Category: News

  • စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ

    စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ

    ‎တိုက်ပွဲပြင်းထန်လာသည့် စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ

    ‎စစ်တွေတွင် စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်စခန်းအချို့သိမ်းဆည်းခံရသည့် အတွက် စစ်ကော်မရှင်တပ်မှ အရာရှိများထွက်ပြေးရန် အသင့်အနေအထားရှိကြောင်း သိရသည်။

    ‎စစ်တွေမြို့ ဒေသကွပ်ကဲ‌ရေးစစ်ဌာနချုပ်(ဒကစ)၏ ကာကင်းစခန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က ဝင်ရောက်သိမ်းယူပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ စစ်တပ်အရာရှိပိုင်းနှင့် မိသားစု ဝင်များ ပြောင်းရွှေ့မှုရှိကြောင်း သိရသည်။

    “စခန်းတွေ သိမ်းခံရပြီးတဲ့နေ့ပဲ တပ်အရာရှိမိသားစုတွေကို နေပြည်တော်ပို့တယ် ပြောတယ်။ ဒေသခံတွေကတော့ လန့်နေကြတာပေါ့။ သူတို့က ရုတ်ရုတ်သည်းသည်း လုပ်နေတော့လေ” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎ကံ့ကော်ကျွန်းရှိ စစ်ကော်မရှင်၏ ဒကစ ကာကင်းစခန်းနှစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် AA က ဝင်ရောက် သိမ်းယူခဲ့ပြီး စစ်သုံ့ပန်းများကိုပါ ဖမ်းဆီးရမိမှုများရှိခဲ့သည်။

    ‎ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် စစ်အရာရှိမိသားစုဝင်များကို လေကြောင်းဖြင့် နေပြည်တော်သို့ပို့ ဆောင်ပြောင်းရွှေ့မှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎ထို့အပြင် စစ်တွေတပ်ရင်းများ၌ ရဟတ်ယာဉ်များကို အသင့်ထားရှိထားပြီး အမ်းဖြစ်စဉ်ကဲ့သို့ ထိပ်သီးပိုင်း အရာရှိများ AA ထံ လက်ရဖမ်းဆီးခံရမှုမှ လွတ်ကင်းအောင် ပြင်ဆင်ထားရှိကြောင်း သိရသည်။

    ‎စစ်တွေ ခြေလျင်တပ်ရင်း ခလရ ၂၀အတွင်းတွင် MI17တစ်စင်း၊ MI 35 တစ်စင်းတို့ ထားရှိထားပြီး ခလရ ၂၀ အနီး အမှတ် (၈) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၈) တွင် MI 17 တစ်စင်း တို့ ရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။

    AA သည် ‎စစ်တွေမြို့ ပါဒလိပ်၊ ဝါဘို၊ ကန့်ကော်ကျွန်း၊ အမြင့်ကျွန်းတို့ရှိ စစ်စခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ကာကင်း နှစ် ခုသိမ်းယူခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မတိုင်ခင်အထိ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

  • ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ

    ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ

    အကြမ်းဖက် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခြိမ်းခြောက်ခေါ်ယူ

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လံကြည့်ရှုသည့် ရန်ကုန်မဲရုံများတွင် မဲပေးသူမရှိ၍ လော်စပီကာများဖြင့် မဲလာပေးကြရန် လိုက်လံ ခေါ်ယူမှုများ လုပ်ဆောင်ရကြောင်း ဒေသပြည်သူများနှင့် မဲရုံများကို လိုက်လံစောင့်ကြည့်နေသော ကင်းထောက်လူငယ်များက ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၁၀၀ တွင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲအပိုင်း ၂ အဖြစ် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်း၊ ပန်းဘဲတန်း၊ လသာ ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ဒေါပုံ၊ ပုဇွန်တောင်၊ လှိုင်၊ ရွှေပြည်သာ ၊ ထန်းတပင်၊ လှည်းကူး၊ တောင်ဥက္ကလာပ၊ ကိုကိုးကျွန်း၊ ကြည့်မြည်တိုင်၊ အင်းစိန် အပါအဝင် စုစုပေါင်း ၁၆ မြို့နယ်တွင် ရွေး ကောက်ပွဲ အပိုင်း ၂ ယနေ့ ကျင်းပခဲ့သည်။

