Category: News

  • ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်

    ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်

    စစ်တပ်က မြို့ကို ပိတ်၍ စစ်ဆေးရေး လုပ်နေစဉ် ဗုံးပေါက်ကွဲပြီး စစ်တပ်ဘက်မှ ၂ ဦးဒဏ်ရာရ

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်ကြောင်း ဖားကန့်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်နှင့် သပိတ်အင်အားစုများက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်မှ စတင်ပြီး ဖားကန့်တစ်မြို့လုံးတွင် အသံတိတ်သပိတ်အဖြစ် ပြည်သူများက ပါဝင် ဆင်နွှဲကြပြီး လမ်းပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း၊ စစ်တပ်၊ရဲနှင့် ပြည်သူ့စစ်၊ပျူစောထီးများ သာကျန်ရစ်ကြောင်း၊ စစ်တပ်ကလည်း ဖားကန့်မြို့ကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    စစ်တပ်က ဖားကန့်တစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးနေစဉ် ဖားကန့်မြို့လယ် ဘေလီတံတားထိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

    “ဗုံးပေါက်တဲ့အချိန် ပြည်သူက လမ်းပေါ်မှာ မရှိဘူး။ စခနဲ့ ပျူတွေပဲရှိတာ။ ၂ ဦးဒဏ်ရာရသွားတယ်။ ဖားကန့်မှာ အသံတိတ် သပိတ်က ရာနှုန်း ပြည့်အောင်မြင်ပါတယ်” ဟု ဖားကန့်သပိတ်အင်အားစုမှ သတင်းရင်းမြစ်က ပြောဆိုသည်။

    ဖားကန့်မြို့နယ်တွင် KIA နှင့် PDF များက အဓိက စိုးမိုးထားပြီး ဖားကန့်မြို့လယ်တွင် စစ်တပ်က အထိုင်ချ တပ်စွဲထားခြင်းကြောင်း၊ လတ်တလော စစ်တပ်စစ်ကြောင်းများကဖားကန့်မြို့ သို့ စစ်ကြောင်းထိုးလာနေပြီး လာမည့် ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စစ်တပ်က ကြိုးစားနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

  • မန္တလေးနဲ့ အမရပူရမှာ အသံတိတ်သပိတ် ပြုလုပ်

    မန္တလေးနဲ့ အမရပူရမှာ အသံတိတ်သပိတ် ပြုလုပ်

    အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ပြုလုပ်တဲ့ အသံတိတ်သပိတ် (Silent Strike)မှာ မန္တလေးမြို့နဲ့ အမရပူရမြို့က ဒေသခံတွေ တတ်နိုင်သမျှ ပါဝင်နေကြတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာ ၁၀ရက် ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူတွေ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေး အပြည့်အဝ ရရှိဖို့နဲ့ အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံတဝန်း အသံတိတ်သပိတ် ပြုလုပ်ကြဖို့ အထွေထွေသပိတ် ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body – GSCB) က တိုက်တွန်း ဆော်ဩထားတာ ဖြစ်ပါတယ်။

    “စစ်အုပ်စုဟာ လာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့မှာ အသံတိတ်သပိတ်တွင် ပူးပေါင်းပါဝင်ရန်အတွက် ပိတ်ထားမည့် စျေးဆိုင်များ၊ စားသောက်ဆိုင်များ ၊ အလုပ်ရုံစက်ရုံများ၊ ကုမ္ပဏီများကို ဖော်ထုတ် အရေးယူရန်နှင့် ချိတ်ပိတ်ရန်ဖိအားပေးလျက် ရှိသည်။ ပြည်သူလူထုရဲ့ လုံခြုံရေးဟာ အရေးကြီးဆုံး ဖြစ်တာမို့ ဒီလို အကြပ်ကိုင် ဖိအားပေးမှုတွေအောက်မှာ ဈေးဆိုင်တွေကို ဖွင့်လှစ်ရတာကို နားလည် စာနာပါကြောင်းနှင့် ဈေးဆိုင်များကို မပိတ်ဘဲ ဖွင့်လှစ်ကာ အသံတိတ်သပိတ်ကို ဆင်နွှဲကြဖို့ တိုက်တွန်းလိုပါသည်။

