Category: News

  • DJ Violet ကို အားလုံးကိုယ်စား ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း

    DJ Violet ကို အားလုံးကိုယ်စား ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃာ့နာယက အဖွဲ့က ခံဝန်ထိုးခိုင်း

    ကလပ်တခုမှာ ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို DJ တီးခတ်ခဲ့တဲသူ DJ – Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃနာယက အဖွဲ့အစည်းက ခံဝန်ထိုးခိုင်းမယ်လို့ သိရပါတယ်။

    စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သံဃာ့နာယကအစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၆ ရက်နေ့မှာ DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို အရေးယူတဲ့အနေနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းဖို့ စာထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

    ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို ကလပ်မှာ DJ တီးခတ်ကာ ဖျော်ဖြေခဲ့တဲ့ DJ Violet က သူ့ရဲ အမှားကို သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အပါဝင် ဆရာတော် ၅ ပါးကို ဝန်ချတောင်းပန်ခဲ့ကာ ဆရာတော် ၅ ပါးက ခွင့်လွှတ်ကြေအေးပေးခဲ့ကြတယ်လို့ သိရပါတယ်။

    “ခွင့်လွှတ်ဖို့ တောင်းပန်လို့ ဆရာတော် ၅ ပါးက ကြေအေးပေးတယ်။ ပြီးတော့ ပေါက်ကိုယ်တော်ကိုလည်း ဖုန်းဆက်ပြီး တောင်းပန်တယ်။ သူလည်း လက်ခံတယ်။ အဲ့ဒါကို စစ်တပ် ဘောမတွေက မကျေနပ်လို့ အမှုဖွင့်တယ် ဖမ်းတယ်။ ခု ဆရာတော်တွေကိုပါ ခံဝန်ထိုးခိုင်းနေပြီ။ ဘုရားရှင်တောင် တောင်းပန်ရင် ခွင့်လွှတ်ရတာပဲလေ။ ခု ခွင့်လွှတ်ပေးတဲ့ ဆရာတော်တွေကိုပါ ဆွဲစိချင်နေကြတယ်ထင်တယ် ” လို့ ဆိုရှယ်မီဒီယာအသုံးပြုသူ တဦးက ပြောပါတယ်။

    မခင်ထွေးထွေးမွန် (ခ) DJ Violet တောင်းပန်မှုကို လက်ခံကာ ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နောက်နောင်အခုလိုကိစ္စတွေမှာ ခွင့်မလွှတ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    “ဆရာတော်တွေကို ခေါ်ပြီး ခုလို ခွင့်လွှတ်တာက သံဃာ့နာယက လက်စွဲနဲ့ မညီဘူး၊ နောက်နောင် စော်ကားလာရင် ဘယ်လိုလုပ်မလဲ၊ သံဃာအဖွဲ့တွေကို အကာအကွယ်ယူပြီး စော်ကားလာရင် ဘယ်လိုလုပ်မလဲဆိုပြီး ဆူတယ်ပြောတယ်။ လက်မှတ်ခေါ်ထိုးခိုင်းမယ်ပြောတယ် ” လို့ နောက်ထပ် ဆရာတော်တပါးက ပြောပါတယ်။

    လက်ရှိမှာတော့ စစ်ကော်မရှင်က ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေး ကို DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ DJ Violet နဲ့အတူ Cover Club ဆိုင်ပိုင်ရှင်အပါဝင် ဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထားပြီး ဆိုင်ကိုလည်း ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံထားရတဲ့ DJ Violet အပါဝင် ၄ ဦးကိုတော့ အမှတ်(၉) မြို့မရဲစခန်း မဟာအောင်မြေမြို့နယ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

  • ထားဝယ်ခရိုင်အနှံ့အပြား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

    ထားဝယ်ခရိုင်အနှံ့အပြား စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ နေရာအနှံ့အပြားကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာသား ၂ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်ရှိ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဝေဒီ၊ ကြက်ယက်တွင်း၊ ကျောက်တွင်း၊ သပြေရှောင်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုး စတဲ့ ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

    ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ကိုမင်းလွင်ဦးက “စစ်ကောင်စီရဲ့ Y 12 လေယာဥ်က မနက် ၁၁ နာရီဝန်းကျင်လောက်မှာ လောင်းလုံးကျွန်းဆွယ်တလျှောက် သရက်ချောင်းဘက်ကို ပတ်ပြီး ကျေးရွာတွေကို ဗုံးလိုက်ချနေတယ်။ လောင်းလုံးဘက်မှာက ၄ ရွာဆက်တိုက် ဗုံးသီး ၂ လုံး ၃ လုံး ချပြီး ကြဲသွားတယ်။ ဝေဒီရွာမှာဆို ဗုံး ၄ လုံးကျတယ်” လို့ ပြောပါတယ်။

