Category: News

  • ရွေးကောက်ပွဲပညာပေးမှာ အနုပညာရှင် ၃၀ ကျော်ပါဝင်နေတယ်လို့ စစ်ကော်မရှင်ပြော

    ရွေးကောက်ပွဲပညာပေးမှာ အနုပညာရှင် ၃၀ ကျော်ပါဝင်နေတယ်လို့ စစ်ကော်မရှင်ပြော

    ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲအတွက် အသိပညာပေး ရုပ်သံရိုက်ကူးရေးတွေမှာ ဒါဇင်နဲ့ချီတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ဆောင်ရွက်ပေးတယ်လို့ဆိုပြီး စစ်ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။

    ရွေးကောက်ပွဲအသိပညာပေး ရိုက်ကူးရေးမှာ ပြည်တွင်းကအဆိုတော်တွေ ပါဝင်ခဲ့ကြတယ်လို့ စစ်ကော်မရှင်က ပြောပြီး နောက်တစ်နေ့မှာပဲ ထိပ်တန်းသရုပ်ဆောင်တွေပါ ပါဝင်နေကြတဲ့အကြောင်း ဆက်ပြောလာတာဖြစ်ပါတယ်။

    ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရုပ်သံဇာတ်လမ်းတိုမှာ ပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို အကြောင်းမပြန်လို့ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့သရုပ်ဆောင်ဖွေးဖွေးနဲ့ အလင်းရောင်တို့လည်း အခုရိုက်ကူးရေးမှာ မြင်ရပါတယ်။

    ရိုက်ကူးရေးမှာ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ စိုးပြည့်သဇင်၊ ဝတ်မှုန်ရွှေရည်၊ ချောရတနာ၊ အေးမြတ်သူ၊ ရွှေမှုန်ရတီ၊ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သင်ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုငြိမ်း၊ မေမီကိုကို၊ နဲ့ရွှေသမီး စတဲ့ အနုပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။

    ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေ ပါဝင်နေတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်နေချိန်မှာပဲ ရွေးကောက်ပွဲနဲ့ဆက်နွှယ်တဲ့ဝါဒဖြန့်ရုပ်သံကို ဝေဖန်တဲ့သူတွေကို အွန်လိုင်းကနေ react လုပ်တဲ့ ရုပ်ရှင်လောကသားတချို့ကို ဖမ်းဆီး အရေးယူတာတွေ ပြုလုပ်နေပါတယ်။

    ဝါဒဖြန့်ဇာတ်လမ်းတို “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ကို အွန်လိုင်းကနေ ဝေဖန်တဲ့ပို့စ်ကို react ပေးလို့ဆိုပြီး ဒါရိုက်တာ မိုက်တီး၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဒါရိုက်တာ သက်လွင်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို စစ်တပ်က ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဖမ်းဆီးထားပါတယ်။

  • ပြင်ဦးလွင်မှာ ရွှေဆိုင်ကို သေနတ်ပစ်ခတ် လုယက်သူကို မြို့ခံတွေဖမ်း

    ပြင်ဦးလွင်မှာ ရွှေဆိုင်ကို သေနတ်ပစ်ခတ် လုယက်သူကို မြို့ခံတွေဖမ်း

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့လယ်မှာရှိတဲ့ နာရီစင်အနီးက အောင်စံပယ်ရွှေဆိုင်ကို နိုဝင်ဘာ ၁၂ ရက် နံနက် ၉ နာရီမှာ လက်နက်ကိုင်ထားတဲ့ လူနှစ်ဦးက လုယက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    “ဆိုင်ကို တံခါးတခြမ်းပဲ ဖွင့်ပြီး ခင်းနေတုန်း ဝင်လာတာ။ လာတာနဲ့ လုံခြုံရေးကို အရင်ပစ်တာ။ တော်တော်ကြမ်းပြီး လက်ယဉ်နေတဲ့ သဘောရှိပါတယ်။ နှစ်ယောက်လုတာ။ တစ်ယောက်က လမ်းလျှောက်ထွက်သွားတယ်။ လာတာက Honda Wave 100 ဆိုက်ကယ်နဲ့ လာတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    သေနတ်ပစ်ခဲ့တဲ့အချိန် ပတ်ဝန်းကျင်မှာ ကထိန်အလှူပွဲ လုပ်နေတာကြောင့် သေနတ်ပစ်ခတ်သံကို မကြားလိုက်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

