Category: News

  • နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေးလက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း

    နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေးလက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း

    🔴 နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေးလက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း

    အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အတွင်း နီပါးဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာခြင်းကြောင့် လူထုအတွင်း စိုးရိမ်ပူပန်မှုများ ရှိနေပါသည်။ ကာကွယ်ဆေးမရှိသေးသော ဗိုင်းရပ်စ်အကြောင်း ကြားရသည့်အခါ ကြောက်ရွံ့ခြင်းမှာ သဘာဝဖြစ်သော်လည်း၊ ကြိုတင်သိရှိနားလည်
    ထားခြင်းဖြင့် ဤအန္တရာယ်ကို ကာကွယ်နိုင်မည်
    ဖြစ်သည်။

    ⚠️ အဓိကမှတ်သားရန်အချက်များ

    ▫️ နီပါးဗိုင်းရပ်စ်၏ ရှေ့ပြေးလက္ခဏာများသည် သာမန်တုပ်ကွေးနှင့် ဆင်တူသော်လည်း လျင်မြန်စွာပင် ပြင်းထန်သော ဦးနှောက်ရောင်ခြင်း (Encephalitis) အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

    ▫️ ရောဂါပိုးကို စစ်ဆေးရာတွင် သာမန်သွေးစစ်ချက်ဖြင့် မရနိုင်ဘဲ အထူးပြုလုပ်ထားသော RT-PCR စစ်ဆေးမှုများ လိုအပ်သည်။

    ▫️လက်ရှိတွင် သီးသန့်ကုသဆေး မရှိသေးသဖြင့် ရောဂါလက္ခဏာပြသည်နှင့် ချက်ချင်းသီးသန့်ခွဲထားပြီး လိုအပ်သော ထောက်ပံ့ကုသမှုများ (Supportive Care) ကို ပေးရမည်ဖြစ်သည်။

    ⚠️ ရောဂါဖြစ်စဉ် အဆင့်ဆင့်ကို နားလည်ခြင်း

    ▫️နီပါဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီးနောက် ချက်ချင်းလက္ခဏာမပြတတ်ပါ။ ရောဂါပျိုးချိန် (Incubation Period) မှာ ပုံမှန်အားဖြင့် ၄ ရက်မှ ၁၄ ရက် အတွင်း ဖြစ်သော်လည်း၊ အချို့ဖြစ်ရပ်များတွင် ၄၅ ရက် အထိ ကြာမြင့်နိုင်သည်။

    ▪️အဆင့် (၁) – တုပ်ကွေးကဲ့သို့ လက္ခဏာပြခြင်း (Flu-like Stage)

    ကနဦးတွင် သာမန်ဖျားနာခြင်းနှင့် မှားယွင်းနိုင်သဖြင့် အောက်ပါလက္ခဏာများကို ဂရုပြုပါ:

    – ရုတ်တရက် အပြင်းဖျားခြင်း၊

    – ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊

    – ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊

    – လည်ချောင်းနာခြင်းနှင့် ပျို့အန်ခြင်း၊

    ▪️ အဆင့် (၂) – အန္တရာယ်ရှိ အာရုံကြောလက္ခဏာများ (Neurological Signs)

    ဤအဆင့်တွင် ဗိုင်းရပ်စ်သည် ဦးနှောက်ကို စတင်တိုက်ခိုက်လာသည်။

    – မူးဝေခြင်းနှင့် အလွန်အမင်း အိပ်ငိုက်ခြင်း၊

    – သတိလစ်ခြင်း သို့မဟုတ် လူ၊ နေရာ၊ အချိန်တို့ကို ဝေခွဲမရဘဲ စိတ်ရှုပ်ထွေးခြင်း၊

    – အသက်ရှူရ ခက်ခဲလာခြင်း၊

    – အကြောဆွဲခြင်း သို့မဟုတ် အတက်ရောဂါကဲ့သို့ ဖြစ်ခြင်း၊

    – ပြင်းထန်ပါက ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့မြောခြင်း (Coma) ဖြစ်သွားနိုင်သည်။

    ⚠️ ရောဂါပိုးကို မည်သို့ စစ်ဆေးသနည်း?