    အဆိုပါတိုက်ခိုက်မှုအတွင်း ဝေဒီကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းကို ဗုံးတလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ယောက် သေဆုံးကာ ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ DDMSC ဆီက သိရပေမဲ့ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းက ထိခိုက်သေဆုံးမှုကိုတော့ အတည်ပြုနိုင်ဖို့ DVB အနေနဲ့ ကြိုးစားနေဆဲပါ။

    ထားဝယ်မြို့ခံတယောက်က “လောင်းလုံးဘက်က ထိခိုက်ဒဏ်ရာရသူတွေက ကားမှာ အလံဖြူထောင်ပြီး ထားဝယ်မြို့ပေါ် တက်လာတာ တွေ့တယ်။ ၄ စင်းလောက်ရှိတယ်။​ လူနာတင်ကားတွေနဲ့ လာတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က အခုလိုမျိုး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ ထားဝယ်မြို့ပေါ်က မြို့တော်ခန်းမဖွင့်ပွဲကို စစ်ကောင်စီအကြီးအကဲတချို့ ရောက်ရှိနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

  • စစ်ကောင်စီတပ်သားများ အမြန်အလင်းဝင်ကြရန် ကလေးခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့ တိုက်တွန်း

    စစ်ကောင်စီတပ်သားများ အမြန်အလင်းဝင်ကြရန် ကလေးခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့ တိုက်တွန်း

    ထိုးစစ်ကြီးမစခင် စစ်ကောင်စီတပ်သားများ အမြန်အလင်းဝင်ကြရန် ကလေးခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့ တိုက်တွန်း

    အလင်းဝင်တပ်သားသစ်အများစု ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီ၊ မကွေးတိုင်းကဖြစ်၍ ယင်းဒေသရှိ လူငယ်များဂရုစိုက်ကြရန် သတိပေး

    အာဏာသိမ်းစစ်ကောင်စီတပ်သားများအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့်အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြရန် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ဒရုန်းတပ်ဖွဲ့တာဝန်ခံက ပြောကြားသည်။

    ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ Wings of Kalay ထံသို့ စစ်ကောင်စီတပ်သား ၁၄ဦး လက်နက် ၇လက် ယူလာပြီး အလင်းဝင်ရောက်ခဲ့မှု အခြေအနေနှင့် ရှင်းလင်းပြောကြားစဉ် စစ်ကောင်စီတပ်တွင်း ကျန်နေသည့် စစ်ကောင်စီတပ်သားများကို ယခုကဲ့သို့တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်နှင့် ဩဂုတ် ၂လတာအတွင်း Wings of Kalay ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၁၄ဦး ရှိသည်ဟုဆိုသည်။

    “အလင်းဝင်လာပြီဆိုလည်း လက်နက်ခဲယမ်းနဲ့အ ပြည့်အစုံနဲ့ အလင်းဝင်လာရင်တော့ ပိုလို့အကောင်းဆုံးပဲ။ အဲဒီကနေ ပြည်သူ့ရင်ခွင်က ချီးမြှင့်တဲ့ ငွေရေး ကြေးရေးလေးနဲ့ အပြင်လောကမှာ နေထိုင်တာပဲ ဖြစ်ဖြစ် ကျနော်တို့ တပ်ဖွဲ့တွေထဲမှာပဲ စစ်ကောင်စီကို ပြန်လည်တွန်းလှန်တိုက်ခိုက်မှာပဲ ဖြစ်ဖြစ် ပါလာတဲ့ လက်နက်ခဲယမ်းနဲ့တိုက်ခိုက်လို့ရတာပေါ့” ဟု ကလေးခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

    စစ်ကောင်စီတပ်တွင်း ကျန်နေသည့် စစ်ကောင်စီတပ်သားများ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် အမြန်ဆုံးချိတ်ဆက်ရန်လည်း ၎င်းက တိုက်တွန်းသည်။