    လုယက်သူနှစ်ဦးမှာ တစ်ဦးကို အနီးပတ်ဝန်းကျင်က ဝိုင်းဖမ်းနိုင်ခဲ့ပြီး တစ်ယောက်ကတော့ လွတ်မြောက်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    လွတ်မြောက်သွားသူက ရွှေတချို့ ယူဆောင်သွားတယ်လို့ ပြောပေမယ့် ပမာဏအတိအကျတော့ မသိရသေးပါဘူး။

    နာရီစင်အနီးက ဆိုင်ခန်းတွေ ဖောက်ထွင်း၊ လုယက်မှုတွေ ခပ်စိပ်စိပ်ကြုံ‌နေရတယ်လို့ မြို့ခံတွေ ကပြောကြပါတယ်။

    အခုလုယက်ခံရတဲ့ ‌ရွှေဆိုင်နဲ့ ၂ ဆိုင်အကျော်က သဟဇာတ Power Bank ဆိုင်ကိုလည်း နိုဝင်ဘာ ၁၀ ရက်နေ့ ညပိုင်းဆိုင်ပိတ်ချိန်မှာ ဖောက်ထွင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

    အောက်တိုဘာ ၁၄ ရက်ကလည်း နာရီစင်အနီးက Ruby ကြူကြူ ရွှေဆိုင်ကို ဓားနဲ့ဝင်ရောက် လုယက်မှု ဖြစ်ခဲ့ပါသေးတယ်။

    အဲဒီလုယက်မှုဖြစ်စဉ်မှာလည်း သံသယဖြစ်သူအမျိုးသားကို အနီးနားမှာရှိတဲ့လူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတယ်လို့ ဖြစ်စဉ်သိတဲ့မြို့ခံက ပြောပါတယ်။

  • စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် AA ထံ လက်နက်ချ၊ အဖမ်းခံ

    စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော် AA ထံ လက်နက်ချ၊ အဖမ်းခံ

    ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းတို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်တာ၊ လက်နက်ချတာနဲ့ တပ်ပြေးအပါအဝင် ဖမ်းဆီးရမိသူ အယောက် ၇၀ ကျော်ရှိတယ်လို့ အာရက္ခတပ်တော် (AA)က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    နိုဝင်ဘာ ၈၊ ၉၊ ၁၀ ရက်တွေမှာ ကပစ ၁၆ အနီး တိုက်ပွဲတွေအတွင်းမှာ စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၁ နဲ့ ခမရ ၃၆၃ တပ်ရင်းတွေက တပ်သား ၁၆ ယောက်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာအနီးက တိုက်ပွဲတွေမှာ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ ၁၀ ယောက် ရှိခဲ့ပါတယ်။

    နိုဝင်ဘာ ၉ ရက်မှာလည်း ပဲခူးတိုင်း၊ ပန်းတောင်းမြိုနယ် ကပစ ၁၆ အနီး ရင်ဆိုင်တိုက်ပွဲတွေအတွင်း ခမရ ၃၆၃ တပ်ရင်းက စကစ တပ်ဖွဲ့ဝင် ၄ ယောက်ကို လက်ရ ဖမ်းဆီးရမိခဲ့သလို နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲမှာလည်း ဒု-တပ်ကြပ် မျိုးမင်းထွန်း ဆိုသူ AA ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။

    အောက်တိုဘာ ၃ ရက်ကနေ နိုဝင်ဘာ ၇ ရက်အတွင်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တို့မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ထွက်ပြေးလာပြီး အာရက္ခတပ်တော်ထံ ဖမ်းဆီးခံရသူ ၂၀ ကျော်နဲ့ လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ ကျော်အထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

    အလင်းဝင်ရောက်လာသူတွေနဲ့ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အားလုံးနီးပါးဟာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခံရတဲ့ စစ်သင်တန်းဆင်းတွေ ဖြစ်ကြပြီး တချို့မှာ ၁၈ နှစ် မပြည့်သေးသူတွေနဲ့ အထက်တန်း တက်နေကြတဲ့ ကျောင်းသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

    အာရက္ခတပ်တော် (AA) အနေနဲ့လည်း လက်နက်ချ အလင်းဝင်ရောက်လာသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသလို AA နဲ့ ရင်ဆိုင်တိုက်နေရတဲ့ ဘယ်နေရာ၊ ဘယ်စစ်မျက်နှာပြင်မှာမဆို AA တပ်ဖွဲ့ဝင်တွေဆီ နီးစပ်ရာကတဆင့် ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်တယ်လို့ ကမ်းလှမ်းထားပါတယ်။

  • ပြင်ဦးလွင်၌ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်း သေဆုံး၊ ဓားပြ ၁ ဦးဖမ်းမိ