    ဆိုင်တံခါးတွေသာ ပွင့်နေပါစေ၊ လူတွေကတော့ ဆိုင်ထဲ၊ အိမ်ထဲမှာပဲ နေပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ လမ်းမတွေပေါ် မထွက်ကြဖို့၊ အပြင်မသွားကြဖို့နဲ့ တိတ်ဆိတ်ခြင်းဖြင့် သက်သေပြကြဖို့ လိုအပ်ပါတယ်။ စစ်အုပ်စုက ပုံဖော်ချင်နေတဲ့ “ပုံမှန်လည်ပတ်နေပါတယ်” ဆိုတဲ့ အခြေအနေ မဟုတ်ကြောင်းကို လူမရှိတဲ့ လမ်းမတွေ၊ တိတ်ဆိတ်နေတဲ့ မြို့ပြတွေကတဆင့် ကမ္ဘာသိအောင် ချပြရပါမယ်။ ဒါကြောင့် ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၁၀ နာရီ ကနေ ညနေ ၃ နာရီ အတွင်းမှာ ဆိုင်ခန်းတွေထဲ၊ အိမ်တွေထဲမှာပဲ နေထိုင်ပြီး “အသံတိတ်သပိတ်” ကို ပုံစံတစ်မျိုးနဲ့ ဆင်နွှဲကြပါစို့” လို့ GSCB က တိုက်တွန်းပါတယ်။

    အသံတိတ်သပိတ်မှာ ပါဝင်သူတွေကို ရန်ပြုဖမ်းဆီးမယ်လို့ အာဏာသိမ်း စစ်အုပ်စုက ခြိမ်းခြောက်ထားပြီး စျေးတွေမှာ စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

  • အသံတိတ်သပိတ်နေ့တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့

    အသံတိတ်သပိတ်နေ့တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့

    ယနေ့ ( ဒီဇင်ဘာလ ၁၀ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ပြုလုပ်သည့် အသံတိတ်သပိတ်တွင် တွေ့မြင်ရသည့် ရန်ကုန်မြို့ မြင်ကွင်းအချို့ ဖြစ်သည်။

    တော်လှန်ရေးအင်အားစုများကလည်း ယနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်လုံးကျွတ်အသံတိတ်သပိတ်(Silent Strike) ပြုလုပ်ရန် နှိုးဆော်ထားကြရာ ရန်ကုန်မြို့၌ ယခင်နေ့ရက်များထက် လူသွားလူလာ သွားလာမှု လျော့ကျသည်ကို တွေ့ခဲ့ရသည်။ သို့သော် ယခင်အသံတိတ်သပိတ်များကဲ့သို့ ရှင်းလင်းနေမှုမျိုးတော့မရှိပေ။

    စစ်တပ်ကားများသည်လည်း မြို့တွင်းလှည့်လည်နေပြီး လူစောင့်ဆိုင်းနေသည့် ကားမှတ်တိုင်များတွင် ဓာတ်ပုံမှတ်တမ်းဆင်းယူနေသည်ကိုလည်း တွေ့ခဲ့ရသည်။

    မြို့တွင်းလုံခြုံရေးကို တိုးမြှင့်ထားမှု တွေ့ရပြီး မတွေ့မြင်ရသည်မှာ ကြာပြီ ဖြစ်သည့် စစ်တပ်ကားများ လှည့်လည်ခြင်း၊ လုံခြုံရေးများချထားခြင်း၊ စစ်ဆေးခြင်းမျိုး ရှ်ိသည်ကိုလည်း တွေ့ရသည်။

  • မုံရွာမှာ အသံတိတ်သပိတ် အောင်မြင်ပြီးနောက် ညနေပိုင်း အပြင်ထွက် သွားလာသူတွေကို ပစ်သတ်မယ်လို့ စစ်အုပ်စု ခြိမ်းခြောက်

    မုံရွာမှာ အသံတိတ်သပိတ် အောင်မြင်ပြီးနောက် ညနေပိုင်း အပြင်ထွက် သွားလာသူတွေကို ပစ်သတ်မယ်လို့ စစ်အုပ်စု ခြိမ်းခြောက်

    စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမြို့မှာ အသံတိတ်သပိတ် (Silent Strike) အောင်မြင်ပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ညနေပိုင်း အပြင်ထွက်သွားလာသူတွေကို မဖမ်းတော့ဘဲ ပစ်သတ်မယ်လို့ အော်ဟစ်ခြိမ်းခြောက်တယ်လို့ ဒေသခံမြေပြင်ကင်းထောက်အဖွဲ့တွေက ပြောပါတယ်။

    “(မုံရွာ) ပြည်ထောင်စုလမ်းဘက်က ဆိုင်တစ်ဆိုင်ကို စကစ ပတ်ကင်းကားပေါ်က လူက ပြောသွားတယ်တဲ့၊ ညနေ၃နာရီကျော်လို့ ထွက်လာတဲ့ကောင်တွေ မဖမ်းဘူး ပ-စ်သ-တ်မှာတဲ့နော်တဲ့။ (စစ်အုပ်စု) စိတ်တိုနေတယ်။ လူကြီးမင်းအပေါင်းသတိပါ” လို့ မုံရွာမြို့ခံ မြေပြင်ကင်းထောက် အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