    “ မကြာခင်လည်း တနိုင်ငံလုံး အနေနဲ့ ထိုးစစ်ကြီးလည်း ဆင်နွှဲတော့မှာ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်က တကယ်ကိုဆင်နွှဲကာချမှ စခန်းထဲတိုက်ခါမှ ကျည်ကုန်သွားလို့ လက်မြောက်တာကျတော့ လုံး၀ အဆင်မပြေဘူး။ အခုအချိန်မှာ တယောက်နဲ့ တယောက် သေနတ်တွေမပစ်ရခင် တယောက်နဲ့တယောက် ကိုယ်ပစ်သူပစ် မပစ်ရ ခင်လေးမှာ အတက်နိုင်ဆုံး ဖုန်းနဲ့သော်လည်းကောင်း အင်တာနက်နဲ့သော်လည်းကောင်း နီးစပ်ရာ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ သော်လည်းကောင်း ဒါမျိုးတွေအမြန်ဆုံး ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်အမြန်ဆုံးခိုလှုံကြပါလို့ကျနော်တို့တိုက်တွန်းချင်ပါတယ်” ဟု ကလေးခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့ တာဝန်ခံက ပြောသည်။

    ကလေးခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့ Wings of Kalay ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးသည် စစ်ကောင်စီတပ်က ပေါ်တာဆွဲ အဓမ္မ စုဆောင်းခဲ့သူများဖြစ်ပြီး ၎င်းတပ်သားသစ်အများစုမှာ ရန်ကုန်၊ ပဲခူး၊ ပြည်၊ ဧရာ၀တီ စသည့် ဒေသများမှ ဖြစ်သည်ဟု ပြောသည်။

    “အဲဒီဘက်က ပြည်သူတွေကို ပြောချင်တာက ဂရုစိုက်ပါ။ စကစတွေပေါ်တာမဆွဲခင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တွေ၊ ပကဖတွေ နီးစပ်ရာ ERO အဖွဲ့အစည်းတွေမှာ လွတ်မြောက်နယ်မြေတွေလည်းရနေပါပြီ။ အဲဒီ လွတ်မြောက်နယ်မြေတွေမှာ အချိန်မီသွားပြီးခိုလှုံကြပါ ။ အဓိကအားဖြင့် လူငယ်တွေကိုတိုက်တွန်းချင်တယ်” ဟု ကလေးခရိုင် ပကဖ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

    စစ်ကောင်စီဘက်က ပေါ်တာဆွဲ၍ ပါသွားပါက အသက်အာမခံချက်မရှိကြောင်း ၎င်း ကဆိုသည်။

    “ကျနော်တို့ ဘက်မှာ ဆိုရင်တော့ လူကို လူလို ဆက်ဆံတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့အတွက် လူကို လူလိုဆက်ဆံတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက် ဝင်ဖို့ပဲ ကျနော်တို့က အကြံပေးတယ်” ဟု ပကဖ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

    စစ်ကောင်စီက နည်းမျိုးစုံဖြင့်ပေါ်တာဆွဲသည့် ဖြစ်စဉ်များ နိုင်ငံတဝန်း ဖြစ်ပေါ်နေ၍ ဂရုစိုက်ကြရန်လည်း လူငယ်များကို ၎င်းက ထပ်လောင်းတိုက်တွန်းသည်။

    စစ်အာဏာရှင်အမြစ်ပြတ်မှ အဆင်ပြေမည်ဖြစ်၍ တော်လှန်ရေး လုပ်ကြရန် လူငယ်များကို တိုက်တွန်းသည်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး အထွေထွေထိုးစစ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ကြောင်း ယခုလအတွင်း အသိပေးပြောကြားထားသည်။

    (ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ Wings of Kalayမှ ရဲဘော်တဦး ဒရုန်းလွှတ်တင်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ − Wings of Kalay)

  • မြန်မာနိုင်ငံရှိ တရုတ်၏ “အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”

    မြန်မာနိုင်ငံရှိ တရုတ်၏ “အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်”

    Geedge Networks ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာပိတ်ပင်ရေး “မဟာရံစနစ်” ကို စီးပွားဖြစ်လုပ်ငန်း တစ်ခုအနေဖြင့် မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့ပြီး၊ တရားမဝင်စစ်အုပ်စုအတွက် အင်တာနက်သုံးစွဲသူ ၃၃.၅ သန်း၏ အွန်လိုင်းလှုပ်ရှားမှုများ အပေါ် မကြုံစဖူးထူးကဲသော ရယူထိန်းချုပ်နိုင်မှုကို ပေးအပ်ထားသည်။

    Geedge ၏ အဓိကမိတ်ဖက်သည် စစ်အုပ်စုထိန်းချုပ်ထားသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန (MOTC) ဖြစ်ပြီး၊ အမျိုးသားဆိုက်ဘာလုံခြုံရေးစင်တာ (NCSC) မှတဆင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းဝန်ကြီးဌာနကို စစ်အုပ်စုက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း တရားမဝင်ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