    နီပါဗိုင်းရပ်စ်ကို –

    အိမ်သုံးစစ်ဆေးကိရိယာ သို့မဟုတ် သာမန်သွေးစစ်ချက်ဖြင့် မသိနိုင်ပါ။

    • ရောဂါဖြစ်ပွားနေစဉ်

    နှာခေါင်း၊ လည်ချောင်း သို့မဟုတ် ဆီးနှင့် သွေးနမူနာများကိုယူ၍ RT-PCR နည်းဖြင့် စစ်ဆေးသည်။

    • ပြန်လည်ကျန်းမာလာချိန်

    ခန္ဓာကိုယ်အတွင်းရှိ ခုခံအား (Antibodies) ကို ELISA နည်းဖြင့် စစ်ဆေး၍ ယခင်က ကူးစက်ခံ
    ခဲ့ရခြင်း ရှိ၊ မရှိ အတည်ပြုသည်။

    🩺 ကာကွယ်ရေးလမ်းညွှန်ချက်များ (Do’s and Don’ts) ကုသဆေးမရှိသေးသဖြင့် ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

    • ထန်းရည်အစိမ်း မသောက်ပါနှင့်။

    လင်းနို့များ ကိုယ်တွင်းအရည်များဖြင့် ညစ်ညမ်းနေနိုင်သဖြင့် မသောက်မီ သေချာကျိုချက်ပါ။

    • သစ်သီးများကို သေချာဆေးပါ။

    လင်းနို့ကိုက်ရာပါသော အသီးများကို လုံးဝမစားပါနှင့်။ အသီးများကို အခွံနွှာစားပါ။

    • တိရစ္ဆာန်များနှင့် ကင်းကင်းနေပါ။

    အထူးသဖြင့် လင်းနို့နှင့် ဝက်များကို တိုက်ရိုက်ထိတွေ့ခြင်း ရှောင်ပါ။

    • လူနာပြုစုသူများ သတိထားပါ။

    Mask တပ်ပါ၊ လက်ကို မကြာခဏဆေးပါ။

    လူအချင်းချင်း ခန္ဓာကိုယ်ထွက်ရည်များမှတဆင့် ကူးစက်နိုင်သည်။

    အနောက်ဘင်္ဂလားပြည်နယ် နောက်ဆုံးရသတင်း

    ၂၀၂၆ ဇန်နဝါရီ အစီရင်ခံစာအရ မြောက်ပိုင်း (North 24 Parganas) အပါအဝင် နယ်စပ်ခရိုင်များတွင် သံသယဖြစ်ဖွယ် ကူးစက်မှုများရှိနေသဖြင့် ကျန်းမာရေးဌာနများက အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ထားသည်။

    ပြင်းထန်သော တုပ်ကွေးလက္ခဏာနှင့်အတူ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းတို့ တွဲဖြစ်လာပါက လုံးဝမပေါ့ဆပါနှင့်။

    အချိန်မီ ဆေးရုံတက်ရောက် ကုသခြင်းဖြင့် အသက်အန္တရာယ်မှ ကယ်တင်နိုင်ပါသည်။

    🇲🇲 မြန်မာနိုင်ငံသားများအတွက် အကြံပြုချက်

    အကယ်၍ အိန္ဒိယနိုင်ငံ (အထူးသဖြင့် ကာလကတ္တားနှင့် အနီးတဝိုက်) သို့ သွားရောက်ရန်ရှိပါက အထက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းအပ်ပါသည်။

  • ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည် ဥပဒေအတိုင်း ဆက်ရှိမယ်လို့ စစ်ကော်မရှင်ပြော

    ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည် ဥပဒေအတိုင်း ဆက်ရှိမယ်လို့ စစ်ကော်မရှင်ပြော

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ အလွန်ကာလတွေမှာလည်း ဥပဒေ အတိုင်းပဲ ဆက်ဖြစ်မယ်လို့ စစ်ကော်မရှင်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

    ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ စစ်တပ်က နိုင်ငံတကာသံရုံး တာဝန်ရှိသူတွေ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို သွားရောက်ပြသပြီးနောက် ပြင်ဦးလွင်လေဆိပ်က မထွက်ခွာမှီ မီဒီယာတစ်ချို့ရဲ့ မေးမြန်းမှုကို ဖြေဆိုခဲ့တာပါ။

    “ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုက နိုင်ငံရေးအမှုဆိုတာထက် ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ဟာတွေ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုတို့ ဘာတို့နဲ့ပတ်သက်ပြီး စွဲဆိုခံထားရတာဖြစ်ပါတယ်။ စွဲဆိုခံထားရတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အနေ ပြောမယ်ဆိုရင်တော့ တရားဥပဒေအတိုင်းပဲ ဆက်ဖြစ်ပါမယ်”

    လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်းနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း အမြဲမပြတ်ရှိတယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

    လက်ရှိကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရတက်လာပြီးရင် နိုင်ငံရေးထွက်ပေါက်တွေထဲက တစ်ခုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန် စစ်ကော်မရှင်ဘက်က အခုလို တုံ့ပြန်လာတာလည်း ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်ဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက အကျဥ်းချခံထားရတဲ့ မိခင်ဖြစ်သူလွတ်မြောက်ရေးအတွက် ဖမ်းဆီးအကျဉ်းချထားတဲ့ စစ်ကော်မရှင်ပါအဝင် နိုင်ငံတကာ ကိုပါ ဆက်တိုက် တောင်းဆိုနေပါတယ်။

    စစ်တပ်အာဏာသိမ်းချိန် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန် အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံး၀တွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်သွယ်ဖြတ်ခံထားရတာပါ။

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့က လူချင်းတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ စစ်ကော်မရှင်က လက်ရှိအချိန်ထိ ခွင့်ပြုထားတာ မရှိပါဘူး။

    အသက် ၈၀ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကော်မရှင်က စွပ်စွဲထားတဲ့ အမှု ၁၉ မှုအတွက် ထောင် ၃၃ နှစ် ကျခံနေရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ အမှု ၅ မှုအတွက် ၆ နှစ် လွတ်ငြိမ်း သက်သာခွင့် ရခဲ့တာကြောင့် ထောင်ဒဏ် ၂၇ နှစ်ကို ဆက်လက် ကျခံနေရတာ ဖြစ်ပါတယ်။ ​

    ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုတွေအတွက် သူ့မှာပြစ်မရှိကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့ တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

  • မှော်ဘီက CCTV Record

    မှော်ဘီက CCTV Record

    မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ

    ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

    အဲဒီဖြစ်စဉ်ဟာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

    “အဲဒီလူက ခေါင်းကို တွဲလောင်းယူပြီး ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။ ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။ ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။ တိုးဂိတ်ရောက်တော့ ခေါင်းကြီးပစ်ချခဲ့တယ်။ သူ့ကို အဲဒီ တိုးဂိတ်မှာပဲ ဖမ်းမိတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

    လူသတ်မှု ကျူးလွန်သူကို လုံခြုံရေးတပ်ဖွဲ့တွေက ရန်ကုန်မြို့ကနေ ထောက်ကြန့်ဘက်ကိုသွားတဲ့ သန္ဓေပင်ရွာအနီးက မှော်ဘီတိုးဂိတ်မှာ ဖမ်းဆီးခဲ့ခြင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းမြို့၊ မြို့မ‌ဈေး (အရှေ့ဘက်)၊ သမ၀ါယမရုံးရှေ့မှာ လင်မယားချင်း စကားများ ရန်ဖြစ်ပြီး ဇနီးဖြစ်သူ ဓားနဲ့အထိုးခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

    ဒါအပြင် ၂၀၂၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့ကလည်း ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာမှာ လင်မယားချင်း စကားများရာမှ ယောင်္ကျားဖြစ်သူက မိန်းမဖြစ်သူကို ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ မတ်လ ၁၁ ရက်နေ့ကလည်း ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းရှိ နေအိမ်တအိမ်မှာ လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