    ပြင်ဦးလွင်၌ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးဝန်ထမ်း သေဆုံး၊ ဓားပြ ၁ ဦးဖမ်းမိ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၃ မန္တလေး- လားရှိုးသွားကားလမ်းဘေးက နာရီစင်အနီး ဖွင့်ထားတဲ့ “အောင်စံပယ်” စိန်ရွှေရတနာဆိုင်မှာ နိုဝင်ဘာ ၁၂ ရက် ဒီနေ့မနက်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်လုံခြုံရေးဝန်ထမ်းတယောက် သေဆုံးကာ ဓားပြတိုက်သူ တယောက်ကို ဖမ်းမိခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

    ဒီကနေ့ မနက် ၈ နာရီခွဲက ဟွန်ဒါဖစ်ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အမည်မသိအမျိုးသား ၂ ယောက်က ရွှေဆိုင်အတွင်းသို့ဝင်လာကာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်တာကြောင့် ဆိုင်လုံခြုံရေးဝန်ထမ်း တယောက် သေဆုံးကာ ရွှေတွေယူသွားတာလို့ မြို့ခံက ပြောပါတယ်။

    “ဆိုင်ထဲကို ဝင်လာပြီး ဆိုင်ကောင်တာအနောက်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းကို သေနတ်နဲ့ပစ်တယ်။ အဲ့ဒီအချိန်မှာ နောက်တယောက်က ဆိုင်ဝန်ထမ်းကောင်မလေးကို ထိုးကြိတ်ပြီး ရွှေတွေယူသွားတာ။ တယောက်မိတယ်၊ တယောက်လွတ်သွားတယ်။”

    သေနတ်နဲ့ပစ်ခတ်ခံရလို့ ဆိုင်လုံခြုံရေးဝန်ထမ်း ဦးစိန်ဝင်း သေဆုံးပြီး ဆိုင်အမျိုးသမီးဝန်ထမ်း တယောက်ဒဏ်ရာရကာ ဆေးရုံတင်ထားရပြီး ဖမ်းဆီးရမိသူကို စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    “ဆိုင်က လုံခြုံရေးဝန်ထမ်းက မျက်လုံးနားကို သေနတ်မှန်ပြီးသေတယ်။ ဝန်ထမ်းကောင်မလေးက ဖူးယောင်ဒဏ်ရာရတယ်။ လုယက်သူ ၂ ယောက်ထဲက တယောက်မိတယ်။ ရွှေတွေက လွှတ်သွားတဲ့သူ တယောက်မှာပါသွားတယ်။”

    ဖမ်းဆီးရမိသူမှာ ချမ်းမြသာစည်မြို့နယ်က အသက် ၃၀ နှစ်အရွယ် အောင်မျိုးနိုင်ဖြစ်ပြီး ကျောက်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်တယ်လို့ ကနဦးသိရပါတယ်။

    လတ်တလောမှာ ဖမ်းဆီးရမိသူကို စစ်ကောင်စီ လက်အောက်ခံ ပြင်ဦးလွင်မြို့မရဲစခန်းက စစ် ဆေးနေပြီး လွတ်မြောက်သွားသူကို စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့ရှာဖွေနေပါတယ်။

  • AA နဲ့ ရင်ဆိုင်ရတဲ့စစ်ပွဲတွေမှာစစ်တပ် ကစဉ့်ကလျားဖြစ်နေ

    ကပစ(၁၆)၊ နတ်ရေကန်ဗျူဟာ၊ လေလာတောင်၊သာပေါင်းနဲ့လေးမျက်နှာမှာတိုက်ပွဲတွေပြင်းထန်

    အလံဖြူ​ထောင်လက်နက်ချ ၊ထွက်​ပြေး၊ဖမ်းမိစစ်သား​ပေါင်း ၇၀ ​ကျော်ရှိဟု AA ထုတ်ပြန်

    စစ်တပ်ရဲ့ အမှတ်(၁၆) ကာကွယ်​ရေးပစ္စည်းထုတ်လုပ်စက်ရုံ(ကပစ-၁၆)အနီးတိုက်ပွဲပြင်းထန်နေပြီး နတ်ရေကန်ဗျူဟာကိုလည်း ပိတ်ဆို့တိုက်ခိုက်နေကာ တိုက်ပွဲများအတွင်း စစ်သားအများအပြား ကစဉ့်ကလျား ထွက်ပြေးနေကာ လက်နက်ချသူတွေလည်းရှိနေတယ်လို့ အာရက္ခတပ်တော်(AA)က ယ​နေ့ညမှာသတင်းထုတ်ပြန်ပါတယ်။ ကပစ ၁၆ ဟာစစ်တပ်ရဲ့ ယမ်း​တွေ ချက်လုပ်တဲ့ စက်ရုံဖြစ်ပါတယ်။