    MOTC သည် ဒစ်ဂျစ်တယ်မူခင်းနည်းပညာ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် “ဥပဒေကြောင်း အရကြားဖြတ်ဖမ်းယူခွင့်” တို့ကို အဓိကကိုင်တွယ်ဆောင်ရွက်ရပြီး၊ စစ်အုပ်စုအတွက် ဖုန်းခေါ်ဆို မှုများနှင့် အင်တာနက်လှုပ်ရှားမှုအသွားအလာများအပေါ် အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်စေ ခဲ့သည်။

    မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးကုမ္ပဏီ ၁၃ ခုတို့သည် Geedge ၏ ဘက်စုံနည်းပညာမြင့် စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာပိတ်ပင်ရေးနည်းပညာများ တပ်ဆင်အသုံးပြု လည်ပတ်နေမှုတွင် စစ်အုပ်စုကိုယ်စား ဆောင်ရွက်ပေးနေသည့် အလွန်အရေးပါသောကုမ္ပဏီများ ဖြစ်ကြသည်။

    ၂၀၂၂ ခုနှစ်တွင် Geedge နည်းပညာရှင်များသည် ၎င်းတို့၏ Tiangou Secure Gateway (TSG) စနစ်တပ်ဆင် စမ်းသပ်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ လေ့ကျင့်သင်ကြားမှုများတွင်

    NordVPN နှင့် ProtonVPN တို့ကဲ့သို့သော ဗွီပီအန်များအား ပိတ်ပင်ခြင်း
    Youtube အား ကန့်သတ်ပိတ်ပင်ခြင်း
    Viber အသံဖြင့်ဖုန်းခေါ်ဆိုမှုများအား ထိန်းချုပ်ခြင်းတို့ ပါဝင်သည်။

    Geedge စာချုပ်တွင် ၎င်းတို့၏ အဓိကစောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများ ပါဝင်သည်။ ယင်းတို့မှာ

    ️ အင်တာနက်ကျော်ခွသုံးစွဲသူများအား ခြေရာခံရန် ဗဟိုထိန်းချုပ်ထားသော စီမံမှုနှင့် ဆိုက်ဘာ ဇာတ်ကြောင်းဖော် နည်းနာများ
    ️ သုံးနှစ် အခမဲ့အဆင့်မြှင့်တင်ပေးမှုများ၊ လုပ်ငန်းခွင်ပံ့ပိုးမှုများနှင့် ဟာ့ဝဲလ်ပြောင်းလဲတပ်ဆင်မှုများ နှင့်
    ️ မြန်မာနိုင်ငံတွင် Geedge အင်ဂျင်နီယာများ ဆက်လက်ခန့်ထားခြင်းတို့ ဖြစ်သည်။

    ⚠️ Geedge သည် တရားမဝင်စစ်အုပ်စုအား တက်ကြွလှုပ်ရှားသူများအပေါ် ခြေရာခံဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများတွင် ၎င်းတို့၏ စွမ်းဆောင်ရည်များ မြှင့်တင်ရန် ကူညီပေးခဲ့ပြီး၊ ယင်းအကူအညီသည် အဆိုပါရာဇဝတ်မှုများတွင် အားပေးကူညီမှုမြောက်နိုင်သည်။

    Geedge သည် တရုတ်အစိုးရနှင့် အလွန်နီးကပ်သည့် ဆက်နွှယ်မှုရှိပြီး၊ မြန်မာနိုင်ငံသို့ ၎င်းတို့စနစ်များ တင်ပို့ရောင်းချခြင်းသည် ခါးပတ်နှင့်လမ်းစီမံကိန်းနှင့်လည်း ကိုက်ညီနေသည်။ မြန်မာနိုင်ငံတွင်း ပြည်သူများအပေါ် တင်းတင်းကြပ်ကြပ်စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် ဖိနှိပ်ခြင်းများတွင် တရုတ်၏ ပါဝင်မှုသည် ၄င်း၏ ကျယ်ပြန့်နှံ့စပ်သည့် ကြံရာပါပတ်သက်မှုများထဲမှ တစိတ်တပိုင်းပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာစစ်အုပ်စုအတွက် အဓိကစစ်လက်နက် ရောင်းချပေးသည့်နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေးကူညီလျက်ရှိသည်။

    Geedge Networks နှင့် ခေါင်းဆောင်မှုတွင်ပါဝင်သူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်သည်။ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုအတွက် Geedge Networks ၏ စီမံအုပ်ချုပ်သူများနှင့် ခေါင်းဆောင်မှုရာထူးများရှိ လူပုဂ္ဂိုလ်များအပေါ် နိုင်ငံတကာရာဇဝတ်ကြောင်း အရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရမည် ဖြစ်သည်။

