခုန်ရင်း အချစ်နယ်ကျွံတဲ့စုံတွဲ

    “အချစ်ဆိုတာ ကောင်းကင်ထက်မြင့်တယ်” ဆိုတဲ့စကားကို ဒီစုံတွဲကတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြပုံရပါတယ်။

    ၂၀၁၄ ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ယနေ့ချိန်ထိ အွန်လိုင်းမှာ လူပြောအများဆုံး ထူးဆန်းဖြစ်ရပ်တစ်ခု ဖြစ်နေဆဲပါ။

    ဝီလျံ (William) နဲ့ လက်စလီ (Leslie) လို့ အမည်ရတဲ့ ဒီစုံတွဲဟာ ရိုးရိုးတန်းတန်း မြေပြင်ပေါ်မှာ ချစ်ကြည်နူးရတာကို အားမရနိုင်ဘဲ ပေပေါင်းထောင်ချီမြင့်တဲ့ ကောင်းကင်ယံမှာ လေထီးခုန်ရင်း အချစ်နယ်ကျွံဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

    လေယာဉ်ပေါ်ကနေ ခုန်ချလိုက်တဲ့အချိန်မှာတော့ အားလုံးက စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပေမဲ့ တကယ်တမ်း လေထဲမှာ “အလုပ်ရှုပ်” နေကြတဲ့အခါမှာတော့ အချိန်နဲ့ အကွာအဝေးကို သတိမထားမိတော့ဘဲ ပြဿနာက စတက်ပါတော့တယ်။

    ​တိမ်တွေကြားမှာ အချစ်မူးနေကြတဲ့အတွက် မြေပြင်နဲ့ ဘယ်လောက်နီးကပ်နေပြီလဲဆိုတာကို သူတို့နှစ်ဦးစလုံး မေ့လျော့နေခဲ့ကြတာပါ။

    နောက်ဆုံး စက္ကန့်ပိုင်းအလိုကျမှ ဝီလျံတစ်ယောက် သတိပြန်ဝင်လာပြီး လေထီးကို အတင်းဆွဲဖွင့်ဖို့ ကြိုးစားခဲ့ပေမဲ့ အရှိန်က အရမ်းများနေပြီဖြစ်သလို လေထီးကြိုးတွေကလည်း သူတို့ရဲ့ “အလှုပ်အရှား” တွေကြောင့် ရှုပ်ထွေးကုန်ပါတယ်။

    ကံကောင်းထောက်မစွာနဲ့ လက်စလီကတော့ လေထီးပွင့်သွားပြီး ဒဏ်ရာအနည်းငယ်နဲ့ ဆင်းသက်နိုင်ခဲ့ပေမဲ့ ဝီလျံကတော့ လေထီးအပြည့်အဝမပွင့်ဘဲ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းနဲ့ “ဗုန်းဗုန်းလဲ” ကျခဲ့ရရှာပါတယ်။

    ​ဒီဖြစ်ရပ်ရဲ့ အဆုံးသတ်မှာတော့ ဝီလျံတစ်ယောက် ကောင်းကင်ဘုံကို ရောက်မသွားဘဲ ဆေးရုံက အရေးပေါ်ခန်းကို တန်းတန်းမတ်မတ် ရောက်သွားခဲ့ပါတယ်။

    နှာခေါင်းရိုးကျိုး၊ ပေါင်ခြံဒဏ်ရာနဲ့ ခြေထောက်ဒဏ်ရာအပြင်းအထန် ရခဲ့ရတဲ့အပြင် အမေရိကန်ရဲ့ နာမည်ကြီး TLC ရုပ်သံလိုင်းက “S*x Sent Me to the ER” ဆိုတဲ့ အစီအစဉ်မှာပါ ကမ္ဘာကျော်သွားခဲ့ရပါတယ်။

