Category: News

  • ကားအစီး ၂၀ လောက်ကို ဖျက်ဆီးခဲ့တဲ့ မြန်မာအမျိုးသား

    ကားအစီး ၂၀ လောက်ကို ဖျက်ဆီးခဲ့တဲ့ မြန်မာအမျိုးသား

    ကားအစီး ၂၀ လောက်ကို ဖျက်ဆီးခဲ့တဲ့ မြန်မာအမျိုးသားကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

    ရပ်ထားတဲ့ ကားအစီး ၂၀ နီးပါးလောက်ကို ဖျက်ဆီးခဲ့တဲ့အတွက် မြန်မာ အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ပါတယ်။

    အဲဒီအမျိုးသားဟာ ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်း ဒေသစံတော်ချိန် ၃ နာရီခန့်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဆာတွန်ပြည်နယ်၊ လာငူခရိုင်မှာရှိတဲ့ ကားလမ်းတစ်ခုမှာလမ်းဘေး ရပ်ထားတဲ့ ကားတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    အသက် ၄၅ နှစ်အရွယ်ရှိပြီး ထိုင်းမီဒီယာတွေက ‘စော’လို့သာ နာမည်ဖော်ပြထားခဲ့တဲ့ မြန်မာအမျိုးသားဟာ ကျောက်တုံးတွေနဲ့ ပေါက်ချွန်းတစ်ခုကို အသုံးပြုပြီး ကားတွေရဲ့ ကိုယ်ထည်နဲ့ မှန်တွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

    သူ့ရဲ့ လက်ချက်ကြောင့် ကား ၁၉ စီးမှာ အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    လုံခြုံရေး ကင်မရာတွေမှာတော့ သူဟာ ခဲကြီးတစ်လုံးကို ယူပြီး အိမ်တွေရှေ့မှာ ရပ်ထားတဲ့ ကားနှစ်စီးရဲ့ မှန်တွေကို ခွဲပစ်ခဲ့တာ တွေ့ရပါတယ်။

    အဲဒီနောက် သူဟာ နောက်ထပ် ခဲလုံးတွေနဲ့ ၂၉ လက်မလောက်ရှည်တဲ့ ပေါက်ချွန်းတစ်လက်ကိုပါ ယူလာပြီး လမ်းဘေးတလျှောက် ရပ်ထားတဲ့ ကားတွေကို တိုက်ခိုက်ခဲ့ပါတယ်။

    ထိုင်းရဲ့ CH7 သတင်းဌာနက စောရဲ့ လက်ချက်ကြောင့် ကား ၁၉ စီး ပျက်စီးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    သတင်းပေး တိုင်ကြားမှုတွေကို လက်ခံရရှိခဲ့တဲ့နောက် လာငူ ရဲစခန်းရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ကျူးလွန်သူကို လိုက်ရှာခဲ့ပြီး တစ်နာရီ အတွင်းမှာပဲ ဖမ်းမိခဲ့ပါတယ်။ ကားတွေကို ဖျက်ဆီးရာမှာ သူအသုံးပြုခဲ့တဲ့ ပေါက်ချွန်းကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

    ကားတွေကို ဖျက်ဆီးတဲ့ အမျိုးသားကို ဖမ်းမိထားပြီလို့ သတင်းကြားတဲ့အခါ ဒေသခံတွေဟာ ရဲစခန်းဆီ စုရုံးရောက်ရှိလာခဲ့ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မျက်မြင် အခြေအနေအရတော့ ကားတချို့ဟာ တော်တော်ကြီး ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့တာကို တွေ့ရပါတယ်။

    ဒေသခံ တစ်ဦးက ဆူညံသံတွေကြားလို့ အိမ်အပြင်ဖက်ကို ချောင်းကြည့်တဲ့အခါ ကားတွေကို သတ္တုကိရိယာ တစ်ခုခုသုံးပြီး လူတစ်ယောက်က ဖျက်ဆီးနေတာကို တွေ့ခဲ့ကြောင်း၊ အဲဒီလူက အရမ်းရန်လိုနေဟန် ရှိတာကြောင့် သွားပြီး ဟန့်မတားရဲခဲ့ကြောင်း ပြောပါတယ်။

