တိုက်ပွဲပြင်းထန်လာသည့် စစ်တွေတွင် အရာရှိများ အရေးပေါ်ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် များ အသင့်အနေထားရှိ
စစ်တွေတွင် စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံနေရပြီး စစ်စခန်းအချို့သိမ်းဆည်းခံရသည့် အတွက် စစ်ကော်မရှင်တပ်မှ အရာရှိများထွက်ပြေးရန် အသင့်အနေအထားရှိကြောင်း သိရသည်။
စစ်တွေမြို့ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်(ဒကစ)၏ ကာကင်းစခန်းနှစ်ခုကို အာရက္ခတပ်တော် (AA) က ဝင်ရောက်သိမ်းယူပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ စစ်တပ်အရာရှိပိုင်းနှင့် မိသားစု ဝင်များ ပြောင်းရွှေ့မှုရှိကြောင်း သိရသည်။
“စခန်းတွေ သိမ်းခံရပြီးတဲ့နေ့ပဲ တပ်အရာရှိမိသားစုတွေကို နေပြည်တော်ပို့တယ် ပြောတယ်။ ဒေသခံတွေကတော့ လန့်နေကြတာပေါ့။ သူတို့က ရုတ်ရုတ်သည်းသည်း လုပ်နေတော့လေ” ဟု သတင်းရင်းမြစ်က ပြောသည်။
ကံ့ကော်ကျွန်းရှိ စစ်ကော်မရှင်၏ ဒကစ ကာကင်းစခန်းနှစ်ခုကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် AA က ဝင်ရောက် သိမ်းယူခဲ့ပြီး စစ်သုံ့ပန်းများကိုပါ ဖမ်းဆီးရမိမှုများရှိခဲ့သည်။
ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် စစ်အရာရှိမိသားစုဝင်များကို လေကြောင်းဖြင့် နေပြည်တော်သို့ပို့ ဆောင်ပြောင်းရွှေ့မှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် စစ်တွေတပ်ရင်းများ၌ ရဟတ်ယာဉ်များကို အသင့်ထားရှိထားပြီး အမ်းဖြစ်စဉ်ကဲ့သို့ ထိပ်သီးပိုင်း အရာရှိများ AA ထံ လက်ရဖမ်းဆီးခံရမှုမှ လွတ်ကင်းအောင် ပြင်ဆင်ထားရှိကြောင်း သိရသည်။
စစ်တွေ ခြေလျင်တပ်ရင်း ခလရ ၂၀အတွင်းတွင် MI17တစ်စင်း၊ MI 35 တစ်စင်းတို့ ထားရှိထားပြီး ခလရ ၂၀ အနီး အမှတ် (၈) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၈) တွင် MI 17 တစ်စင်း တို့ ရှိနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။
AA သည် စစ်တွေမြို့ ပါဒလိပ်၊ ဝါဘို၊ ကန့်ကော်ကျွန်း၊ အမြင့်ကျွန်းတို့ရှိ စစ်စခန်းများကို ပြီးခဲ့သည့် ဇန်နဝါရီ ၃ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ကာကင်း နှစ် ခုသိမ်းယူခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့မတိုင်ခင်အထိ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။


Leave a Reply