    အကြမ်းဖက်မင်းအောင်လှိုင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို လှည့်လည်၍ ကြည့်ရှုခဲ့ရာတွင် ၎င်းသွားရောက်မည့် မဲရုံများတွင် မဲပေးသူများကို စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ကြို တင်စုဆောင်းပြီး လူများသယောင် လူစုပေးခဲ့ရကြောင်း လှိုင်မြို့နယ်မှ မဲပေးခဲ့ရသူ ပြည်သူတစ်ဦး က ပြောဆိုသည်။

    “ညပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မဲရုံမှာ မဲလာပေးဖို့ လိုက်ပြောတယ်။ မဲစာရင်းပါပြီး မဲမပေးဘူးဆိုရင် ခရီးသွားထောက်ခံစာ မပေးဘူး။ အိမ်မှာရှိတဲ့ ကလေးတွေ(လူငယ်)ကိုလည်း စစ်မှုထမ်း ခေါ်တာမျိုးဖြစ်နိုင်တယ်ဆိုတာမျိုး ပြောသွားတယ်။ ကိုယ့်တစ်အိမ်တည်းမဟုတ်ဘူး။ တစ်ရပ်ကွက်လုံး လမ်းတိုင်းကို လိုက်ပြောတာ။ အမှတ် ၃ မဲရုံမှာ မနက်ကတည်းက လူကြီးလာမယ်ဆိုပြီး မဲမပေးခိုင်းဘဲ လူစုထားတာ” ဟု လှိုင်မြို့နယ် ၁၆ ရပ်ကွက်မှ မိခင်တစ်ဦးက ပြောဆိုသည်။

    ဒဂုံမြို့သစ် (မြောက်ပိုင်း) ၊ ရွှေပြည်သာ ၊ ထန်းတပင်၊ လှည်းကူး၊ အင်းစိန်မြို့နယ်တို့တွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှစတင်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက မဲရုံများသို့ အားလုံး မဖြစ်မနေ မဲလာပေးကြရန်၊ မှတ်ပုံတင်မရှိပါက မဲစာရင်းနံပါတ်ကို ပြော၍ မဲပေးနိုင်ကြောင်း လော်စပီကာများဖြင့် လှည့်လည် အော်ဟစ် ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “အင်းစိန်မှာတော့ ညနေ ၄ နာရီမဲရုံပိတ်မှာမို့ မဲစာရင်းမှာပါရင် ချက်ချင်း မဲလာပေးဖို့၊ မှတ်ပုံတင်မရှိရင်လည်း မဲစာရင်းနံပါတ်ပါတဲ့စာရွက်နဲ့ မဲလာပေးလို့ရတယ်ဆိုပြီး လိုက်အော်တယ်” ဟု အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

    အကြမ်းဖက်စစ်တပ်၏ ပြောရေးဆိုခွင်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းကမူ ရွေးကောက်ပွဲအပိုင်း ၁ တွင် မဲပေးသူများ များပြား၍ အားရသည်ဟု မီဒီယာများကို ထုတ်ဖော်ပြောဆိုပြီး ရွေးကောက်ပွဲ အပိုင်း ၂ တွင်လည်း မဲပေးသူများပြားလိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