    ရဲတွေရဲ့ အဆိုအရ ဆေးစစ်ကြည့်တဲ့အခါ သံသယ တရားခံဟာ မူးယစ်ဆေး တစ်မျိုး သုံးစွဲထားကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊ သူဟာ ထိုင်းမှာ မှန်ကန်တဲ့ အလုပ်လုပ်ခွင့် ပါမစ်မျိုးနဲ့ ရောက်လာတာ မဟုတ်ဘဲ တရားမဝင် အခြေချနေတာဖြစ်ကြောင်းလည်း သိရပါတယ်။

    ရဲတွေကတော့ သူ့ကို ဖျက်ဆီးမှု၊ တရားမဝင် ခိုးဝင်မှုနဲ့ မူးယစ်ဆေး သုံးစွဲမှုတွေအတွက် စွဲချက်တင်ထားကြောင်း သိရပါတယ်။

    ကိုးကား ၊ ဓာတ်ပုံ – Thaiger

  • ထိုင်း၌ မြန်မာများ အုပ်စုဖွဲ့ရန်ဖြစ် ၂ ဦး ဒဏ်ရာရ

    ထိုင်း၌ မြန်မာများ အုပ်စုဖွဲ့ရန်ဖြစ် ၂ ဦး ဒဏ်ရာရ

    ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်၊ ဘန်ဘောမြို့တွင် ထိုင်းနိုင်ငံသား Delivery သမားများနှင့် မြန်မာလုပ်သားများကြား ရိုက်နှက်မှုဖြစ်ပွားပြီး ရက်ပိုင်းမှာပင် ယမန်နေ့ ည ၁၁ နာရီခန့်၌ ချွန်ဘူရီခရိုင်၊ ဖန်ထောင်ဒေသရှိ ကွန်ဒိုမီနီယံတခုရှေ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ နီးပါး ခိုက်ရန်ဖြစ်ပွားခဲ့ရာ ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

    အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုအား ဖန်ထောင်ခရိုင်မှ ကယ်ဆယ်ရေးတပ်ဖွဲ့နှင့်အတူ အမှုစစ် ဒုရဲမှူးကြီး Chanin Thammasantiboon တို့ သွားရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ မြန်မာနိုင်ငံသားနှစ်ဦး ကို တွေ့ရှိခဲ့သဖြင့် ရှေးဦးပြုစုပေးပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း Khosoad သတင်းက ဆိုသည်။

    ဖြစ်စဉ်မှာ ဓားများကိုင်ဆောင်ထားသည့် ဒဏ်ရာရအမျိုးသားနှင့် ၎င်း၏သူငယ်ချင်းနှစ်ဦးသည် ချွန်ဘူရီဒေသတွင် နေထိုင်သော မြန်မာအလုပ်သမားများအား စတင်ရန်စခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက်ပိုင်း ရန်ပွဲအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ နီးပါး ပါဝင်ခဲ့ကြောင်း မျက်မြင်သက်သေတဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

    မနေ့ည ၁၁ နာရီလောက်က ဖန်းထောင်းမြို့ ဘန့်ကောင်ရပ်ကွက် တည်းခို ခန်းတခုရှေ့မှာ လူတစုခိုက်ရန်ဖြစ်ပွါးပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းပေးပို့ချက်ရတာကြောင့် ဒဏ်ရာ ရသူကို သွားရောက်ကူညီခဲ့တယ်လို့ ဆဝမ်ဥထယန်းလူမှု ကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။

    ကယ်ဆယ်ရေးအဖွဲ့ရောက်သွားချိန်မှာတော့ လူအုပ်ကြီးကိုမတွေ့ရတော့ဘဲ သွေးအိုင်ထဲ လဲကျ နေတဲ့ ဒဏ်ရာရသူ ၂ ယောက်ကိုသာတွေ့ရတယ်။ အသက် ၃၃ နှစ်နဲ့ ၃၆ နှစ်ရွယ် မြန်မာရွှေ့ပြောင်းလုပ်သားဖြစ်ပြီး ဦးခေါင်းမှာ အခုတ်ခံထားရတဲ့ ဒဏ်ရာတွေရှိတယ်၊ ကယ်ဆယ် ရေးအဖွဲ့က ရှေးဦးသူနာပြုစုပြီး ဖန်းထောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