    အချစ်အတွက် စွန့်စားရတာ ဂုဏ်ယူစရာဆိုပေမဲ့ အခုလို “လေထီးဖွင့်ဖို့မေ့တဲ့အထိ” အချစ်ကြီးပြလိုက်တာကတော့ တစ်သက်စာ မှတ်လောက်သားလောက်စရာ သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့ရပါတယ်။

    ပေးချင်တဲ့ မက်ဆေ့ကတော့ လေထီးခုန်ရင် လေထီးကိုပဲ အာရုံစိုက်ကြပါလို့…. ငိုးမစုံတွဲ မ သေ တာ ကံကောင်းပဲ။ 😃

  • အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု

    အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု

    မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု တိုင်းမှူး နေအိမ် ထိမှန်ဟုဆို

    မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ တိုင်းမှူး နေအိမ်ကို ထိမှန်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူးပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးရှိ အတုအယောင်ရွေး ကောက်ပွဲကျင်းပရာ မဲရုံများဆီသို့ လာရောက်ကြည့်ခဲ့ကြောင်း၊ အပြန်တွင် ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တ ဝင်ရောက် တည်းခိုနေခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၁ မိနစ်ခန့်တွင် မင်းဝတ်တန်ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည်ဆိုသော သတင်းများကြောင့် ညတွင်းချင်းစီစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

    “ကျနော်တို့ ပစ်ခတ်ပြီး မိနစ်ပိုင်း အကြာမှ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ တစ်မနက်လုံးလည်း မင်းကွန်းတောင်ရိုးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဧရာဝတီ မြစ်ရိုးအနောက်ဘက် စစ်ကိုင်းနဲ့ ဝက်လက်မှာလည်း ဖိုက်တာများ အဆက် မပြတ်ပျံဝဲနေပါတယ်။ ထိခိုက်မှုတော့ရှိတယ် သိရပေမယ့်အတိအကျ စာရင်းမရသေးဘူး” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

    Brave Warriors for Myanmar (BWM) အဖွဲ့နှင့် ပူးပေါင်း အဖွဲ့များ ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံးများထဲမှ ၃ လုံးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး လပခ တိုင်းမှူးအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိထားပြီး BWM Mission 50 အတွင်း ရန်သူဘက်၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

    မန္တလေးမြို့မှ ပြည်သူအများစုကလည်း ယနေ့ နံနက် ၄ နာရီခွဲ ကျော်အချိန် မန္တလေးနန်းတွင်းအနီးတွင် ပေါက်ကွဲသံများ ကြားရကြောင်း အတည်ပြုပြောဆိုကြသည်။

  • ပုဏ္ဏားကျွန်း စတားလင့်သုံးသည့်နေရာနှင့် မင်းပြား တိုင်းဗဟို ၉ ကို စစ်ကောင်စီ ဗုံးကြဲ

    ပုဏ္ဏားကျွန်း စတားလင့်သုံးသည့်နေရာနှင့် မင်းပြား တိုင်းဗဟို ၉ ကို စစ်ကောင်စီ ဗုံးကြဲ

    ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပက်ခွက်ဆိပ်ကျေးရွာအနီးရှိ အာရက္ခတပ်တော်ရဲ့ အများသုံး စတားလင့်သုံးစွဲကြတဲ့နေရာကို ဇန်နဝါရီ ၂၇ ရက် မနက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပက်ခွက်ဆိပ်ကျေးရွာအနီး စတာလင့်သုံးစွဲခွင့်ပြုထားတဲ့ နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဇန်နဝါရီ ၂၇ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ပေါင် ၅၀၀ ဗုံးတလုံးနဲ့ ပေါင် ၃၀၀ ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