    စစ်အုပ်စုက အသံတိတ်သပိတ် မပြုလုပ်ဖို့ နည်းမျိုးစုံနဲ့ ဖိအားပေး ခြိမ်းခြောက်တဲ့ကြားက မုံရွာတမြို့လုံးနီးပါး အသံတိတ်သပိတ်မှာ ပါဝင်ခဲ့ကြကာ လမ်းပေါ် အပြင်ထွက်သွားလာသူ မရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အာဏာသိမ်း စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ မုံရွာ အပါအဝင် နိုင်ငံတဝန်းက မြို့၊ရွာတွေမှာ ဒီဇင်ဘာ ၁၀ရက် မနက် ၁၀နာရီကနေ မွန်းလွဲ ၃နာရီအထိ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

    စစ်အုပ်စုကလည်း အသံတိတ်သပိတ်ကို နှောင့်ယှက်နိုင်ဖို့ မေမြို့မှာ ကထိန်လှည့်ပတာ၊ မန္တလေးမှာ ဆောင်းဘောက်ဖွင့်ပြီး ချောတိုင်တက်ပွဲတွေ တုန့်ပြန်လုပ်ဆောင်ခဲ့သလို အသံတိတ်သပိတ်မှာ ပါဝင်သူတွေကို ဖမ်းဆီး၊ ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်ကာ စောင့်ကြည့်ခဲ့ပါတယ်။

    မုံရွာမြို့တွင်း အဓိက လမ်းမကြီးတွေမှာ အသံတိတ်သပိတ်ပြုလုပ်နေစဉ်/Photo -CJ

  • ရန်ကုန်မြို့မှ ပြည်သူများက  အသံတိတ် သပိတ်တွင် ပါဝင်နေပြီး လမ်းဆုံလမ်းခွနှင့်နေရာတိုင်း စစ်တပ်၊ရဲနှင့်ပျူစောထီးများကို  နေရာတိုင်းတွင် ချထား

    ရန်ကုန်မြို့မှ ပြည်သူများက အသံတိတ် သပိတ်တွင် ပါဝင်နေပြီး လမ်းဆုံလမ်းခွနှင့်နေရာတိုင်း စစ်တပ်၊ရဲနှင့်ပျူစောထီးများကို နေရာတိုင်းတွင် ချထား

    ရန်ကုန်မြို့မှ ပြည်သူများက ယနေ့ ပြုလုပ်သည့် အသံတိတ် သပိတ်တွင် ပါဝင်နေကြကြောင်း​ ဒေသခံပြည်သူများနှင့် ကင်းထောက်အဖွဲ့များက ပြောဆိုသည်။

    ရန်ကုန်မြို့တွင် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး ယာဉ်အသွားအလာနှင့် လူအသွားအလာများ ကျဲသွားပြီး စျေးကြီးများတွင် ဆိုင်များသာ ဖွင့်လှစ်ထားကာ ဝယ်သူမရှိတော့ကြောင်း၊ ယခင် အင်းစိန်မှ ရန်ကုန်မြို့တွင်း ၂ နာရီနီးပါး မောင်းရသော ခရီးစဉ်မှာ မိနစ် ၃၀ အတွင်း သွားလာနိုင်ကြောင်း တက္ကစီယာဉ်မောင်းတချို့က ဆိုသည်။

    “ကားအသွားအလာ လုံး၀ကြီး ရပ်သွားတာမျိုးတော့မဟုတ်ဘူး။ ဒါပေမယ့် ပုံမှန် ယာဉ်ကြောထက် ၈၀ ရာခိုင်နှုန်း လျော့သွားတာ။ တက္ကစီတွေ တော်တော်များများလည်း လမ်းဘေးမှာပဲ ရပ်ထားကြတယ်။ ၁၀ ရာခိုင်နှုန်းလောက်သော ကားတွေကတော့ လမ်းပေါ်မှာ ရှိနေတယ်။ အဲဒါကလည်း လိုင်းကားနဲ့ အိမ်စီးကားတွေ။ အော်ဒါရလို့ လိုက်သွားတာ အင်းစိန်- ဆူးလေကို တကယ်မောင်းတာ နာရီဝက်ပဲကြာပါတယ်။ ပုံမှန်ဆိုရင် ယာဉ်ကြောနဲ့ ၁ နာရီနဲ့ ၂ နာရီကြားလောက်ကြာတဲ့လမ်း” ဟု စမ်းချောင်းမြို့နယ်၊ City Mart အနီးတွင် ဂိတ်ထိုးလေ့ရှိသည့် တက္ကစီယာဉ်မောင်း တစ်ဦးက ဆိုသည်။

    ယနေ့ အသံတိတ်သပိတ်နေ့တွင် သာကေတမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများ အသံတိတ် သပိတ်၌ မပါဝင်နိုင်ရန် ဈေးများ၌ အရပ်ဝတ်များဖြင့် ကင်းလှည့်ပြီး ဓာတ်ပုံရိုက်သူများကိုပါ CCTV ဖြင့် စောင့်ကြည့် ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သာကေတမြို့နယ် အတွင်းရှိ ဈေးများတွင် အရပ်ဝတ်ဖြင့် လုံခြုံရေးယူကာ လှည့်လည်နေခြင်းဖြစ်ပြီး စစ်ကားနှင့် ရဲကားများလည်း အဆက်မပြတ် ကင်းပတ်နေကြောင်း သိရသည်။

    ထို့ပြင် ဖုန်းဖြင့်လည်း ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်း ရိုက်သူများကို ဖမ်းဆီးနိုင်ရန် CCTV များဖြင့် စောင့်ကြည့်နေကြောင်း၊ ပြည်သူများ အသံတိတ် သပိတ်တွင် ပူးပေါင်း ပါဝင်ခြင်းမပြုလုပ်နိုင်ရန် စစ်တပ်က အရပ်ဝတ်ဖြင့် အသွင်ယူကာ ဈေးထဲတွင် လှည့်လည်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “သာကေတမှာ အသံတိတ်သပိတ်ဆင်နွှဲမယ့် ဒီနေ့ နံနက်ပိုင်းကစပြီးတော့ စစ်ခွေးတွေရော ရဲခွေးတွေရော ကားတွေနဲ့ လှည့်လည်နေတယ်။ သာကေတ ၁ စျေးနဲ့ စျေးစည်ပင်တွေမှာလည်း စျေးအနှံ့ CCTV ကင်မရာတွေ လိုက်လံတပ်ဆင်ထားတယ်။ ဓာတ်ပုံနဲ့ ဗီဒိယိုရိုက်တဲ့ သူတွေကို စောင့်ကြည့်ဖမ်းဆီးမယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းသု၀ဏ္ဏကွင်းအနီးတွင် နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်မှစတင်၍ လူအသွားအလာ မရှိသလောက် နည်းပါးသွားပြီး လမ်းပေါ်တွင် မိနစ် ၃၀ အတွင်း ကား ၁၀ စီးဝန်းကျင်သာ သွားလာတော့ကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင်မူ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှစတင်၍ ယာဉ်အသွားအလာ လုံး၀ ကင်းရှင်းသွားကြောင်း၊ ပုံမှန် နေ့စဉ်နေ့တိုင်း ယာဉ်ကြောပိတ်ဆို့လေ့ရှိသော အင်းစိန် အောင်ဇေယျကြိုးတံတားပေါ်တွင် ယာဉ်အသွားအလာ မရှိသလောက် နည်းပါးသွားကြောင်း သိရှိရသည်။

    “ပုံမှန် အမြဲ ရန်ကုန်ဘက်အသွား ကားပိတ်နေတဲ့ အင်းစိန်ကြိုးတံတားပေါ်မှာ ကားပိတ်ဖို့ မပြောနဲ့ ကားဖြတ်သန်းသွားလာတာ အတော်ကို ကျဲသွားတာ။ တံတားပေါ်မှာလည်း ရှင်းလင်းနေတာ။ ဘူး၀နဲ့ အင်းစိန်စျေးရှေ့မှာလည်း စျေးသည်နဲ့ ဆိုင်ခန်းတွေပဲ ရှိတယ်။ လူကို မရှိတာ” ဟု အင်းစိန်မြို့နယ်၊ မျိုးချစ်လမ်းတွင် နေထိုင်သော ပြည်သူတစ်ဦးက ရှင်းပြသည်။

    ရန်ကုန်မြို့လယ်ခေါင်တွင်လည်း ယနေ့ နံနက် ၁၁ နာရီမှစတင်၍ လိုင်းကားကြီးများမှအပ ယာဉ်အသွားအလာ အလွန်လျော့ကျသွားကြောင်း၊ ပုံမှန် လူအသွားအလာ ရှုပ်ထွေး စည်ကားနေသော မဟာဗန္ဓုလလမ်း၊ ပန်းဆိုးတန်းလမ်း၊ အနော်ရထာလမ်းနှင့် ကမ်းနားလမ်းတွင် ယာဉ်အသွားအလာ အလွန်ကျဲသွားကြောင်း သိရှိရသည်။