    မျက်မြင်သက်သေတို့ ပြေပြချက်အရ ဒီမတိုင်ခင်ရှေ့က ဒဏ်ရာရသူ ၂ ယောက်ဟာ လက်ထဲဓားကိုင်ပြီး ကားလမ်းတဘက်ကိုကူးသွားတယ်၊ ဟိုဘက်ကမ်းရောက်တော့ လူတအုပ် ထွက်လာပြီး ရန်ဖြစ်ကြတယ်၊ နှစ်ဘက်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒဏ်ရာရသူတွေထားခဲ့ကာ လူစု ခွဲပြီးပြန် ထွက်သွားကြတယ်၊ ရန်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရဘူး၊ အရက်မူးပြီး ရမ်းကားတာလို့ အနီးပတ်ဝန်းကျင်က ထင်ကြေးပေးနေကြပါတယ်။

    လက်ရှိတွင် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အရက်သောက်ပြီး အုပ်စုဖွဲ့ရန်ဖြစ်ခြင်းဟု ထိုင်းရဲတပ်ဖွဲ့က ကနဦး ယူဆထား ကြောင်း၊ အနီးဝန်းကျင်ရှိ CCTV မှတ်တမ်းများ ပြန်လည်စစ်ဆေးနေကာ ကျူးလွန်သူများအား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

    ခုရက်ပိုင်းတွင်း ထိုင်းနိုင်ငံမှာ မြန်မာနဲ့ ထိုင်းကြားမှာရော မြန်မာအချင်းချင်းကြားမှာပါ ခိုက်ရန် ဖြစ်ပွါးမှုတွေ ဖြစ်နေတာကြောင့် ထိုင်းမျိုးချစ်ဝါဒီတွေရဲ့ ဆန္ဒပြတာကိုလည်း ခံနေရ ပါတယ်။

    ထိုင်းနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ မပါဝင်ဖို့နဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ ဇန်နဝါရီ ၁၄ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် တိုက်တွန်းထားပါတယ်။

    ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ယဉ်ကျေးမှုနဲ့ ဒေသန္တရ စည်းကမ်းတွေကို လေးစားလိုက်နာကာ အိမ်ရှင် လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်စွာ နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

    ဓာတ်ပုံ – Khosoad

  • ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုကော်မတီဝင် ၁ ဦး ဖမ်းဆီးခံရ

    ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုကော်မတီဝင် ၁ ဦး ဖမ်းဆီးခံရ

    ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုကော်မတီဝင်တယောက်ကို စစ်ကောင်စီက ဇန်နဝါရီလ ၁၃ ရက် ညနေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။

    ဒေါ်သက်သက်ခိုင်ကို မနေ့ညနေ ၆ နာရီခွဲက စမ်းချောင်းမြို့နယ် ဓမ္မစေတီလမ်းရှိ သူ့ရဲ့နေအိမ်မှာ စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ဗဟိုကော်မတီဝင်တယောက်ကို လည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ ပါတီဝင်တယောက်က ပြောပါတယ်။

    “အဖမ်းခံရတဲ့ သတင်းကမှန်ပါတယ်။ ဘာကြောင့်ဖမ်းလဲဆိုတာပဲ အတိအကျမသိရသေးတာ။ မနေ့ညနေ စစ်တပ်က ဗိုလ်မှူးကြီး ၂ ယောက်ဦးဆောင်ပြီး အင်အား ၂၀ လောက်ရှိတယ် လာဖမ်းတာ။ အဖမ်းခံရတဲ့အထဲမှာ ဗဟိုကော်မတီဝင်တယောက်လည်းပါတယ်။”

    ရွေးကောက်ပွဲမှာ ဒေါ်သက်သက်ခိုင်အနေနဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲမဲဆန္ဒနယ် အမှတ် ၂ ကနေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့စီစဥ်ခဲ့ပေမဲ့ ငွေကြေးအရှုပ်အရှင်းကြောင့် စစ်တပ်က နိုဝင်ဘာ ၂၅ ရက်မှာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ရုပ်သိမ်းခဲ့ပါတယ်။

