ကလပ်တခုမှာ ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို DJ တီးခတ်ခဲ့တဲသူ DJ – Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို သံဃနာယက အဖွဲ့အစည်းက ခံဝန်ထိုးခိုင်းမယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သံဃာ့နာယကအစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၆ ရက်နေ့မှာ DJ Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို အရေးယူတဲ့အနေနဲ့ ခံဝန်လက်မှတ်ထိုးခိုင်းဖို့ စာထုတ်ပြန်ခဲ့တာလို့ သိရပါတယ်။

‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေးသီးချင်းကို ကလပ်မှာ DJ တီးခတ်ကာ ဖျော်ဖြေခဲ့တဲ့ DJ Violet က သူ့ရဲ အမှားကို သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အပါဝင် ဆရာတော် ၅ ပါးကို ဝန်ချတောင်းပန်ခဲ့ကာ ဆရာတော် ၅ ပါးက ခွင့်လွှတ်ကြေအေးပေးခဲ့ကြတယ်လို့ သိရပါတယ်။

“ခွင့်လွှတ်ဖို့ တောင်းပန်လို့ ဆရာတော် ၅ ပါးက ကြေအေးပေးတယ်။ ပြီးတော့ ပေါက်ကိုယ်တော်ကိုလည်း ဖုန်းဆက်ပြီး တောင်းပန်တယ်။ သူလည်း လက်ခံတယ်။ အဲ့ဒါကို စစ်တပ် ဘောမတွေက မကျေနပ်လို့ အမှုဖွင့်တယ် ဖမ်းတယ်။ ခု ဆရာတော်တွေကိုပါ ခံဝန်ထိုးခိုင်းနေပြီ။ ဘုရားရှင်တောင် တောင်းပန်ရင် ခွင့်လွှတ်ရတာပဲလေ။ ခု ခွင့်လွှတ်ပေးတဲ့ ဆရာတော်တွေကိုပါ ဆွဲစိချင်နေကြတယ်ထင်တယ် ” လို့ ဆိုရှယ်မီဒီယာအသုံးပြုသူ တဦးက ပြောပါတယ်။

မခင်ထွေးထွေးမွန် (ခ) DJ Violet တောင်းပန်မှုကို လက်ခံကာ ခွင့်လွှတ်ပေးခဲ့တဲ့ ဆရာတော် ၅ ပါးကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က နောက်နောင်အခုလိုကိစ္စတွေမှာ ခွင့်မလွှတ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

“ဆရာတော်တွေကို ခေါ်ပြီး ခုလို ခွင့်လွှတ်တာက သံဃာ့နာယက လက်စွဲနဲ့ မညီဘူး၊ နောက်နောင် စော်ကားလာရင် ဘယ်လိုလုပ်မလဲ၊ သံဃာအဖွဲ့တွေကို အကာအကွယ်ယူပြီး စော်ကားလာရင် ဘယ်လိုလုပ်မလဲဆိုပြီး ဆူတယ်ပြောတယ်။ လက်မှတ်ခေါ်ထိုးခိုင်းမယ်ပြောတယ် ” လို့ နောက်ထပ် ဆရာတော်တပါးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်က ‘ဗုဒ္ဓ သရဏံ ဂစ္ဆာမိ’ ဓမ္မတေး ကို DJ တီးခတ်ဖျော်ဖြေခဲ့တဲ့ DJ Violet နဲ့အတူ Cover Club ဆိုင်ပိုင်ရှင်အပါဝင် ဝန်ထမ်းတချို့ကိုလည်း ဖမ်းဆီးထားပြီး ဆိုင်ကိုလည်း ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ DJ Violet အပါဝင် ၄ ဦးကိုတော့ အမှတ်(၉) မြို့မရဲစခန်း မဟာအောင်မြေမြို့နယ်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *