စစ်တပ်က မြို့ကို ပိတ်၍ စစ်ဆေးရေး လုပ်နေစဉ် ဗုံးပေါက်ကွဲပြီး စစ်တပ်ဘက်မှ ၂ ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အသံတိတ်သပိတ် ရာနှုန်းပြည့်အောင်မြင်ကြောင်း ဖားကန့်ဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်နှင့် သပိတ်အင်အားစုများက ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင်မှ စတင်ပြီး ဖားကန့်တစ်မြို့လုံးတွင် အသံတိတ်သပိတ်အဖြစ် ပြည်သူများက ပါဝင် ဆင်နွှဲကြပြီး လမ်းပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း၊ စစ်တပ်၊ရဲနှင့် ပြည်သူ့စစ်၊ပျူစောထီးများ သာကျန်ရစ်ကြောင်း၊ စစ်တပ်ကလည်း ဖားကန့်မြို့ကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ဖားကန့်တစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးနေစဉ် ဖားကန့်မြို့လယ် ဘေလီတံတားထိပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
“ဗုံးပေါက်တဲ့အချိန် ပြည်သူက လမ်းပေါ်မှာ မရှိဘူး။ စခနဲ့ ပျူတွေပဲရှိတာ။ ၂ ဦးဒဏ်ရာရသွားတယ်။ ဖားကန့်မှာ အသံတိတ် သပိတ်က ရာနှုန်း ပြည့်အောင်မြင်ပါတယ်” ဟု ဖားကန့်သပိတ်အင်အားစုမှ သတင်းရင်းမြစ်က ပြောဆိုသည်။
ဖားကန့်မြို့နယ်တွင် KIA နှင့် PDF များက အဓိက စိုးမိုးထားပြီး ဖားကန့်မြို့လယ်တွင် စစ်တပ်က အထိုင်ချ တပ်စွဲထားခြင်းကြောင်း၊ လတ်တလော စစ်တပ်စစ်ကြောင်းများကဖားကန့်မြို့ သို့ စစ်ကြောင်းထိုးလာနေပြီး လာမည့် ကာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စစ်တပ်က ကြိုးစားနေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။












Leave a Reply