    စစ်အုပ်စုက ပြုလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီက ပြည်သူ့လွှတ်တော် ၁၉၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၄၅ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၃၂၀ နေရာနဲ့ တိုင်းရင်းသားလူမျိုးစုလွှတ်တော် ၁၄ နေရာ စုစုပေါင်း ၆၇၂ ဝင်ပြိုင်ခဲ့ပေမဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းအပြီးအထိ အနိုင်ရတဲ့ကိုယ်စားလှယ်မရှိသေးပေ။

    ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း ပြည်သူ့ရှေ့ဆောင်ပါတီက ပြည်နယ်နဲ့ တိုင်း ၁၁ ခုမှာ ကိုယ်စားလှယ်ပေါင်း.၂၃၀ ကျော် ဝင်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်မရခဲ့ပါဘူး။

    ၂၀၁၄ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချဥ်းကပ်ကာ ပါတီဝင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲ ဒဂုံမြိုနယ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရင်းအနိုင်ရခဲ့တဲ့ ဒေါ်သက်သက်ခိုင် ဟာ NLD ပါတီက ထုတ်ပယ်ခံရပြီးနောက် ၂၀၁၉ ခုနှစ်မှာ ပြည်သူ့ ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်က ဒေါ်သက်သက်ခိုင်ကို လူကယ်ပြန်ဝန်ကြီးနဲ့ ဟိုတယ်ခရီးဝန်ကြီးအဖြစ် ခန့်ခဲ့ပြီး ၂၀၂၅ ဇန်နဝါရီမှာ တာဝန်က အနားပေးခဲ့တာဖြစ်ပါတယ်။

  • သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်သံ)

    သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်သံ)

    သီတဂူဆရာတော် ဦးဉာဏိဿရ နဲ့ ဥူးဝီရသူ တို့ကို မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှု လှုံ့ဆော်သူအဖြစ် ဂမ်ဘီယာနိုင်ငံဘက်ကရှေ့နေ (Mr Arsalan Suleman) က သက်သေ တင်သွင်းခဲ့ပါတယ်။

    နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ကျင်းပနေတဲ့ မြန်မာစစ်တပ်ရဲ့လူမျိုးတုန်း သတ်ဖြတ်မှု နဲ့ ပတ်သက်လို့ ကြားနာပွဲပြန်လည်စတင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ တရားခွင်မှာ သီတဂူဆရာတော်နဲ့ ဥူးဝီရသူတို့ အပါအဝင်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေဟာ စစ်တပ်ရဲ့လူမျိုးတုံး သတ်ဖြတ်မှုအတွက်လှုံ့ဆော်ခဲ့သူတွေ ဖြစ်ကြောင်းသက်သေ တင်သွင်းခဲ့တာဖြစ်ပါတယ်။

    အမျိုးသားရေးအစွန်းရောက်အဖွဲ့ လို့ ဝေဖန်ခံရတဲ့ မဘသ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ ကြီးထွားလာခဲ့ပြီး ဘာသာရေးကိုအခြေခံတဲ့ ပဋိပက္ခတွေ၊ လူမျိုးရေးပဋိပက္ခတွေ နဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအထိ သွေးထိုးလှုံ့ဆော်မှု တွေ ရှိခဲ့တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

    လူမျိုးတုံးသတ်ဖြတ်မှု သီတဂူဆရာတော်နှင့် ဦးဝီရသူတို့ လှုံ့ဆော်ခဲ့ဟု ICJ ၌ တင်

    စစ်တပ်၏ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွင် သီတဂူဆရာတော်၊ ဦးဝီရသူတို့ အပါအဝင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသ အစွန်းရောက် ဘုန်းကြီးများက ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများ ဖြန့်ချိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံရှေ့နေ Arsalan Suleman က ဇန်နဝါရီ ၁၂ ရက် အမှုပြန်လည်စတင် ကြားနာမှုအတွင်း သက်သေအဖြစ် တင်သွင်းခဲ့သည်။

    အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ ဘုန်းကြီးများထဲမှ အထင်ရှားဆုံးဖြစ်သည့် ဦးဝီရသူသည် ရိုဟင်ဂျာ များအပေါ် နှိမ့်ချသည့်စကားလုံးများ မကြာခဏ သုံးနှုန်းခဲ့သလို စစ်တပ်မှလည်း ဦးဝီရသူ၏ ရိုဟင်ဂျာမုန်းတီးရေးသတင်း စကားများအား Facebook ၌ ပြန်လည်ဖြန့်ဝေခဲ့ကြောင်း၊ ၂၀၂၃ ဇန်နဝါရီ ၄ ရက်တွင်လည်း နိုင်ငံအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည်ဟုဆိုကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဝီရသူကို သီရိပျံချီဘွဲ့ပေးအပ်ခဲ့ ကြောင်း ဖော်ပြထားသည်။

    ၂၀၁၆ ခုနှစ်နှောင်းပိုင်း ရိုဟင်ဂျာများအပေါ် ပထမအကြိမ် သတ်ဖြတ်တိုက်ခိုက်မှုများအပြီး မဘသ ဘုန်းကြီး ဦးဝီရသူသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ သွားရောက်ကာ စစ်တပ်အရာရှိများနှင့် တွေ့ဆုံခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံရှေ့နေက တင်သွင်းသည်။

    ထို့ပြင် မြန်မာနိုင်ငံ၏ နာမည်ကြီးဘုန်းကြီး သီတဂူဆရာတော်ကလည်း ၂၀၁၇ အောက်တိုဘာလ ရိုဟင်ဂျာများအား နယ်မြေရှင်းလင်းရေးဆိုကာ သတ်ဖြတ်မှုများအတွင်း တရားပွဲတခုပြုလုပ်ခဲ့ပြီး စစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်မှလွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု ဆိုသည်။

    သီတဂူ၏ ဟောပြောချက် အပြည့်အစုံကိုပါ တင်သွင်းခဲ့ပြီး ယင်းဟောကြားမှုအား စစ်တပ်မှ ၎င်းတို့၏ လူမှုကွန်ရက်စာ မျက်နှာတွင် ၁၁ ကြိမ်တိုင် တင်ခြင်းဖြင့် ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာဝင်များ မဟုတ်သည့်အတွက် ကောင်းခြင်းမကောင်း ခြင်းကို မသိသော တိရစ္ဆာန်များသကဲ့သို့ ဖြစ်နေသဖြင့် ၎င်းတို့အား သတ်ဖြတ်ခြင်းသည် အကုသိုလ်မဟုတ်ဆိုသည့် သတင်းစကားကို ရှင်းလင်းစွာဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း ဂမ်ဘီယာနိုင်ငံရှေ့နေက ပြောကြားသည်။

    ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာစစ်ဆေးမှုများကို ဇန်နဝါရီ ၁၂ ရက်တွင် စတင်ပြုလုပ်နေခြင်း ဖြစ်သည်။

  • မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

    မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ် အရပ်သားအစိုးရ၏ အုပ်ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေဟု ICJ တရားရုံးသို့ ဂမ်ဘီယာ တင်ပြ

    စစ်တပ်၏ ကျူးလွန်မှုများအတွက် တရားမျှတမှု ရယူရန် အသက်ရှင် လွတ်မြောက်လာသော ရိုဟင်ဂျာများက မျှော်လင့်

    ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သော မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံနှင့် အမိန့်ပေးခိုင်းစေမှုစနစ်မှာ အရပ်သားအစိုးရ၏ အုပ် ချုပ်စီမံခန့်ခွဲမှုအောက်တွင် ရှိမနေကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး- ICJ သို့ ဂမ်ဘီယာနိုင်ငံက တင်ပြခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနတချို့က ရေး သား ဖော်ပြထားသည်။

    ဇန်နဝါရီလ ၁၂ ရက်နေ့ ICJ တရားရုံးသို့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ ဂမ်ဘီယာနိုင်ငံက သက်သေနှင့် အမှုအကြောင်းအရာများကို တင်သွင်းရာတွင် ယင်းအချက်ကိုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရှိရသည်။

    ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရခိုင်ပြည်တွင် ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ယင်းအချိန်တွင် လူထု ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရက အုပ်ချုပ်နေချိန်လည်းဖြစ်သည်။

