Category: News

  • ဂုဏ်ထူးဆောင်ဘွဲ့ကြောင့် ရန်ကုန်တက္ကသိုလ်ဂုဏ်ထိခိုက်ရ ဟုဆို

    ဂုဏ်ထူးဆောင်ဘွဲ့ကြောင့် ရန်ကုန်တက္ကသိုလ်ဂုဏ်ထိခိုက်ရ ဟုဆို

    သမိုင်းအစဉ်အလာကြီးခဲ့သည့် ရန်ကုန်တက္ကသိုလ်က တိုင်းပြည်အာဏာကို လက်နက်ဖြင့်သိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဆိုကာ ဂုဏ်ထူးဆောင်ဘွဲ့ ချီးလိုက်ခြင်းက တက္ကသိုလ်ဂုဏ်သိက္ခာကို ထိခိုက်စေပြီး သမိုင်းတွင်မည့် အမည်းစက်တခုဖြစ်ကြောင်း အများက ဝေဖန်ကြသည်။

    တိုင်းပြည်ကို အကျပ်အတည်းအောက်ရောက်စေသည့် စစ်တပ်အာဏာသိမ်းခဲ့သည့် ၅ နှစ်တာအတွင်း နိုင်ငံသည် အဘက်ဘက်မှ ဆုတ်ယုတ်ပျက်စီးနေသည်မှာ အများ အသိဖြစ်သော်လည်း ပညာရေးဝန်ကြီး ဒေါ်ချောချောစိန်နှင့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်တို့ ပေးအပ်သည့် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုပါရဂူဆိုသည်မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျှက်ရှိသည်ဟု ဆိုကြသည်။

    သို့သော် ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်ကမူ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်အပြင် နိုင်ငံကြီးများ အားပြိုင်မှုအကြား မိမိနိုင်ငံအကျိုးစီးပွားကို ကာကွယ်ပြီး သံတမန်ဆက်ဆံရေးနည်းဖြင့် ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံကြီးများ နှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတည်ဆောက်နိုင်သည့် အတွက်ကြောင့်ဖြစ်ကြောင်း ဆိုသည်။

    ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ပါမောက္ခဖြစ်ခဲ့သူဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ဆိုတာ ဘာသာရပ်တခုမှာဖြစ်စေ ဒါမှမဟုတ် နိုင်ငံအကျိုးပြုလုပ်ငန်းတွေမှာ ဖြစ်စေ၊ တခုခု ထူးထူးချွန်ချွန်အောင်မြင်ထားတဲ့ လူပုဂ္ဂိုလ်တွေကို ပုံမှန်အားဖြင့် ပေးတာ၊ အခုက ဆန့်ကျင်ဘက် ဖြစ်တဲ့ ပြည်သူတွေကို ဗုံးကြဲ ၊ သတ်ဖြတ် ဖမ်းဆီး နှိပ်စက်တဲ့သူကို ဘွဲ့ပေးလိုက်တာကြောင့် အစဉ်အလာရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကို လည်း သမိုင်းဆိုးဝင်ပြီး အမည်းစက်တခု ထင်သွားတယ်”ဟု ပြောသည်။

    ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်က တည်ထောင်သည့် ရန်ကုန်တက္ကသိုလ်ကြီးသည် ၁၉၆၂ ခုနှစ် မတ်လ ၂ စစ် အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာမသိမ်းခင်အထိ အာရှ၌ ထိပ်တန်းအဆင့်၊ အရှေ့တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သောကြောင့် နိုင်ငံတကာမှ ပညာတော်သင်များစွာတို့ လာရောက် ပညာဆည်းပူးခဲ့ သည်အထိ ဂုဏ်သတင်းကြီးမားခဲ့သည်။