    ရန်ကုန်တိုင်းအတွင်းရှိ မဲရုံများတွင် မဲလာပေးသူများ ပြားစေရန် အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က မဲမပေးလျှင် ဧည့်စာရင်းကိစ္စ၊ စစ်မှုထမ်းကိစ္စ၊ စားအုန်းဆီဝယ်ယူခွင့် စာအုပ်၊ ခရီးသွားထောက်ခံစာများ လုပ်မပေးဟုဆိုကာ အကျပ်ကိုင် ဖိအားပေး ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့သော်လည်း မဲပေးသည့် ပြည်သူမှာ နည်းပါးခဲ့ကြောင်း သိရှိရသည်။

    ရန်ကုန်မြို့တွင်း ပန်းဘဲတန်း၊ လသာမြို့နယ်ရှိ မဲရုံများတွင်လည်း မဲပေးသူ နည်းပါးခဲ့ပြီး နံနက် ၁၁ နာရီမှစတင်၍ မဲရုံများတွင် လူမရှိကြောင်း မဲရုံများကို လိုက်လံကြည့်ရှုခဲ့သော ကင်းထောက်လူငယ်တစ်ဦးက ဆိုသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ရန်ကုန်သို့ လာရောက်၍ မြို့နယ်များရှိ မဲရုံများကို လိုက်လံ ကြည့်ရှုကာ မဲပေးသူများကို မေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်၏ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

  • နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    အရက်မူးနေလျှင် ဆက်ကြေးငွေပိုကောက်သည့် နေပြည်တော် စစ်တပ်ဂိတ်ကို PDF လျှပ်တစ်ပြက် ဝင်ပစ်

    အရက်မူးနေလျှင် ဆက်ကြေးငွေပိုကောက်သည့် နေပြည်တော်၊ဧလာမြို့အနီးရှိ စစ်တပ်ဂိတ်ကို ပြည်သူတို့၏ တောင်းဆိုမှုအရ လျှပ်တစ်ပြက်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား၂ဦး ဒဏ်ရာရခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၇ နာရီခန့်တွင် လယ်ဝေးမြို့နယ် ၊ အောင်ချမ်းသာကျေးရွာ နန်းချိုးချောင်း ရေ ကျော်၌ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဇန်နဝါရီ ၁၁ ရက်) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

    “ခန့်မှန်း ၁၀မိနစ် ကျော်ကျော်ပါ။ ပြောက်ကျား ဝင်ပစ်တာပါ။ သူတို့ဘက်ကပြန် ပစ်ပါတယ်။ ဒါပေ မဲ့၊ ကျနော်တို့ကကြိုပြီးစီစဉ်ခဲ့နိုင်ပါတယ်။ ၂ ဦးကို နေပြည်တော် ကုတင်၁၀၀၀ကို ပို့တယ်လို့ သိထားပါတယ်။ ကျနော်တို့ ပြန်ခွာထားတော့ သတင်းတော့ထပ်မရသေးဘူး”ဟု ဝရဇိန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    အဓမ္မ ဆက်ကြေးကောက်နေသည့် ယင်းဂိတ်ကို ရှင်းလင်းပေးရန် ပြည်သူများက အကြိမ်ကြိမ် တောင်းဆိုသဖြင့် ဝင်ပစ်ခြင်းဖြစ်ကြောင်း သိရသည်။

    “ပုံမှန် ၄၊၅ ယောက်ပါပဲ။ ဒေသခံတွေကို ဆက်ကြေးကောက်ဖို့ ကုက္ကိုလ်ပင်အောက်မှာ ဂိတ်ထိုင်နေ ကြတာပါ။အမြဲတမ်းရယ်လို့မဟုတ်ပါဘူး။ လုံခြုံရေး အကြောင်းပြပြီး ပိုက်ဆံလာ၊လာ ကောက်တာ ပါ‌။ သတ်မှတ်ချက်မရှိပါဘူး။ မူးရင် ပိုကောက်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

    ယင်းတိုက်ခိုက်မှုကို ဝရဇိန်တပ်ဖွဲ့မှ ချေမှုန်းရေးတပ်ဖွဲ့ဝင်များ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