    “မနက် ၁ နာရီဆိုတော့ လူတွေက အိပ်ကောင်းတုန်းမှာ ဗုံးကြဲသွားတာ။ ပြည်သူတွေ အင်တာနက် သုံးခွင့်ရအောင်လို့ တပ်တော်ဘက်က စီစဉ်ပေးထားတဲ့ နေရာကို ဗုံးကြဲသွားတာ။ တော်သေးတာပေါ့ နေ့လယ် နေ့ခင်း မဟုတ်လို့ပေါ့။ နေ့လယ် နေ့ခင်းဆိုရင် အထိအခိုက် အတော်ကိုများမှာ။ ညအချိန်ဖြစ်သွားတာကြောင့် အထိအခိုက်တော့ မရှိဘူး။ ဒီနေရာက ပုဏ္ဏားကျွန်း၊ ကျောက်တော်နယ်က လူတွေ အဓိက အားထားပြီး အင်တာနက် သုံးစွဲနေကြရတာ။”

    စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဟာ ပုဏ္ဏားကျွန်း-ကျောက်တော်မြို့နယ် အစပ်မှာရှိပြီး အာရက္ခတပ်တော်ရဲ့ နည်းပညာဌာနက ၂၀၂၅ ခုအတွင်းမှာ ပြည်သူတွေ အင်တာနက်သုံးစွဲနိုင်ဖို့ ဖွင့်လှစ်ပေးထားပါ။

    အလားတူ မင်းပြားမြို့နယ် ကမ်းနီကျေးရွာနားရှိ စစ်တပ်သင်တန်းကျောင်းတခုဖြစ်တဲ့ တိုင်းဗဟို ၉ ကိုလည်း ဇန်နဝါရီ ၂၆ ရက် မနက်မှာ ဂျက်လေယာဉ်၊ Y12 တို့နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    “တိုင်းဗဟို ၉ ကို ချတယ်၊ ပတ်ဝန်းကျင်ကိုချတယ်၊ ဆူညံသွားတာပဲဗျာ။ တချို့အဆောင်တွေဆို မီးပါထလောင်တယ်၊ အဆောင်တွေက ပြိုပျက်သွားတယ်။”

    အခုလို စစ်ကောင်စီက ဗုံးလာကြဲတဲ့အတွက် အနီးအနားက ကမ်းနီ ကျေးရွာကြီးအပါအဝင် ပတ်ဝန်းကျင်ရွာတွေပါ အကုန်လုံး ကြောက်လန့်ပြီး ထွက်ပြေးရတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီက UAV ကင်းထောက်ဒရုန်းတို့နဲ့ ကင်းထောက်ပြီးမှ ပြည်သူတွေ မထင်မှတ်တဲ့အချိန် ရွယ်ရည်ချက်ရှိရှိ အလစ်အငိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ကျောက်ဖြူ၊ စစ်တွေ၊ အမ်းလမ်း နတ်ရေကန်၊ တောင်ကုတ်လမ်း ညောင်ကျိုး၊ ဧရာဝတီ စက်စက်ယို တို့မှာ AA နဲ့ တိုက်ပွဲတွေကြား စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနေသလို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေရှိနေတဲ့အတွက် အခုလို ​ရခိုင်ပြည်သူတွေနေတဲ့နေရာတွေကို ပြန်လည်တိုက်ခိုက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

    ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၇ နာရီခွဲလောက်မှာလည်း ကျောက်တော်နဲ့ပုဏ္ဏားကျွန်းမြို့နယ်အစပ်၊ ချောင်းတူ (ခ) ဆောင်းဒုံရွာအနောက်ဘက် စစ်သုံ့ပန်းတွေ ထားရှိရာစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံး လာရောက်ကြဲချခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် စစ်သုံ့ပန်းနဲ့ မိသားစုဝင် စုစုပေါင်း ၂၁ ယောက် သေဆုံးပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

    စစ်ကောင်စီက ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာလည်း နေ့စဉ်နေ့တိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်နေပါတယ်။

  • ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်

    ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်

    ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ရဲစခန်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၁ ဦး မျက်မြင်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူများထဲမှ ၃ ဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ တိုက်ပွဲ ဖြစ်ပွားချိန်သည် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ် အတွင်း ရွေးကောက်ပွဲ ပြုလုပ်နေချိန်ဖြစ်ပြီး မြို့ပေါ်တွင် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “မြို့ပေါ်မှာ စစ်ခွေး အင်အား ၁၀၀ ကျော်လောက်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးကို အဓိက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ အတုယောင် ရွေးကောက်ပွဲ ကျင်းပနေတဲ့အချိန် သွားရောက်တိုက်ခိုက်ခဲ့တာပါ။ မြို့ပေါ်မှာတော့ ရွေးကောက်ပွဲ ပြုလုပ်တာမရှိဘူး။ ယန်စီ ဘက်မှာပဲ စစ်ခွေးတွေ ရွေးကောက်ပွဲလုပ်နိုင်တယ်။ အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၁ ကောင် မျက်မြင်သေပြီး ဒဏ်ရာပြင်းထန်တဲ့ထဲက ၃ ကောင်ထပ်မံ သေဆုံးတယ်” ဟု Royal Tiger Force ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖလက်ရုံးတပ်၊ ဆားလင်း​ကြီးမြို့နယ် ပလဖ ၊ C.D.Fချင်းတွင်းကာကွယ်ရေးအဖွဲ့၊ မျိုးဆက်သစ်လူငယ် S.P.D.F ၊ Soloအောင်ကြီး၊ SRA၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BEDငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရ

    တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရ

    တောင်ကြီး ၉ တန်းကျောင်းသား သေဆုံးမှု သံသယတရားခံထွက်ဆိုချက်များ မိသားစု မသိရသည့်အပြင် သတင်းမပေါက်ကြားစေရန် သတိပေးသည့်အတွက် မိသားစု စိုးရိမ်

    ပျောက်ဆုံးပြီး ၆ ရက်အကြာ၌ အလောင်းသာပြန်လည်တွေ့ရှိခဲ့သည့် တောင်ကြီးမြို့၊ အ.ထ.က(၄) မှ ၉ တန်း ကျောင်းသား စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲများက မိသားစုအား ပွင့်လင်းမြင််သာမှုမရှိသဖြင့် အမှုမှန် မပေါက်မည်ကို မိသားစုက စိုးရိမ်နေရကြောင်း သိရသည်။

    ယင်းအမှုတွင် သံသယတရားခံအဖြစ် စိုင်းအေနှင့် အတူသွားသူ သန့်ဇင်ကို ဖမ်းမိထားသော်လည်း စစ်ဆေးချက်များကို သေဆုံးသူ မိသားစုမှ မသိရကြောင်း၊ ထို့အပြင် အမှုကိစ္စနှင့်ပတ်သက်ပြီး သတင်းမီဒီယာများနှင့် ပြင်ပသို့ မပေါက်ကြားစေရန်နှင့် ပေါက်ကြားပါက တရားခံဖက်က အသာစီးရသွားနိုင်သည်ဟု တောင်ကြီးအမှတ် (၂) စခန်းမှ ရဲများက အတန်တန် သတိပေးသည့်အတွက် စိုင်းအေမိဘဆွေမျိုးများအနေဖြင့် အမှုမှန်မပေါ်ပေါက်မည်ကို စိုးရိမ်သလို ခြိမ်းခြောက်နေသည်ဟုလည်း ခံစားနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “သန့်ဇင်ကိုဖမ်းထားကြောင်း၊ လည်သာအနွေးထည်လည်း သူ့ဆီမှာရှိကြောင်း သိရတယ်။ဘယ်လိုသတ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာတော့ အတိအကျမသိရပါဘူး။ အဲ့ဒီ ၂၄ ရက်နေ့ညက ကောင်လေးတစ်ယောက်(မောင်သန့်ဇင်) သဲကျင်းထဲမှာကျနေလို့ ရပ်ရွာကလူတွေနဲ့ရဲက ကယ်ဆယ်ပြီး အိမ်အထိပြန်ပို့ပေးခဲ့ရတယ်တဲ့။ အဲဒါနဲ့ဆက်စပ်ပြီး ပြန်ဖမ်းလိုက်တယ်လို့‌ပြောပါတယ်” ဟု ၎င်းကပြောသည်။

    ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေ ၆နာရီခန့်တွင် စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေသည် တောင်ကြီးမြို့၊ ဘုရားဖြူရပ် နေအိမ်မှ ဆိုင်ကယ်နှင့် ထွက်သွားပြီး အဆက်သွယ်မရသဖြင့် ၂၆ ရက်နေ့တွင် တောင်ကြီးမြို့နယ် အမှတ် (၂) စခန်းတွင် လူပျောက်တိုင်ကြားခဲ့ရာ ဒီဇင်ဘာ ၃၀ ရက်တွင် မင်္ဂလာဦးရပ်၊ သဲကျင်း ရေကန်ထဲမှ အလောင်း ပြန်တွေ့ရခြင်း ဖြစ်သည်။

    “အလောင်းကိုအတည်ပြုပေးပါဆိုလို့ မိသားစုဝင်တစ်ယောက်က စခန်းကတဆင့် စဝ်စံထွန်းဆေးရုံကိုလိုက်သွားတယ်။ အလောင်းကရေထဲမှာ ၆ ရက်လောက်ရှိနေတော့ အသားတွေပွပြီး ပြာနှမ်းနေတာတဲ့။ ဒါပေမယ့် သူ့ရဲနာရီ၊ လက်စွပ်၊ အဝတ်အစားတွေက မှန်ကန်တယ်။ ခါးမှာပတ်သွားတဲ့ ကင်မရာလေးကလည်း ခါးမှာချိတ်လို့၊ ဖုန်းကတော့မပါလာဘူး။ လည်သာအနွေးထည်လည်း မပါလာတော့ဘူး။ အလောင်းမှာ လက်ကလေးနှစ်ဖက်ကကွေးပြီး မျက်နာနားရောက်နေတယ် ။လက်သီးဆုပ်ထားသလိုမျိုး။ လက်သီးဆုပ်ထဲမှာ ဆိုင်ကယ်သော့ကို ဆုပ်ကိုင်ထားတယ်” ဟု ဆွေးမျိုးနီးစပ်သူတစ်ဦးက ပြောသည်။

    စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ အလောင်းအား မှုခင်းဆရာဝန်က ရင်ခွဲစစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့သဖြင့် ရေနစ်သေဆုံးသည်ဟုသာ ယူဆခဲ့ပြီး အတွင်းကလီစာများက အသေးစိတ်စစ်ဆေးရဦးမည်ဟု ပြောခဲ့သော်လည်း မိသားစုက အလောင်းပြန်ရပြီး နာရေးကိစ္စပြုလုပ်ခွင့် ရသည့်အချိန်မှစ၍ ယခုအထိ မိသားစုများအား အလောင်းစစ်ဆေးသည့် ကိစ္စနှင့် ပတ်သက်ပြီး အသိပေးခြင်း မရှိတော့ကြောင်း နီးစပ်သူများထံမှ သိရသည်။

    ယင်းအမှုကို ဆိုင်ကယ်ပြန်မတွေ့ခင်အထိ ဆိုင်ကယ်လုယက်ခံရရာမှ ရေနစ်သေဆုံးခြင်းဟု ယူဆထားခဲ့ပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ကို သဲကျင်းရေကန် အနီး အရက်ဆိုင်မှ ၎င်းတို့ဆိုင်နားတွင် ရပ်ထားတာကြာနေသဖြင့် သိမ်းထားပေးထားသည်ဟု ဆိုကာ လာအပ်ကြောင်း၊ အလောင်းတွင်ပါသည့် သော့နှင့်တိုက်ဖွင့်ခဲ့ပြီး အတည်ပြုခဲ့ရကြောင်း သိရသည်။

    ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် တရားခံဖြစ်သူ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သူငယ်ချင်း မောင်သန့်ဇင် အား ဖမ်းမိပြီဖြစ်ကြောင်း မိသားစုကို အကြောင်းကြားခဲ့သော်လည်း ယခုအမှု သတင်းမပေါက်ကြားစေရန် ရဲက တားမြစ်နေခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

    မဲခေါင်သတင်းမှ ရရှိထားသော ရဲကြေးနန်းစာအရ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ နှင့် မောင်သန့်ဇင်တို့ ၂ ဦး အခင်းဖြစ်ပွါးခဲ့သည့် သဲကျင်းရေကန်ဘေးတွင် ဘီယာတူတူသောက်နေစဉ် မောင်သန့်ဇင်၏ မိခင်မှ အိမ်ပြန်လာရန် ဖုန်းဆက်ခေါ်သဖြင့် မောင်သန့်ဇင်က အိမ်သို့ပြန်ရန်ပြောခဲ့ရာ စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ မှ မပြန်သေးရန် ပြန်ပြောခဲ့ရာမှ အချင်းများကြပြီး မောင်သန့်ဇင်က စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ ၏ ရင်ဘတ်အား တွန်းလိုက်ရာ အမြင့် ၁၅ ပေခန့်မှ သဲကျင်းရေကန်ထဲသို့ ပြုတ်ကျသွားသဖြင့် စိုင်းအေက မောင်သန့်ဇင် အမည်ကိုအော်ခေါ်သော်လည်း မကြားချင်ယောင်ဆောင်ပြီး ကယ်ဆယ်ရေးများရောက်လာချိန်တွင် ရေထဲတွင် မည်သူမှမရှိကြောင်း လိမ်လည်ပြောဆိုကာ ထွက်သွားခဲ့သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။

    “လက်ထဲမှာဆိုင်ကယ်သော့ ဆုပ်လျက်နဲ့တွေ့တာဆိုတော့ ရေထဲမကျခင်မေ့နေတာလား၊ သေနေပြီးသားလား တခုခုပဲလို့ တွေးမိတာပါ။ အဲဒီညနေက သန့်ဇင်ကို ရေထဲကပြန်ဆယ်တဲ့အချိန် ဘာမှမစစ်မေးဘူးလား၊ ဆိုင်ကယ်ကလည်း မလှမ်းမကမ်းမှာ ရှိနေတာမတွေ့ဘူလား၊ အဲဒီနေရာမှာ ဟနေတာ။ ရဲကဘယ်လိုစစ်ချက်ယူထားလဲ ‌မသိရတော့စိတ်ပူမိတာပါ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ဆိုသည်။

    ထို့အပြင် ရဲဖက်က စိုင်းအေနှင့် မောင်သန့်ဇင် တို့ ၂ ဦး ဆိုင်တစ်ဆိုင်တွင် အအေးဗူးဝင်ဝယ်ကြသည့် CCTV မှတ်တမ်းတစ်ခုရရှိထားပြီး ထိုမှတ်တမ်းအရ သဲကျင်းရေကန်သို့ တူတူသွားခြင်းဖြစ်ပြီး စိုင်းအေ၏ လည်သာအနွေးထည်အား မောင်သန့်ဇင်က ဝတ်ထားကြောင်း တွေ့ရသည်ဟု နီးစပ်သူများက ဆိုသည်။

    စိုင်းအနဂ္ဂရဲထက် (ခ) စိုင်းအေ သေဆုံးမှုအား လာမည့် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပထမဆုံးရုံးချိန်းတရားရင်ဆိုင်ရမည်ဖြစ်ပြီး အမှတ််(၂) စခန်းမှုး မျိုးကျော်သူက တရားလိုအဖြစ် တာဝန်ယူထားကာ မောင်သန့်ဇင်အား သေဆုံးစေလိုသည့် ဆန္ဒနှင့် အကြံရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သိရသည်။