    ထို့ပြင် ရန်ကုန်တက္ကသိုလ်မှ အများလေးစားကြည်ညိုရသည့် နိုင်ငံရေးခေါင်းဆောင်များ မွေးထုတ်ပေးခဲ့ရာ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့ ထင်ပေါ်ကျော်ကြားသူများအပါအဝင် စာပေနှင့် ဝိဇ္ဇာ သိပ္ပံပညာရပ်များတွင် ထူးချွန်သူ အမြောက်အမြားထွက်ခဲ့သည်။

    သမိုင်းအစဉ်အလာကြီးသည့် ရန်ကုန်တက္ကသိုလ်ဂုဏ်ကို ညှိုးနွမ်းစေသည့် အကြမ်းဖက်စစ်ခေါင်းဆောင်အား ဂုဏ်ထူး ဆောင်ဘွဲ့ပေးမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) အပါအဝင် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ် ကောင်စီနှင့် ဆရာ၊ဆရာမများအသင်းမှ ယမန်နေ့က ကြေညာသည်။

    စာသင်ကျောင်းများကို ဗုံးကြဲနေသော စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင်ကိုယ်၌ ကျောင်းသူ ကျောင်းသား တို့၏ သွေးများ စွန်းပေလျက်ရှိသလို ညစ်ထေးသော ကိုယ်၌ ဝတ်ဆင်ခဲ့သည့် ဘွဲ့ဝတ်ရုံ၊ သွေးစွန်းလက်ဖြင့် ကိုင်ခဲ့သော ဘွဲ့လက်မှတ်တို့သည် ဂုဏ်သိက္ခာကင်းမဲ့နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီမှ CDM ပါမောက္ခ ဆရာမတဦးက “မနေ့က ဖြစ်သွားတာ ဘယ် လောက်ထိ စိတ်နာလဲဆိုရင် ရန်ကုန်တက္ကသိုလ်ကို ရုပ်ဆိုးသွားစေတဲ့အပြင် ကျမတို့ရခဲ့တဲ့ ဘွဲ့တွေကိုတောင် ချက်ချင်း ရုပ်သိမ်းပစ်လိုက်ချင်တဲ့အထိ ဖြစ်သွားတယ်၊ ရွံလွန်းလို့ မတန်ဘူး၊ ကျမတို့ရန်ကုန်တက္ကသိုလ်က ရရှိခဲ့တဲ့ဘွဲ့ကို သူနဲ့ တန်းတူလိုမျိုး အဖြစ်မခံနိုင်လို့ ရုပ်သိမ်းဖို့တောင် စဉ်စားနေကြတယ်”ဟု ပြောသည်။

    ပညာရှင်များနှင့် ပြည်သူလူထု သဘောဆန္ဒနှင့်ဆန့်ကျင်၍ ဂုဏ်ထူးဆောင်ဘွဲ့ပေးခဲ့သည့် ပညာရေးဝန်ကြီးနှင့် ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်ကြီးများ၏ လုပ်ရပ်သည် ၎င်းတို့၏ အာဏာနေရာ တည်မြဲရေးအတွက် တိုင်းပြည် အနာဂတ်ကို စတေးပြီး စစ်အာဏာရှင် ပညာရေးစနစ်ဆိုးလက်အောက်မှ ရုန်းမထွက်နိုင်အောင် သွတ်သွင်းလိုက်ခြင်းဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

    ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှူးဖြစ်ခဲ့သူ မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က “အဲဒီပညာရေး စနစ်အောက်မှာ သင်ကြားနေတဲ့ ကျောင်းသားတွေအနေနဲ့ရော တာဝန်ထမ်းနေတဲ့ ဆရာ၊ ဆရာမ၊ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေကရော ဘယ်လိုခံစားရမလဲ၊ သူတို့ရဲ့ အတွေးအခေါ် စိတ်ဓာတ်တွေကအစ အကုန်လုံးတကယ့်ကို ကြီးကြီးမားမား အနုတ်လက္ခဏာ ဆောင်တဲ့ ဆိုးယုတ်မှုတွေ အများကြီး ဖြစ်သွားမယ်။ ပြည်တွင်းမှာပါမက နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ Negative Impact တွေ အများကြီး ဖြစ်သွားနိုင်တယ်လို့ ထင်မြင်ယူဆမိပါတယ်”ဟု ပြောသည်။