    ဓာတ်ပုံ – ဒေသခံ

    မှော်ဘီက CCTV Record တဲ့ ‼️

    မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရတာပါ။

    အဲဒီဖြစ်စဉ်ဟာ

    မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ Jan 24 ရက် ဒီကနေ့

    မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသ-တ်မှုကျူးလွန်သူ

    အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

    “အဲဒီလူက မိန်းမရဲ့ ခေါင်းကို တွဲလောင်းယူပြီး

    ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။

    ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။

    လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး

    ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။

    ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။

    တိုးဂိတ်ရောက်တော့ ယူလာတဲ့ခေါ-င်းကြီးပစ်ချခဲ့တယ်။

    သူ့ကို အဲဒီ တိုးဂိတ်မှာပဲ ဖမ်းမိတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။

    လူသ-တ်မှု ကျူးလွန်သူကို လုံခြုံရေးတပ်ဖွဲ့တွေက ရန်ကုန်မြို့ကနေ

    ထောက်ကြန့်ဘက်ကိုသွားတဲ့ သန္ဓေပင်ရွာအနီးက မှော်ဘီတိုးဂိတ်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

  • အိန္ဒိယတွင် လင်းနို့မှ ကူးစက်သော နီပါးဗိုင်းရပ်စ် ကူးစက်နေ

    အိန္ဒိယတွင် လင်းနို့မှ ကူးစက်သော နီပါးဗိုင်းရပ်စ် ကူးစက်နေ

    အိန္ဒိယတွင် လင်းနို့မှ ကူးစက်သော နီပါးဗိုင်းရပ်စ် ကူးစက်နေပြီး ကျန်းမာရေးဝန် ထမ်း ၅ ဦး ကူးစက်ခံရကာ လူ ၁၀၀ နီးပါးကို အသွားအလာကန့်သတ်ထား

    ကုသဆေးနှင့်ကာကွယ်ဆေးမရှိသေး

    အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့အနီးမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ Nipah (နီပါး) ဗိုင်းရပ်စ် ကူးစက်မှုတွေ ပေါ်ပေါက်လာတာကြောင့် အာဏာပိုင်တွေက အရေးပေါ် ထိန်းချုပ်မှုတွေ လုပ်ဆောင်နေပါတယ်။

    အခုနောက်ဆုံး သိရသလောက်ကတော့ ဆရာဝန် ၁ ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။

    ဒီကူးစက်မှုဟာ ကိုလ်ကတ္တားမြို့နဲ့ မဝေးတဲ့ ဘာရာဆတ် (Barasat) မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ စတင်တွေ့ရှိခဲ့တာပါ။

    အစပိုင်းမှာ သူနာပြုနှစ်ဦးမှာ ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာတော့ သူတို့နဲ့ ထိတွေ့မိတဲ့ ဆရာဝန်တစ်ဦးနဲ့ တခြားကျန်းမာရေးဝန်ထမ်းတွေဆီကို ထပ်မံကူးစက်သွားခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ လူနာတွေကို ကိုလ်ကတ္တား အရှေ့ပိုင်းမှာရှိတဲ့ ကူးစက်ရောဂါအထူးကုဆေးရုံ (Beleghata ID Hospital) ကို ရွှေ့ပြောင်းကုသပေးနေပါတယ်။

    လက်ရှိအခြေအနေ ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ ကူးစက်ခံရသူ ၅ ဦးအနက် သူနာပြု ၁ ဦးဟာ အသက်အန္တရာယ် အခြေအနေ တော်တော်လေး စိုးရိမ်ရပါတယ်။

    ကူးစက်ခံရသူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ခဲ့သူ လူပေါင်း ၁၀၀ နီးပါး ကိုလည်း ရောဂါမပြန့်ပွားအောင် နေအိမ်တွေမှာပဲ အသွားအလာ ကန့်သတ် (Quarantine) စောင့်ကြည့်ထားပါတယ်။