    တရုတ်အစိုးရအနေဖြင့် စစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် ဆက်စပ် လေ့ကျင့်သင်ကြားမှုများနှင့် ပံ့ပိုးမှုများကို ချက်ချင်း ရပ်တန့်ရမည် ဖြစ်သည်။

  • ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်

    ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်

    ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု အသက် ၉ နှစ်အရွယ် ကလေးငယ် မမေမြတ်နိုးသွယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံး

    ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်နှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် မမေမြတ်နိုးသွယ် အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့တွင်းရှိ အကြမ်းဖက် စစ်တပ် က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာ၊ မှော်ရှန် ရပ်ကွက်အတွင်းသို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မမေမြတ်နိုးသွယ် ပွဲချင်းပြီး သေဆုံးကာ ညီမ ဖြစ်သူ မခင်မြတ်နိုး ၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်လင်းဦး နှင့် အသက် ၆၀ အရွယ် ဒေါ်ဝင်း တို့လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

    “ဒီနေ့ ညနေ စကမရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုမှာ ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက် အထက်ဘက်က နေအိမ်နှစ်လုံးထိမှန်ခဲ့ပြီး ၉ နှစ်အရွယ် မမေမြတ်နိုးသွယ် သေဆုံးခဲ့ရသလို ညီမဖြစ်သူ မခင်မြတ်နိုး သွယ် လက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အလားတူ အသက် ၆၀ အရွယ် အဘွားဝင်း၊ အသက် ၁၇ အရွယ် မောင်အောင်လင်းဦးနဲ့ မသင်ဇာနွယ်တို့လည်း ထိခိုက် ဒဏ်ရာ အသီးသီးရရှိခဲ့ကြတာဖြစ်ပါတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    အလားတူ ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဘောလုံးကွင်းအနီး၌ အမျိုးသား ၁ ဦး ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ရှရော်ခကျေးရွာ ကက်သလစ်ဘုရားကျောင်းဝင်းစောင့်နေသော အမျိုးသား ၁ ဦးလည်း ဗျူဟာကုန်းမှ ပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

    ထို့ပြင် ယနေ့ နံနက် ၁၀ နာရီခွဲခန့်ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်၊ မုန့်ဈေးဆိုင်ရှေ့တွင်လည်း စစ်သားများက အမျိုးသား တစ်ဦးကို ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဖားကန့်မြို့၊ ဆိုင်းဂျာဘွမ်ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ဖားကန့်မြို့တွင်းနှင့် ဗျူဟာကုန်းတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ မြို့အနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် အရပ်သား ပြည်သူများကို နေ့စဉ် ဗုံးကျဲ ပစ်ခတ် သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ နှင့် ဒီးမော့ဆိုမြို့နယ်၊ တနန်းဥကွိုင်ရွာ ဘုရားကျောင်းတို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်ရှိ ရတနာစိမ်း ကုမ္ပဏီဝင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဖားကန့်ဒေသပြည်သူများက ပြောဆိုသည်။

    ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်ရှိ ရတနာစိမ်း ကုမ္ပဏီဝင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ရတနာစိမ်း ကုမ္ပဏီဝင်း အတွင်းထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

    “ဖားကန့် ဆိပ်မူကျေးရွာကို ညသန်းခေါင်ယံအချိန် စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ရတနာစိမ်း ကုမ္ပဏီဝင်းအတွင်းမှာတော့ ထိခိုက်ပျက်စီးမှုရှိတယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့တွင်းရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာ၊ မှော်ရှန် ရပ်ကွက်အတွင်း သို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မမေမြတ်နိုးသွယ် ပွဲချင်းပြီး သေဆုံးကာ ညီမ ဖြစ်သူ မခင်မြတ်နိုး ၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်လင်းဦး နှင့် အသက် ၆၀ အရွယ် ဒေါ်ဝင်း တို့လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

    ထို့ပြင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တနန်းဥကွိုင်ရွာ ဘုရားကျောင်းကိုလည်း အကြမ်းဖက် စစ် တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Karenni People’s Voice က သတင်းဖော်ပြသည်။

    စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ပိုင်း ဒီးမော့ဆိုမြို့နယ်၊ တနန်းဥကွိုင်ရွာ ဘုရားကျောင်းကို အကြမ်း ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေ ကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တနန်းဥကွိုင်ရွာ ဘုရားကျောင်းကိုလည်း အကြမ်းဖက် စစ် တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးနေစဉ်။

    Photo-KNDF