    လက်ရှိ ICJ တရားရုံးတွင် ပြန်လည် စတင်နေသော ကြားနာမှုများမှတစ်ဆင့် စစ်တပ်၏ အကြမ်းဖက်မှုရန်မှ လွတ်မြောက်လာသော ရိုဟင်ဂျာများက ၎င်းတို့ကျူးလွန်ခံခဲ့ရမှုများအတွက် တရားမျှတမှု ရရှိရန်နှင့်အနာဂတ်လူမျိုးတုံးသတ်ဖြတ်မှု များအတွက် စံနမူနာတစ်ခုကို ICJ တရားရုံးက ချမှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြကြောင်း ဗြိတိန်ဂါးဒီးယန်းသတင်းစာက ရေးသားဖော်ပြသည်။

    “နောက်ဆုံးတော့ ကျွန်မတို့ရဲ့အသံတွေကို ကြားနေရပြီး အသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်တဲ့ တစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားရပါတယ်” ဟု အမည်လွှဲထားသော ရိုဟင်ဂျာတစ်ဦးဖြစ်သူ Monaira က ဂါးဒီးယန်သတင်းစာသို့ ပြောဆိုသည်။

    ၂၀၁၇ ခုနှစ်တွင် စစ်တပ်က ရိုဟင်ဂျာရွာများကို နယ်မြေ ရှင်းလင်းရချိန် စတင်ခဲ့ချိန်တွင် Monairaမှာလည်း မြန်မာနိုင်ငံရှိ သူမ၏နေအိမ်မှ ထွက်ပြေးရန် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည်။

    အကြမ်းဖက်မှုအတွင်း Monaira ၏အစ်ကိုကို စစ်တပ်က ခေါ်ဆောင်သွားပြီး ပစ်သတ်ကာ ၎င်း၏အိမ်ကို မီးရှို့ခဲ့သည်။ “ကလေးတွေကို ကျွန်မမျက်စိရှေ့မှာတင် မီးထဲပစ်ထည့်လိုက်တာပါ” ဟု စစ်သားများ၏ မုဒိမ်းကျင့်မှုခံခဲ့ရသော Monaira က ပြောဆိုသည်။

    Monaira မှာ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများမှ အသက်ရှင်ကျန်ရစ်သူများထဲတွင် ပါဝင်ပြီး ICJ တရားရုံးတွင် မြန်မာစစ်တပ်၏ ကျူးလွန်မှုကို ပြန်လည် ကြားနာစစ်ဆေးနေသည့်အတွက် ကြာမြင့်စွာ စောင့်ဆိုင်းနေသော တရားမျှတမှုအတွက် ခြေလှမ်းတစ်ခု နီးကပ်လာပြီဟု ဆိုသည်။

    ဂမ်ဘီယာမှ တင်သွင်းခဲ့သော အမှုသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေခဲ့သည့် စစ်ရေးစစ်ဆင်ရေးများကို အခြေခံထားသည်။

    “ကျနော်တို့ တရားမျှတမှုကို တောင်းဆိုပါသည်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့စ်ဘဇား ဒုက္ခသည်စခန်းမှ ဟိဂ်မြို့သို့ ကြားနာပွဲများကို နားထောင်ရန် ရောက်ရှိလာသော မိုနိုင်ရာက ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံကို တရားစွဲထားသော ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ ကြားနာခဲ့သော ပထမဆုံး လူမျိုးတုံးသတ်ဖြတ်မှုအမှုဖြစ်ပြီး အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွပ်စွဲသည့် တောင်အာဖရိက၏အမှု အပါအဝင် အနာဂတ်စွပ်စွဲချက်များကို မည်သို့အကဲဖြတ်မည်ကို ရှေ့ပြေးနမူနာတစ်ခု ချမှတ်နိုင်ဖွယ်ရှိသည်။

    ဂမ်ဘီယာနိုင်ငံက ဇန်နဝါရီလ ၁၂ ရက်နေ့မှ ဇန်နဝါရီလ ၁၅ ရက်နေ့ အထိ ပထမဆုံး လျှောက်လဲချက် တင်ပြလျက်ရှိပြီး မြန်မာစစ်တပ်က ရိုဟင်ဂျာများအပေါ် စနစ်တကျ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ရိုဟင်ဂျာများကို မျိုးနွယ်စု တစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် ရွာများကို မီးရှို့မှုများ ကျူးလွန်ခဲ့ကြောင်း တင်ပြထားသည်။

