မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု တိုင်းမှူး နေအိမ် ထိမှန်ဟုဆို

မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ တိုင်းမှူး နေအိမ်ကို ထိမှန်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ၊ Shadow (Mandalay) အဖွဲ နှင့် Infinity (အညာ) အဖွဲ့တို့ ပူးပေါင်း၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးရှိ အတုအယောင်ရွေး ကောက်ပွဲကျင်းပရာ မဲရုံများဆီသို့ လာရောက်ကြည့်ခဲ့ကြောင်း၊ အပြန်တွင် ယတြာချေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း ခေတ္တ ဝင်ရောက် တည်းခိုနေခြင်းဖြစ်ကြောင်း၊ မင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၄၁ မိနစ်ခန့်တွင် မင်းဝတ်တန်ဆာများဝတ်ဆင်၍ မန္တလေးနန်းတော်အဝင် မင်္ဂလာတံတားမှနေ၍ ပြည်တော်ဝင်မည့် ယတြာချေရန်ရှိသည်ဆိုသော သတင်းများကြောင့် ညတွင်းချင်းစီစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။

“ကျနော်တို့ ပစ်ခတ်ပြီး မိနစ်ပိုင်း အကြာမှ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ တစ်မနက်လုံးလည်း မင်းကွန်းတောင်ရိုးဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ဧရာဝတီ မြစ်ရိုးအနောက်ဘက် စစ်ကိုင်းနဲ့ ဝက်လက်မှာလည်း ဖိုက်တာများ အဆက် မပြတ်ပျံဝဲနေပါတယ်။ ထိခိုက်မှုတော့ရှိတယ် သိရပေမယ့်အတိအကျ စာရင်းမရသေးဘူး” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။

Brave Warriors for Myanmar (BWM) အဖွဲ့နှင့် ပူးပေါင်း အဖွဲ့များ ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံးများထဲမှ ၃ လုံးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး လပခ တိုင်းမှူးအိမ်ကိုလည်း ထိမှန်ခဲ့ကြောင်း ကနဦးစုံစမ်းသိရှိထားပြီး BWM Mission 50 အတွင်း ရန်သူဘက်၏ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

မန္တလေးမြို့မှ ပြည်သူအများစုကလည်း ယနေ့ နံနက် ၄ နာရီခွဲ ကျော်အချိန် မန္တလေးနန်းတွင်းအနီးတွင် ပေါက်ကွဲသံများ ကြားရကြောင်း အတည်ပြုပြောဆိုကြသည်။


Leave a Reply

Your email address will not be published. Required fields are marked *