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲကကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာမှ လေလာတောင် ပတ်ဝန်းကျင်၊ မကွေးတိုင်းငဖဲမြို့နယ်မှ နတ်ရေကန်ဗျူဟာကုန်း၊ ဧရာဝတီတိုင်း သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ထွက်​ပြေးသူ ၊အလံဖြူ​ထောင်လက်နက်ချသူ ၊ဖမ်းဆီးရရှိသူ စုစု​ပေါင်း ၇၀ ​ကျော်ရှိ​ကြောင်း AA က နိုဝင်ဘာလ၁၁ရက်နေ့ည ထုတ်ပြန်ချက်မှာ အသေးစိတ်​ဖော်ပြထားပါတယ်။

    အာရက္ခတပ်​တော်ကစစ်တပ်ရဲ့ထိုးစစ်တွေကိုခုခံစစ်အပြင် တန်ပြန်ထိုးစစ်တွေနဲ့ အကောင်းဆုံးတုံ့ပြန်နေတယ်လို့ ဆိုပါတယ်။တိုက်ပွဲတွေမှာ စစ်ရေးအရယှဉ်နိုင်စွမ်းမရှိသလိုအတင်းအဓမ္မစစ်သား စုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်းကနေထွက်ပြေးနေကြပြီး အလံဖြူထောင် လက်နက်ချသူတွေလည်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ■ကပစ(၁၆)အနီး နဲ့ ​လေလာ​တောင်တိုက်ပွဲ

    ကပစ(၁၆)အနီးမှာ နိုဝင်ဘာလ ၈ရက်ကနေ ၁၀ရက်အတွင်း တိုက်ပွဲတွေမှာ အမှတ်(၁၀)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) လက်အောက်ခံ ခမရ (၃၆၁)၊ခမရ (၃၆၃) တပ်ရင်းတွေကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးအထိ ရှိခဲ့တယ်လို့​ဖော်ပြထားပါတယ်။

    ပန်းတောင်းမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ နောက်ထပ်နေရာဖြစ်တဲ့ညောင်ကျိုးကျေးရွာရဲ့ အရှေ့ဘက် မီတာ၂၅၀၀အကွာ(​ပေ ၈၂၀၀ ​ကျော်)က လေလာတောင်ပတ်ဝန်းကျင်အနီး တိုက်ပွဲတွေကနေလည်းစကခ (၁၀) လက်အောက်ခံ ခမရ (၃၆၈) တပ်ရင်းတစ်ခုတည်းမှ နိုဝင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာအလံဖြူထောင်၊တပ်ပြေး၊လက်ရဖမ်းဆီးရမိသူစုစုပေါင်း၁၀ ဦးရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    ■နတ်ရေကန်ဗျုဟာသိမ်းစစ်ဆင်ရေးတိုက်ပွဲ

    နတ်ရေကန်ဗျုဟာကိုလည်း အာရက္ခတပ်​တော်နဲ့ မဟာမိတ်တပ်​တွေက ပိတ်ဆို့တိုက်ခိုက်နေတာ​ကြောင့် စကခ (၁၇)လက်အောက်ခံဖြစ်တဲ့ အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်းက တပ်ကြပ်တစ်ဦး အလင်းဝင်လာတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

    အမှတ် (၉) စစ်မြေပြင်ဆေးတပ်ရင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့မှာ အခြေစိုက်ပြီး စကခ (၁၇)လက်အောက်ခံတပ်ရင်းတွေနဲ့အတူ နတ်ရေကန်ဗျုဟာခုခံစစ်အတွက် စစ်ကောင်စီကတာဝန်ပေးထားတာပါ။

    စကခ (၁၇)/မိုင်းပန်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့အဆိုပါတပ်ရင်းဟာ အခုအခါ နတ်ရေကန်ဗျူဟာကုန်းမှာAAရဲ့ ဝန်းရံပိတ်ဆိုမှုကို ခံထားရတဲ့ တပ်
    ရင်းတစ်ခုဖြစ်ပါတယ်။