    “ဒီအမှုကို ကျွန်တော်တို့ ပေါ့ပေါ့တန်တန် မတင်ပြခဲ့ပါဘူး။ နှစ်ပေါင်းများစွာ လူသားချင်းစာနာမှု ကင်းမဲ့ပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့ အားနည်းတဲ့ အုပ်စုတစ်စုအပေါ် ကျူးလွန်ခဲ့တဲ့ အဆိုးရွားဆုံးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ချိုးဖောက်မှုတွေရဲ့ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာတွေကို ပြန်လည်သုံးသပ်ပြီးနောက် ဒီအမှုကို ကျွန်တော်တို့ တင်ပြခဲ့တာပါ။”ဟု ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုသည်။

    မြန်မာစစ်တပ်က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကို ငြင်းဆိုပြီး ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဇန်နဝါရီ ၂၀ ရက်နေ့ အထိ ခုခံလျှောက်လဲချက်များ တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ထူးခြားချက်မှာ အသက်ရှင်ကျန်ရစ်သူများက ICJ တရားရုံးတွင် သက်သေအထောက်အထားများ တင်ပြကြမည်ဖြစ်သည်။

    ဗြိတိန်အခြေစိုက် Burmese Rohingya Organization (BRI) ၏ ဥက္ကဋ္ဌ ဦးထွန်းခင်က ဆယ်စုနှစ်များစွာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီးနောက် ICJ အမှုမှာ မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတကာတရားရုံးတွင် မိမိကိုယ်ကိုယ် ကာကွယ်ရသည့် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    တရားမျှတမှုနှင့် တာဝန်ခံမှုဆီသို့ ရှည်လျားသောလမ်းကြောင်းပေါ်တွင် ကြီးမားသောခြေလှမ်းတစ်ခုဖြစ်သည် ဟု ဦးထွန်းခင်က မှတ်ချက်ပြုသည်။

    ၂၀၂၀ ခုနှစ်တွင် ICJ က ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအကြမ်းဖက်မှုကို ကာကွယ်ရန်နှင့် အတိတ်က ရာဇဝတ်မှုများ၏ အထောက်အထားများကို ထိန်းသိမ်းရန် မြန်မာနိုင်ငံအပေါ် အရေးပေါ် “ယာယီအစီအမံများ” ချမှတ်ခဲ့သော်လည်း စစ်တပ်က ရက်စက်ကြမ်းကြုတ်မှုများကို ဆက် လက် ကျူးလွန်နေသည်ဟု နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။

    ICJ အမှုမှာ လူပုဂ္ဂိုလ်များအပေါ် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတစ်ခု မဟုတ်သော်လည်း မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအရ ၎င်း၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့ခြင်း ရှိ၊ မရှိကို ဆုံးဖြတ်မည်ဖြစ်သည်။

    အခြားတစ်ဖက်တွင်လည်း ၂၀၁၉ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ရိုဟင်ဂျာများ အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ICC ၏ ရှေ့နေက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် ICC တရားရုံးသို့ တင်ပြထားသည်။

    ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်တွဲ အလုပ်လုပ်နေသော Legal Action Worldwide ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက် တာ Antonia Mulvey က ICJ က ၆ လမှ ၁၂ လအတွင်း စီရင်ချက်ချမှတ်နိုင်ကြောင်း၊ တရားရုံး၏ အမိန့်များကို မြန်မာနိုင်ငံက လက်ရှိမှာ အကောင်အထည်ဖော်မှု မရှိသည့်တိုင် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်လာမည်ဟုဆိုသည်။

    “အခြေအနေတွေ ပြောင်းလဲနိုင်ပြီး တစ်ညတည်းနဲ့ အစိုးရအပြောင်းအလဲဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့၊ တရားရုံးအမိန့်ကလည်း ဆက်ရှိနေမှာပါ” ဟု Antonia Mulvey က ထုတ်ဖော်ပြောဆိုသည်။