    အဆိုပါအခမ်းအနားတွင် စစ်ခေါင်းဆောင်က မိန့်ခွန်းပြောရာ၌ မိမိသည် ၁၉၇၂-၇၃ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ ဥပဒေ ပညာသင်ယူခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်၌ စစ်တက္ကသိုလ်ကို ပြောင်းလဲ တက်ရောက်ခဲ့သော်လည်း ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသားဟောင်းအဖြစ် အမြဲခံယူထားကြောင်း ဆိုသည်။

    ၎င်းက “တက္ကသိုလ်ကြီးရဲ့ အတိတ်ဂုဏ်ရည်ကို ပြန်လည်ဖော်ဆောင်ပြီး ကမာ္ဘ့အဆင့်မီ တက္ကသိုလ်တခုဖြစ်လာစေဖို့ ဘက်ပေါင်းစုံကနေ အဆင့်မြှင့်တင်မှုတွေ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

    ထိုနေ့ညနေပိုင်းမှာပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရအထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲကို ယခင်တကြိမ်တခါမှ လုပ်လေ့လုပ်ထမရှိသည့် ဘွဲ့နှင်းသဘင်ခန်းမထဲ၌ ပြုလုပ်ခဲ့ရာ ခေတ်အဆက်ဆက် ထိန်းသိမ်းထားခဲ့သည့် ရန်ကုန်တက္ကသိုလ်၏ စံတန်ဖိုးတခုကိုပါ ထပ်မံချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု CDM တက္ကသိုလ် ဆရာမများက ပြောသည်။

    ရန်ကုန်တက္ကသိုလ်မှ CDM ပါမောက္ခ ဆရာမ “ဘွဲ့နှင်းသဘင်ခန်းမက စာတမ်းဖတ်တာတောင်မှ ပွဲအကြီးကြီးတွေမှ လုပ်ခဲ့တာ။ ဒါတောင်ဖွင့်ပွဲ ပိတ်ပွဲတွေလောက်ပဲ အဓိက လုပ်ခဲ့တယ်။ အိုဘားမားလာတုန်းက ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့ခဲ့တယ်။ အခုလိုမျိုး ခန်းမထဲမှာ ညစာစားပွဲကျင်းပတာတော့ မကြုံခဲ့ဖူးဘူး။ ခန်းမရှေ့က မြင်ခင်းပြင်မှာ လုပ်တာ မျိုးတော့ရှိခဲ့တယ်”ဟု ပြောသည်။

    ၁၉၂၁ မှ ၂၀၂၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်အနေဖြင့် ရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ် များ အပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့စသည့် ဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ရာ ရဟန်းသံဃာများဖြစ်သော အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရတို့အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပြီး နိုင်ငံတကာခေါင်းဆောင် များ ဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနဲ့ ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့များ ချီးမြှင့်ခဲ့သည်။

  • တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

    တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

    တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

    စစ်အာဏာရှင် တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်က မှာကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

    NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများ အစည်း အဝေး (၁/၂၀၂၆) တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်က ထိုသို့ မှာကြားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း စစ်ရေးရည်မှန်းချက်များ ချမှတ်ခဲ့ရာတွင် တပ်တည်ဆောက်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်ပြီး အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် စစ်ရေး ပြင်ဆင်မှုလုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း သိရှိရသည်။