    ဒါဟာ အနောက်ဘင်္ဂလားပြည်နယ်မှာ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ပေါ်ပေါက်လာတဲ့ ကူးစက်မှုလည်း ဖြစ်ပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နီပါးဗိုင်းရပ်စ်ကို အထူးသတိထားရမယ့် ရောဂါပိုးစာရင်းမှာ ထည့်သွင်းထားပါတယ်။ ဒီရောဂါအတွက် ကာကွယ်ဆေး နဲ့ ကုသဆေး မရှိသေးဘဲ ဝေဒနာသက်သာအောင်ပဲ ပြုစုပေးလို့ ရပါတယ်။

    အဲဒီဗိုင်းရပ်စ်ကူးစက်ခံရရင် သေဆုံးနိုင်ခြေ မြင့်မားပြီး ကူးစက်ခံသူ ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေ ရှိပါတယ်။

    အဲဒီဗိုင်းရပ်စ်က အဓိကအားဖြင့် လင်းနို့ (အသီးစားလင်းနို့) တွေဆီကနေတစ်ဆင့် သူတို့ကိုက်ထားတဲ့ အသီးအနှံတွေ ဒါမှမဟုတ် သူတို့ရဲ့ တံတွေး၊ ဆီးကတစ်ဆင့် လူတွေဆီ ကူးစက်တတ်တာပါ။ အဲဒီကနေမှတစ်ဆင့် လူအချင်းချင်း ပြန်လည်ကူးစက်နိုင်ပါတယ်။

    အခုအခါ အိန္ဒိယကျန်းမာရေးဌာနက ရောဂါပိုးစတင်ရာ အရင်းအမြစ်ကို ရှာဖွေနေပြီး၊ ဒေသခံပြည်သူတွေကိုလည်း လင်းနို့ကိုက်ထားတဲ့ အသီးအနှံတွေ မစားဖို့နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရုစိုက်ဖို့ သတိပေးထားပါတယ်။

    လင်းနို့ကနေ ကူးစက်လာတဲ့ Nipah (နီပါး) ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်ရုံတင်မကဘဲ လူအချင်းချင်းလည်း ပြန်လည်ကူးစက်နိုင်တဲ့ (Human-to-Human Transmission) ရောဂါပိုးဖြစ်ပါတယ်။

    ဒါကြောင့်လည်း အခု အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမှာ ကျန်းမာရေးဝန်ထမ်း ၅ ဦး တစ်ပြိုင် နက် ကူးစက်ခံရတာဟာ လူနာဆီကနေတစ်ဆင့် ကူးစက်တာလို့ ယူဆရတဲ့အတွက် အာဏာပိုင်တွေက တော်တော်လေး စိုးရိမ်နေကြတာပါ။

    လူအချင်းချင်း ဘယ်လိုပုံစံနဲ့ ကူးစက်တတ်သလဲဆိုရင် တော့ ရောဂါပိုးရှိတဲ့သူရဲ့ တံတွေး၊ ဆီး၊ သွေး ဒါမှမဟုတ် နှာရည် စတဲ့ ခန္ဓာကိုယ်ထွက်ရည်တွေနဲ့ တိုက်ရိုက်ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။

    ရောဂါရှိသူကို အကာအကွယ်မပါဘဲ ပြုစုပေးတဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းတွေမှာ ကူးစက်ခံရလေ့ရှိပါတယ်။

    အဲဒီဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းကနေ တစ်ဆင့်ကူးစက်တတ်တာမို့ လူနာ ချောင်း ဆိုး၊ နှာချေရာကနေ ထွက်လာတဲ့ အမှုန်အမွှားတွေကတစ်ဆင့်လည်း ကူးစက်နိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

    လူအချင်းချင်း ကူးစက်မှုကို ကာကွယ်ဖို့အတွက် ရောဂါပိုးရှိသူ (သို့မဟုတ်) သံသယရှိသူနဲ့ နီးနီးကပ်ကပ် ထိတွေ့တာကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