    အောင်ချမ်းသာကျေးရွာသည် ဧလာမြို့နှင့် ၄ မိုင်ခန့် ဝေးပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ၆ မိုင်ခန့်ဝေးကာ လယ်ဝေးမြို့နှင့်မူ ၁၂ မိုင်ဝန်းကျင် ဝေးသည်။

    ပုံစာ – တိုက်ပွဲဝင် ဝရဇိန်တပ်ဖွဲ့ဝင်များ။(ပုံဟောင်း)

  • ထိုင်းတောင်ပိုင်းက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဗုံးပေါက်ကွဲ

    ထိုင်းတောင်ပိုင်းက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဗုံးပေါက်ကွဲ

    ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်မှာတည်ရှိတဲ့ ခရိုင် ၃ ခုက PTT ဓာတ်ဆီဆိုင် ၁၁ ဆိုင်မှာ ဒီနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ ဘီဘီစီထိုင်း ဘာသာစကားဌာနက သတင်းဖော်ပြပါတယ်။

    ဒီနေ့ မနက် ၂ နာရီအချိန်မှာပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် ထိုင်းတောင်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ဓာတ်ဆီဆိုင်တွေ အနီးသွားလာတာ မလုပ်ဖို့နဲ့ အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းထားကြောင်း ထိုင်းပြည်တွင်းလုံခြုံရေးဆိုင်ရာဌာန ISOC ရဲ့ ‌ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    “မကောင်းတဲ့အကြံအစည်ရှိတဲ့အဖွဲ့တွေက ဗုံးထောင်ပြီး တောင်ပိုင်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်” လို့ ဒေသအမှတ် ၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

    ပေါက်ကွဲမှုတွေဟာ ယာလာ၊ ပတ္တာနီနဲ့ နရသီဝပ်ခရိုင်တွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုကြောင့် ထိုင်းရဲတဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    ဒီဖြစ်စဉ်ဟာ ထိုင်းမှာ မကြာခင်လုပ်ဖို့ရှိနေတဲ့ရွေးကောက်ပွဲနဲ့ဆက်စပ်သလားလို့ ပြောရေးဆိုခွင့်ရှိသူကို ဘီဘီစီထိုင်းကမေးမြန်းရာမှာတော့ “ဖြစ်နိုင်ခြေတွေအားလုံးကို ဆန်းစစ်နေတယ်” လို့ ဆိုပါတယ်။

    ယာလာနဲ့ နရသီဝပ် ခရိုင်တို့ဟာ အိမ်နီးချင်း မလေးရှားနိုင်ငံနဲ့ ထိစပ်နေတာကြောင့် နယ်စပ်လုံခြုံရေးကို အမြင့်ဆုံးထားစောင့်ကြည့်နေပြီး ပတ္တနီမှာလည်း နယ်မြေအပြည့် စောင့်ကြည့်နိုင်အောင်လုပ်နေတယ်လို့ သိရပါတယ်။

    လက်ရှိအချိန်အထိ ဒီဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

  • ရွေးကောက်ပွဲနေ့ ပဲခူးတိုင်းက မင်းလှမြို့ပေါ်မဲရုံမှာ ဗုံးပေါက်ကွဲပြီး ဖြူး၊ ရေတာရှည်နဲ့ ကျောက်တံတားတို့မှာ စစ်ရေးတင်းမာနေ

    ရွေးကောက်ပွဲနေ့ ပဲခူးတိုင်းက မင်းလှမြို့ပေါ်မဲရုံမှာ ဗုံးပေါက်ကွဲပြီး ဖြူး၊ ရေတာရှည်နဲ့ ကျောက်တံတားတို့မှာ စစ်ရေးတင်းမာနေ

    ပဲခူးတိုင်းမှာ အပိုင်း ၂ ရွေးကောက်ပွဲပြုလုပ်မယ့်မြို့နယ်တွေထဲက မင်းလှမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီး ရေတာရှည်မြို့နယ်ထဲမှာ နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ မြို့ခံနဲ့ စစ်ရေးအရင်းအမြစ်တချို့ဆီကပါ သိရပါတယ်။

    အပိုင်း ၂ ရွေးကောက်ပွဲကို ပဲခူးတိုင်းထဲက မင်းလှ၊ ရေတာရှည်အပါအဝင် ဒိုက်ဦး၊ ရွှေကျင်၊ ထန်းတပင်၊ ဇီးကုန်း၊ ပေါင်းတည်၊ ကဝ၊ သနပ်ပင်၊ ပေါက်ခေါင်း၊ ပန်းတောင်းနဲ့ မိုးညိုစတဲ့ ၁၂ မြို့နယ်မှာ ပြုလုပ်မှာပါ။

    “ဗုံးပေါက်တာလား လက်နက်ကြီးလားတော့မပြောတတ်ဘူး။ မနက် ၄ နာရီခွဲလောက်က ပေါက်ကွဲသံကြားခဲ့ရတာပါ။ အခုတော့ မြို့ကပုံမှန်လိုပါပဲ၊ မဲသွားထည့်နေတဲ့သူတွေလည်း ရှိပါတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုတို့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်တာလို့ ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပါတယ်။

    ‘‘မင်းလှမြို့၊ လမ်းမတော်လမ်း၊ တရုတ်ကျောင်း မဲရုံအနီးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာ’’လို့ လို့ဆိုပါတယ်။

    အခုလို စစ်ရေးတင်းမာနေတဲ့ ပဲခူးတိုင်းဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မဲဆန္ဒနယ်လည်းဖြစ်ပါတယ်။

    သူဟာ ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ပေါက်ခေါင်းမြို့နယ်ကနေ ဝင်ပြိုင်နေတာပါ။

    “မင်းလှမှာက ဗုံးပေါက်ကွဲမှုဖြစ်တယ်။ ဖြူးဘက်မှာလည်း ပြောက်ကျားဝင်တိုက်တာဖြစ်တော့ ရေတာရှည်ဘက်ကိုပါ စစ်ဆိုင်နေတဲ့အခြေအနေ စစ်ရေးတင်းမာနေတယ်” လို့ လက်ရှိစစ်ရေးအခြေအနေအကြောင်း PDF စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဖြူးမြို့နယ်က ဆားဂွန်းရွာမှာတည်ရှိတဲ့ စစ်တပ်စစ်ဆေးရေး ဂိတ်ကိုလည်း ဒီနေ့မနက် ၅ နာရီ ဝန်းကျင်ခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    ကျောက်တံခါးမြို့နယ်ထဲမှာလည်း ဇန်နဝါရီလဆန်းပိုင်းထဲက နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းက ကျောက်တံခါးကစလို့ ရေတာရှည်အထိ တောက်လျှောက် စစ်ရေးတင်းမာနေတဲ့အခြေအနေ ဖြစ်ပါတယ်။

    ကျောက်တံခါးမြို့နယ်က ပဲနွယ်ကုန်းမြို့အနီးတဝိုက်မှာတော့ ဒီနေ့ မနက်ပိုင်းတိုက်ပွဲတွေဆက်ရှိနေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ စစ်ရေးအရင်းအမြစ်ဆီက သိရပါတယ်။

    ပဲနွယ်ကုန်းမြို့နယ်ထဲက အမှတ် ၃၀၇ ခြေမြန်တပ်ရင်းအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာလို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ပဲနွယ်ကုန်းဒေသဟာ အခုသီတင်းပတ်ထဲမှာပဲ တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့) အနီးမှာတည်ရှိပြီး ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွေမှာ စစ်ရေးပြင်းထန်ခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။

    ကျောက်တံခါးမြို့နယ်ထဲက တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်စခန်း ၁၄ ခုကို ဇန်နဝါရီ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ သိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။