    ယင်းအပြင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအောင်ပွဲများနှင့် အားနည်းချက်များ၊ အားသာချက်များ ပါဝင်သော စစ်ရေး သုံးသပ်ချက်ကိုလည်း ဆောင်ရွက်ခဲကြောင်း၊ ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သမိုင်းပေး တာ ဝန် ၃ ရပ်အဖြစ် စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးအတွက် စစ်ရေးနည်းလမ်းဖြင့် တိုက်ပွဲဝင်ရန်၊ ပြည်ထောင်စုနှင့် ပြည်သူလူထုအပေါ် ကျရောက်လာမည့် ရန်စွယ်ဟူသမျှကို ကာကွယ်စောင့်ရှောက်ရန် ၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်း လဲမှု SSR နှင့် တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ရန်လည်း သတ်မှတ်ထားကြောင်း သိရှိရသည်။

    စစ်ရေး မဟာဗျူဟာအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးပြီး မဟာဗျူဟာ ခုခံစစ်၊ မဟာဗျူဟာမျှခြေအဆင့်နှင့် မဟာ ဗျူဟာ တန်ပြန်ထိုးစစ်တို့ကို အဆင့်ဆင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိကာလမှာ အဆုံးသတ် တိုက်ပွဲဖော်ဆောင် တက်လှမ်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြသည့် ကာလဖြစ်ကြောင်း သိရှိရသည်။

    ပြညသူ့ကာကွယ်ရေးတပမတော်၏ တပ်မှူးကြီးများ အစည်းအဝေးကို ဖေဖော်ဝါရီလအတွင်း ၅ ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ စစ်ရုံးချုပ်၊ အမှတ် ၁ စစ်ဒေသမှူး ၊ တိုင်းစစ်ဌာန ၁၀ ခုနှင့် အထူးရှားတပ်မတို့မှ တပ်မှူးကြီးများ၊ ကွပ်ကဲရေးအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးချုပ်မှ တာဝန်ရှိသူများ စုစုပေါင်း ၁၀၀ ဦးကျော် စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလကို ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ယူနီဖောင်းနှင့်အတူတွေ့မြင်ရစဉ်။

  • ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့

    ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့

    ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့ဘဲ တပ်မိသားစုဝင်များကိုပါ စကခ အတွင်း စုပြုံရွှေ့ပြောင်းထားရ

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်အရှိန်မြှင့်တင်လိုက်သည့် ဗန်းမော်မြို့တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ဘဲ လာရောက်တိုက်ခိုက်မှုများကိုသာ ခံစစ် အသေဖြင့် ခုခံနေရကြောင်း သိရသည်။

    ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ အတွင်းသို့ အင်အားလျော့နည်းလာသည့် တပ်ရင်းအသီးသီးမှ တပ်မိသားစုဝင်များကိုပါ ရွှေ့ပြောင်းစုစည်းထားရကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။

    ‎”အရင်လို တန်ပြန်ထိုးစစ်တွေ မလုပ်နိုင်တော့ဘူး။ KIA လာတိုက်တာကိုပဲ အသည်းအသန် ခုခံရတဲ့ အနေအထားဖြစ်နေပြီ” ဟု CDMဗိုလ်ကြီးဇင်ယော်က ပြောသည်။

    ‎ဗန်းမော်ရှိ စစ်ကော်မရှင်၏ ခလရ ၄၇၊ စစန ၆၄၁၊ ထပရ ၉၃၃တပ်များမှာ အင်အားလျော့နည်းသွားပြီး KIA ထိုးစစ်ဆင်မှုကို အပြင်းအထန်ခုခံနေရသည်။စစ်ကော်မရှင်၏ မြေပြင်ထိုးစစ်ရပ်တန့် သွားသည့် အတွက် လေကြောင်းအားပြုကာတိုက်ခိုက်နေပြီး ဒရုန်းများသုံး၍ ဗုံးကြဲမှုများကို အစဉ်တစိုက် ပြုလုပ်လျက်ရှိသည်။

    ဗန်းမော်စစ်မျက်နှာတွင် စစ်ရေးရှုံးနိမ့်နေမှုများကြောင့် စစ်ကော်မရှင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒုတိုင်းမှူးကို ဖမ်းဆီးစစ်ဆေးနေသလိ စစ်စခန်းစွန့်ခွာထွက်ပြေးမှုများအတွက် စစ်ရေးဗိုလ်မှူးကြီး တစ်ဦးနှင့် အဖွဲ့ကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

    ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)

  • နတ်တလင်းတွင်တိုက်ပွဲများ ဖြစ်နေပြီး စစ်တပ်ဒရုန်းကြောင့် တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး

    နတ်တလင်းတွင်တိုက်ပွဲများ ဖြစ်နေပြီး စစ်တပ်ဒရုန်းကြောင့် တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး

    ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေသလို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် တော်လှန်ရေးရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ နတ်တလင်းမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

    တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “နတ်တလင်းအရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်း ပြန်ဝင်နေပြီးတော့ အခုလဆန်းပိုင်းကစလို့ တိုက်ပွဲတွေလည်း ပြန်ဖြစ်နေတယ်။ တိုက်ပွဲတွေစဖြစ်ကတည်းက လေကြောင်းပစ်ကူတွေကလည်း ဆက်တိုက်လုပ်လာတာတယ်။ သူတို့ဘက်က သေဆုံးတာရှိသလို ငုတ်တိုရွာဘက်မှာ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ကျနော်တို့မဟာမိတ်ဖြစ်တဲ့ သာယာဝတီခရိုင်တပ်ရင်း​တခုရဲ့ တပ်ခွဲထဲက ရဲဘော်​ ၆ ယောက် ကျဆုံးခဲ့တယ်။ အဲဒီတပ်ရင်းဘက်ကလည်း သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။

    အခု ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး နတ်တလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ငုတ်တိုကျေးရွာဘက်ကို စစ်ကောင်စီတပ် မြေပြင်စစ်ကြောင်းက ရှေ့ဆက်တိုး ဝင်ရောက်လာတာကြောင့် နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်နေတာလို့လည်း ဆိုပါတယ်။

    နတ်စစ်သည်အဖွဲ့ရဲ့တာဝန်ခံ ကိုအောင် က “ကျနော်တို့ဘက်ကတော့ ရှေ့မတိုးဘူး။ ရန်သူ့စစ်ကြောင်းက ရှေ့ဆက်တိုးလာတိုင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ။ ၆ ရက်နေ့မှာ ရန်သူ့အထိုင်စခန်းနဲ့ အနီးဆုံးရှေ့ကင်းမှာ ကင်းစောင့်နေကြတဲ့ ရဲဘော်တွေပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲခံလိုက်ရလို့ ရဲဘော် ၆ ယောက် ကျဆုံးသွားကြတာပါ။ လူနေအိမ် ၁ လုံးလည်း တော်တော်လေး ပျက်စီးသွားပါသေးတယ်။ ကျဆုံးသွားတဲ့ရဲဘော်​တွေရဲ့ ရုပ်အလောင်းတွေကိုတော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်နိုင်ခဲ့ပါတယ်။ ၇ ရက်နေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲထဲမှာလည်း စစ်တပ်ဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးသွားပြီး စစ်ကြောင်းပြန်ဆုတ်သွားပေမဲ့ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းပစ်ကူတွေကတော့ ဆက်တိုက်လုပ်နေတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၅ ရက် နေ့လယ်ပိုင်းကလည်း နတ်တလင်းမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ဆီဆုံကုန်းကျေးရွာနဲ့ ကျောက်ကုန်းကျေးရွာကို Y12 လေယာဉ် ၁ စင်း၊ စက်တပ်လေထီး ၃ စီးနဲ့ ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချခဲ့တာကြောင့် ပြည်သူပိုင်နေအိမ်တွေနဲ့ စပါးစိုက်ခင်းတွေ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

    ပြီးတော့ နတ်တလင်းမြို့နယ်မြောက်ဘက်ခြမ်းမှာ ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကနေလည်း ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ညနေပိုင်းအထိ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ကံသာယာကျေးရွာထဲကို ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူ ၄ ယောက်ထက်မနည်း ဒဏ်ရာတွေရပြီး နွား ၂ ကောင်လည်း သေဆုံးသွားခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

    တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေထိုင် နေကြရပါတယ်။

    နတ်တလင်းမြို့နယ် အရှေ့ခြမ်းနဲ့ မြောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်တွေကို ကာကွယ်ပေးနိုင်မဲ့ အစီအမံတွေပြုလုပ်ထားကြဖို့၊ သတိနဲ့နေထိုင်သွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နှိုးဆော် တိုက်တွန်းထားပါတယ်။

  • ကပစ ၁၆ အနီးဝန်းကျင်က တိုက်ပွဲတွေ မှာ စကစ ၃၀ ကျော်သေဆုံး

    ကပစ ၁၆ အနီးဝန်းကျင်က တိုက်ပွဲတွေ မှာ စကစ ၃၀ ကျော်သေဆုံး

    ကပစ ၁၆ ကို ဦးတည်ပြီး ၊ ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲမှာ စစ်ကော်မရှင် ဘက်က အကျအဆုံးများပြီး ၊ သုံးဆယ်ကျော်သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

    ပွိုင့် ၆၆၆ ကို သိမ်းပိုက်ပြီးနောက် နောက်ဆုတ်ထွက်ပြေးသွားတဲ့ စကစ တွေကို လိုက်လံချေမှုန်းရင်း ထိုးစစ်အသွင် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၆ ရက် နဲ့ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ မှာ စကစ ဘက်က သေဆုံးမှုများပြားခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    “ပွိုင့် ကုန်းက ထွက်ပြေးသွားတဲ့ ကောင်တွေ၊ သူတို့ပူးပေါင်းဂိတ်တွေ ကို မရောက်ခင် ကြားဖြတ်တိုက်ခံရလို့ သေတာပါ၊ ဖမ်းမိထားသူတွေလည်းရှိပါတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ကပစ ၁၆ ရှိရာ ပန်းတောင်းမြို့နယ်၊ မသုန်ရွာ နဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကြားမှာ အေအေ နဲ့ ပူးပေါင်းအဖွဲ့တွေ ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။

    အဲ့ဒီနေရာနှစ်ခုကြားက စခန်း အချို့ကိုလည်း အာရက္ခတပ်တော်ဘက်က သိမ်းပိုက်ထားပါတယ်။

    စစ်ကော်မရှင်ဘက်ကတော့ အေအေ ထိုးစစ်ရှေ့မရောက်နိုင်အောင် အပြင်းအထန် ကာကွယ်နေတယ်လို့ သိရပါတယ်။

    “လေကြောင်းက ကြဲတာက သူ့ဘက်ကိုယ့်ဘက်မရွေးဘဲ ကြဲချနေတာပါ၊ နေ့တိုင်း ပစ်ကူပေးပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ကပစ ၁၆ အနီးဝန်းကျင်က ဖလိုကျေးရွာ၊ ကျောက်ပြင်သာကျေးရွာ၊ ခွဲသယ်တောင်ကျေးရွာ၊ ကျားခြေရာကျေးရွာ တို့ ကို လေကြောင်းထိမှန်မှုတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

    ပွိုင့် ၆၆၆ စခန်းသိမ်းတိုက်ပွဲအပြီးမှာ ပန်းတောင်းမြို့နယ် အောက်ပိုင်း ကို တိုက်ပွဲတွေ ချဲ့ထွင်လာတာဖြစ်ပါတယ်။

    ပန်းတောင်းမြို့နယ်ထဲမှာ စစ်ကော်မရှင်ရဲ့ လက်နက်၊ ခဲယမ်းထုတ်လုပ်တဲ့ ကပစ ၁၆ အပါအဝင် ကပစ ၃၊ ကပစ ၅၊ ကပစ ၆၊ ကပစ ၉၊ တို့ တည်ရှိတာဖြစ်ပါတယ်။