    လက်ကို ဆပ်ပြာနဲ့ ခဏခဏ စနစ်တကျ ဆေးကြောပြီး လူနာကို ပြုစုရမယ်ဆိုရင် Mask၊ လက်အိတ် စတဲ့ ကာကွယ်ရေးပစ္စည်းတွေကို သေချာသုံးစွဲဖို့လည်းလိုပါတယ်။

    လင်းနို့ကိုက်ထားတဲ့ အသီးအနှံတွေကို လုံးဝမစားဖို့လိုပါတယ်။ ဒါကတော့ တိရစ္ဆာန်ကနေ စတင်ကူးစက်မှုကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်။

    ဒီဗိုင်းရပ်စ်ဟာ ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးတဲ့အတွက် ကူးစက်မခံရအောင် ကြိုတင် ကာကွယ်ဖို့က အထိရောက်ဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

  • ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲ

    ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲ

    ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၅၅ ယောက် ထိခိုက်သေဆုံး

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၅၅ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။

    ဦးစွာ တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းမရှိသေးတဲ့ ဇန်နဝါရီ ၇ ရက် နေ့လည် ၁၂ နာရီလောက်မှာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ရေဖြူကျေးရွာရှိမဲရုံကို ပြည်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၃) ရဲဘော်များက ဝင်ရောက်ရှာဖွေပြီး မဲစာရင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    ဒီလို မဲစာရင်းတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ ပေါက်ခေါင်းမြို့နယ်၊ ရေဖြူကျေးရွာဖက်ကို ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ရေဖြူကျေးရွာကို အင်အား ၆၀ ဝန်းကျင် နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဇန်နဝါရီ ၈ ရက်၊ မနက် ၉ နာရီလောက်မှာ ပြည်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၃) ရဲဘော်များ နဲ့ ပေါက်ခေါင်းမြို့နယ် (ပကဖ)တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ငါးယောက် သေဆုံးခဲ့ပြီး၊ စစ်ကော်မရှင်တပ်သားတွေကလည်း ၄၀ မမဗုံးသီး နှစ်လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

    တစ်ရက်တည်းမှာပဲ ပြည်မြို့ကနေ ပေါက်ခေါင်းမြို့နယ်ဘက်ကို မဲပုံးများတင်ဆောင်လာတဲ့ စစ်ကော်မရှင်ယာဉ်တန်း (၁၂) စီးရဲ့ ယာဉ်တန်းများကို လုံခြုံရေးယူပေးနေတဲ့ တပ်သား ၁၂ ယောက် လိုက်ပါလာတဲ့ Light Truck တစ်စီးကို ပြည်−ပေါက်ခေါင်းလမ်းပိုင်း ရေဖြူကျေးရွာအနီးမှာ ပြည်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၃) ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

    အလားတူ ဇန်နဝါရီ ၉ ရက် ည ၁၀ နာရီခွဲလောက်မှာလည်း ပေါက်ခေါင်းမြို့နယ် တောင်လည်ကျေးရွာကနေ ပေါက်ခေါင်းမြို့ဘက်ကို ပြန်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ဖော ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်သား ငါးယောက် သေဆုံးခဲ့ပါတယ်။

    ထပ်မံပြီး ပေါက်ခေါင်းမြို့နယ် သာယာကုန်းရွာ သင်္ချိုင်း နဲ့ ကန်စုစာသင်ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကော်မ ရှင်တပ်သားတွေကို ဇန်နဝါရီလ ၁၀ ရက် နေ့လယ် ၃ နာရီကျော်လောက်မှာ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) ၊ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၃) နဲ့ ပေါက်ခေါင်းမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ အပြန်အလှန်ထိတွေ့မှု ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြန်ပါတယ်။

    ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီကျော်လောက်မှာလည်း စစ်ကော်မရှင်တပ် ပေါက်ခေါင်းမြို့ ချင်းလည်စစ်ဆေးရေးဂိတ်ကနေ အင်အား ၂၀၀ ဝန်းကျင် နဲ့ ထွက်ခွာလာချိန်မှာ စန်းကုန်းကျေးရွာနားအ ရောက်မှာ ပြည်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၃) ၊ တပ်ခွဲ (၄) ၊ ပြည်ခရိုင်တပ်ရင်း (၁) ၊ တပ်ခွဲ (၁) ၊ ရွှေတောင်ပကဖ နဲ့ ပေါက်ခေါင်းပကဖ တို့က ၆၀ မမဗုံးသီးနဲ့ ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

    ဒါ့အပြင် အရှေ့ကြို့ကုန်းကျေးရွာကနေ ကောင်းစည်ရွာအနောက်ဘက် မုံညှင်းကွင်းဘက်ကို ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကိုလည်း ဇန်နဝါရီ ၁၄ ရက် မနက် ၈ နာရီခွဲလောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုလိုကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဖိုးကျော့ကွင်းကျေးရွာထဲကို ဆက်လက်ဝင်ရောက်သွားတဲ့အတွက် အဲဒီနေ့ မနက် ၁၀ နာရီ ၅၀ လောက်မှာပဲ ပျားထိုးကျွန်းရွာအနီးမှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထပ်မံထိတွေ့မှုဖြစ်ပွားခဲ့လို့ စစ်ကော်မရှင်တပ်သား ၂၀ ဝန်းကျင် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ဇန်နဝါရီ ၁၆ ရက် မနက် ၄ နာရီ ၁၅ မိနစ်လောက်ကလည်း ပေါက်ခေါင်းမြို့နယ် ဘော်လုံးကွင်းကနေ တောင်လည်တာဝါတိုင်အထိုင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကော်မရှင်တပ် သား ၃၅ ယောက်ကို ကြို့ကုန်းကျေးရွာနားအရောက်မှာ ပြည်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၃) နဲ့ ရွှေတောင် (ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကော်မရှင်တပ်သားငါးယောက် သေဆုံးခဲ့ပါတယ်။

    ဇန်နဝါရီ ၁၈ ရက် မနက် ၁ နာရီလောက်မှာလည်း တောင်လည်ကျေးရွာကနေ ပေါ်လံကြီးကျေးရွာဘက်ကို အင်အား ၁၃၀ ဝန်းကျင်နဲ့ ထွက်ခွာလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ညောင်ဝန်းကျေးရွာ နဲ့ ရှောက်ပင်ကျွန်းတောနားအရောက်မှာ ပြည်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၃) ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မရှင်တပ်ဘက်မှ ၂၀ ဝန်းကျင်ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

    အဆိုပါ ၁၀ ရက်ကြာတိုက်ပွဲအတွင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိခဲ့ပေမဲ့၊ ပြည်သူတစ်ယောက်ကတော့ အကြမ်းဖက်စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက် နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    “ကိုယ့်ဖက်က ရဲဘော်တွေ အထိခိုက်မရှိပါဘူး၊ တိုက်ပွဲအတွင်း ထုတ်ပြန်ချက်ထဲမှာတော့ပါတယ်၊ စခ တွေက အင်အားဖြည့်တင်းတာထက် စစ်ကြောင်းတွေ ပိုမိုလုပ်ရှားလာတာတွေရှိတယ်၊ နယ်မြေအနေအထားအရတော့ ကျတော်တို့ပြောလို့မရဘူး၊ လောလောဆယ် ပေါက်ခေါင်းမြို့နယ်ထဲက သူတို့ရဲ့စစ်ကြောင်းပေါ်မှာကြည့်ပြီး တိုက်ပွဲတွေက စစ်ကြောင်းလှုပ်ရှားမှု ရှိရင်ရှိသလို ဖြစ်လာနိုင်ပါတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း (၂) သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က မောင်းကိုပြောပါတယ်။

    လက်ရှိစစ်ရေးအခြေနေကတော့ တစ်ဖက်နဲ့ တစ်ဖက် စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပြီး၊ ပြည်သူတွေအနေနဲ့ လေကြောင်း၊ လက်နက်ကြီးအန္တရာယ်ကို အထူးဂရုပြုနေထိုင်ကြဖို့နဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ ပတ်သက်တဲ့နေရာတွေကို သွားရောက်ခြင်း မပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်အသိပေးထားပါတယ်။