    စကခ(၁၇)ဟာ နတ်ရေကန်ဗျုဟာခုခံစစ်အတွက် ပြီးခဲ့တဲ့သြဂုတ်လကစတင်ပြီး တပ်မ(၉၉)အစား ရောက်ရှိလာတာဖြစ်ပါတယ်။ စက်တင်ဘာလကတိုက်ပွဲတွေမှာလည်း ထိခိုက်သေဆုံးသူတွေ၊ ထွက်ပြေးသူ တွေများပြားခဲ့ပါတယ်။

    ဒါအပြင် နိုဝင်ဘာ ၉ ရက်နေ့မှာလည်းကပစ (၁၆) အနီးရင်ဆိုင်တိုက်ပွဲများအတွင်းစကခ (၁၀) လက်အောက်ခံ ခမရ (၃၆၃) တပ်ရင်းမှ စစ်သား ၄ဦးတို့ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ AAက​ဖော်ပြပါတယ်။

    ■ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေ

    ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးနဲ့ လေးမျက်နှာမြို့နယ်၊ စက်စက်ယို၊ ချင်းလယ်ကျေးရွာအနီး ပတ်ဝန်းကျင်မှာလည်း AAနဲ့ စစ်ကောင်စီ တိုက်ပွဲတွေဖြစ်နေပါတယ်။

    အောက်တိုဘာလ ၃ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အတွင်း တိုက်ပွဲတွေမှာ ရှေ့တန်းကနေ ထွက်ပြေးလာလို့ ဖမ်းမိထားသူ ၂၀ ကျော်၊ လက်နက်ချ အလင်းဝင်ရောက်သူ ၂၀ကျော်ရှိတယ်လို့ AAကထုတ်ပြန်ထားပါတယ်။

    ဒါ​ကြောင့် ဒီစစ်​မြေပြင်​တွေမှာ အလင်းဝင်တာ၊ထွက်​ပြေးတာ ၊အဖမ်းခံရတဲ့ စစ်သား ၇၀ ​ကျော်ထိရှိ​နေပါတယ်။

    သာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတပ်မ(၆၆) လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ (၈၀)နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)၊ ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ ခလရ (၆၃)၊ ခလရ (၂၇၁) တို့ရှိနေပါတယ်။

    အလင်းဝင်ရောက်လာသူတွေ၊ ဖမ်းဆီးရမိသူတွေ အားလုံးနီးပါးဟာစစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခြင်းခံရတဲ့ စစ်သင်တန်းဆင်း တွေဖြစ်ကြပြီး အချို့မှာ (၁၈) နှစ် မပြည့်သေးသလို အထက်တန်းတက်နေကြတဲ့ ကျောင်းသားတွေလည်းပါတယ်လို့ AAက ထုတ်ပြန်ထားပါတယ်။

    အတင်းအဓမ္မစစ်မှုထမ်း စုဆောင်းခြင်းခံရသူ စစ်သင်တန်ဆင်းတွေအနေနဲ့ ရှေ့တန်းစစ်မြေပြင်အပါအဝင် မည်သည့်နေရာ၊ မည်သည့်စစ်မျက်နှာပြင်တွင်မဆို အလံဖြူထောင်လက်နက်ချလို့ရသလိုနီးစပ်ရာမှတစ်ဆင့် ဆက်သွယ်ပြီး အလင်းဝင်ရောက်နိုင်တယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။

    လက်နက်ချအလင်းဝင်ရောက်လာသောသူတွေကိုစစ်သုံ့ပန်းဥပဒေနဲ့အညီကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ အသိပေးထားပါတယ်။

    သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်ပြီးပြင်းထန်နေသလို ဒီနေ့(အဂါ်)ညအထိ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲနေပါတယ်။ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူတွေများပြီး အရာရှိတွေလည်းပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။ AAရဲ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုကို ဖော်ပြထားခြင်းမရှိသေးပါဘူး။

    AAဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် MNDAA နဲ့ TNLAလို စစ်ကောင်စီနဲ့ အပစ်ရပ်မဆွေး‌နွေးဘဲစစ်မျက်နှာအများအပြားမှာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

    စစ်ကောင်စီက ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားခြင်းကို အခွင့်ကောင်းယူပြီး လေကြောင်း တိုက်ခိုက်မှုတွေအရှိန်မြှင့်လာလို့ လေကြောင်း၊ ရေကြောင်း လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုတွေကို သတိပြုကြဖို့ AA က တိုက်တွန်းထားပါတယ်။

    (အလံဖြူ​ထောင်လက်နက်ချ အလင်းဝင်သူ၊စစ်တပ်မှထွက်​ပြေးသူ၊ ဖမ်းဆီးရရှိတဲ့စစ်သားများကို​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk)