Category: News

  • မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၀ခန့် စီမံချက်ကာလ အဖမ်းခံရ

    မြန်မာရွှေ့ပြောင်း လုပ်သား ၁၀၀ခန့် စီမံချက်ကာလ အဖမ်းခံရ

    ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်နေသော နိုင်ငံခြားသားများ ဖမ်းဆီးနှိမ်နှင်းရေး တိုးမြှင့်ဆောင်ရွက်မည်ဟု ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ပြီးနောက် ဆက်တိုက် စစ်ဆေးမှုများပြုလုပ်နေရာ ဖမ်းဆီးခံ ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း ဧရာဝတီက စိစစ်တွေ့ရှိရသည်။

    ယခုအခါ ထိုင်းအထွေထွေရွေးကောက်ပွဲ နီးလာချိန်ဖြစ်သလို ထိုင်းနိုင်ငံသားများနှင့် မြန်မာတချို့ ရန်ပွဲ၊ မြန်မာအချင်းချင်း ရန်ပွဲတို့ လူမှုကွန်ရက်တွင် ခပ်စိတ်စိတ်တွေ့မြင်လာရပြီးနောက် တနိုင်ငံလုံး အတိုင်းအတာ စီမံချက်ချကာ အလုပ်လုပ်ခွင့် မရှိဘဲ အလုပ်လုပ်ကိုင်နေသူများ၊ နိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိသော လုပ်ငန်း အမျိုးအစား များ၌ လုပ်ကိုင်နေ သူများ အား ရှာဖွေဖမ်းဆီးရန်နေခြင်း ဖြစ်သည်။

    ဝင်ရောက်စစ်ဆေး ဖမ်းဆီးသည့်နေရာများမှာ ရွှေ့ပြောင်းအလုပ်သမားများ အများဆုံးရှိရာ ဖတ်ထရာကမ်းခြေဒေသ၊ နွန်ထဘူရီ၊ ဘန်ကောက်မြို့ အရှေ့တောင်ဘက်ရှိ စက်မှုလုပ်ငန်းများ အများဆုံးရှိသော ရယောင်း၊ အယုဒ္ဓယ၊ မဲဆောက်၊ ချင်းမိုင် စသည့်မြို့ကြီးများ ၌ဖြစ်သည်။

    AAC မဟာမိတ်အဖွဲ့မှ ဦးခိုင်ကြီးက “ဝါဒမှိုင်းတွေတိုက်ပြီး ဖြစ်ပေါ်လာတဲ့ကိစ္စတွေကြောင့် ထိုင်းရောက် အလုပ်သမားတွေ အတွက် အရမ်းစိတ်ပူတယ်။ ထိုင်းရောက်အလုပ်သမားတွေက များသောအားဖြင့် အတွေးအခေါ် နည်းတယ်။ ပညာလည်း မတတ်ကြဘူး။ ကိုယ့်နိုင်ငံမှာလည်း ဘွဲ့ရအောင် မသင်ခဲ့ရဘူး။ ပညာရေးကလည်း စုတ်ပြတ်သတ်နေတာ။ အဲဒီလိုလာကြ တော့ ဝါဒမှိုင်းတိုက်ရင် အများဆုံးခံရတာ။ အခုရန်ပွဲကိစ္စပြီးတော့ ပေါ်လစီအရတွေ စစ်ဆေးမယ် ဖြစ်ကုန်တာပဲ” ဟု ပြောသည်။

    ဇန်နဝါရီ ၁၁ရက်က ဖြစ်သည့် စမွတ်ပရာကန်ရန်ပွဲအပြီး ထိုင်းအမျိုးသားရေးလှုပ်ရှားသူ နှုတ်ခမ်းမွှေးဟု လူသိများသော တေးအာချီဝနှင့် ၎င်း၏ အဖွဲ့ဝင်အချို့ကြောင့်လည်း မြန်မာလူမျိုးများ ဖမ်းဆီးခံရမှု ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်နေကြသည်။

    “ကျနော်တို့တောင် ထိုင်းနိုင်ငံလာပြီး အလုပ်သမားရေးဆောင်ရွက်နေတာ၊ နှုတ်ခမ်းမွှေး ဆိုရင်လည်း အခုလုပ်နေတာတွေ လုပ်ပိုင်ခွင့်ရှိလားဆို မရှိဘူး။ ဒါပေမယ့် သူလုပ်နေတယ်။ သူ့လူမျိုးတွေကို ကာကွယ် စောင့်ရှောက်တဲ့ပုံစံနဲ့လုပ်တော့ သူ့ လူမျိုးတွေက အားပေးတယ်။ သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို နားလည်တော့ အဲဒီပုံရိပ်ကိုယူထားတာပါပဲ။ ထိုင်းဥပဒေအရ သူများတွေ အကျိုးရှိမယ်ဆိုရင် လုပ်လို့ရတယ်ပေါ့”ဟု ဦးခိုင်ကြီးက ပြောသည်။

    အယုဒ္ဓယမြို့ရှိ မြန်မာများနေထိုင်ရာသို့ နှုတ်ခမ်းမွှေးခေါင်ဆောင်သည့် ထိုင်းမျိုးချစ်အဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုများလည်းရှိနေကြောင်း ထိုင်းရောက်မြန်မာများထံမှ သိရသည်။

    “အခုက ထိုင်းမှာအခြေအနေအရ လာနေရတာ။ သတင်းတွေ မြင်ရ ကြားရတာ စိတ်မချမ်းသာရဘူး။ နေရထိုင်ရတာလည်း ကျဉ်းကျပ်ရတယ်။ ကျမဆို ဈေးတောင် မသွားရဲဘူး။ စကားလည်း မပေါက်နေတော့ တခုခုဖြစ်မှာ စိုးရိမ်လို့” ဟု ချွန်ဘူရီ ခရိုင် ဘန်လမွန်မြို့နယ် နေသူတဦးက ပြောသည်။

    အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသူဦးရေမှာ သန်းနှင့်ချီ ရှိနေရာ အိမ်ရှင်နိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်ပွားမှုက ကျန်ရှိနေသည့် သန်းနှင့်ချီသော မြန်မာများအပေါ် ရိုက်ခတ်မှု များရှိလာမည်ကို စိုးရိမ်မှုများလည်းရှိနေပြီး အနေအထိုင် ဆင်ခြင်ကြရန် အလုပ်သမားရေး ဆောင်ရွက်သူများက သတိပေးနေကြသည်။

    ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (Labour Rights Foundation -LRF) မှ ဦးအောင်ကျော်က “အခုဆို ရောက်နေသူက ၆သန်းလောက်ထိ ရှိနေပြီ။ ဒီလူတွေအကုန်လုံးဟာ ကိုယ့်တိုင်းပြည် ပြန်ပြီး ဘဝကိုရပ်တည်နိုင် တဲ့ အခြေအနေမရှိသေးပါဘူး။ ဒါကြောင့် ကိုယ်မှီခိုနေရတဲ့ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုကို နားလည်ပြီး ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေဖို့၊ ကိုယ့်ဘက်ကနေ အမှားကျူးလွန်တာ ဘယ်သောအခါမှ မလုပ်မိစေဖို့၊ လုပ်မိရင် ကိုယ်တယောက်ထဲခံရမှာ မဟုတ် ဘဲ မြန်မာနိုင်ငံသားအားလုံးကို ထိခိုက်နိုင်တဲ့အတွက် အထူးဂရုပြုနေထိုင်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။

    လတ်တလော ဧရာဝတီမှ ကောက်ယူရရှိထားသည့်အချက်အလက်များအရ ဇန်နဝါရီလ ၁၅ ရက်မှ ယနေ့အထိ တရားမဝင်လုပ်ငန်းများလုပ်ကိုင်နေသည့်အတွက် ဖမ်းဆီးခံရသူ ၉၀ ခန့်နှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်သဖြင့် ဖမ်းဆီးခံခဲ့ရသူ ၃၀၀ နီးပါးရှိလာပြီဖြစ်သည်။

    ထိုင်းနိုင်ငံအတွင်း အလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း သို့မဟုတ် ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်ခြင်းတို့အတွက် ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဆောင်ရနိုင်ပြီး နေရပ်ပြန်ပို့ခံရနိုင်ကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် (၂) နှစ်အထိ ပိတ်ပင်ခံရမည်ဖြစ်သည်။

    အလုပ်ရှင်ဘက်မှ အထောက်အထားမဲ့ အလုပ်သမားတယောက် ခန့်ထားမိပါက အနည်းဆုံး ဒဏ်ငွေ ၁၀,၀၀၀ ဘတ်မှ ၁၀၀,၀၀၀ ဘတ်အထိ ကျခံရနိုင်ပြီး ထပ်တလဲလဲ ကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ ဒဏ်ငွေ ဘတ် ၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ဖြစ်စေ ချမှတ်ခံရနိုင်ပြီး နိုင်ငံခြားသားအလုပ်သမား ခန့်ထားခွင့် ၃ နှစ် ပိတ်ပင်ခံရနိုင်သည်။

    ထိုင်းနိုင်ငံတွင် ဈေးရောင်းလှည့်လည်ရောင်းချခြင်းလုပ်ငန်း၊ ဆံပင်ညှပ် အလှပြင်လုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီလုပ်ငန်း အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများကို လုပ်ပိုင်ခွင့် တားမြစ်ထားသော လုပ်ငန်း ၂၇ မျိုးရှိသည်။

    စစ်ကော်မရှင်၏ ၂၀၂၅ အောက်တိုဘာလထုတ် လူဦးရေနှင့် သန်းခေါင်စာရင်များအရ ပြည်ပသို့ ရောက်ရှိနေသည့် လူဦးရေ ၁ ဒသမ ၁၂ သန်း ကျော်ရှိကာ အိမ်ထောင်စု ၁၀ ဦးတွင် ၇ ဦးက အိမ်နီးချင်းထိုင်းနိုင်ငံထဲသို့ ရောက်ရှိနေကြောင်း ဖော်ပြထားသည်။

  • လောင်းလုံးတွင် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်

    လောင်းလုံးတွင် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်

    လောင်းလုံးတွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီး

    မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက်

    တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်နေစဉ် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိပြီး ရဲစခန်း အဆောက်အဦးတချို့ မီးလောင်ပျက်စီးကာ မဲပုံးလာပို့သည့် ကားပါ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့ပေါ်၌ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲပြုလုပ်နေစဉ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ရဲစခန်းအတွင်းရှိ အဆောက်အဦးတချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရခြင်းကြောင့် တပ်တွင်း မိသားစုတချို့သာ မဲလာပေးပြီး ပြည်သူများ မဲပေးခြင်းလုံးဝမရှိသောကြောင့် လောင်းလုံးမြို့ပေါ် မဲရုံကို ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ထို့ပြင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ မဲရုံကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲ တိုက်ခိုက်ခံရပြီး စစ်သားများသည် မဲရုံပိတ်သိမ်း၍ ထွက်ပြေးသွားကြောင်း သိရသည်။

    အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ထားဝယ်မြို့ပေါ်မှ လောင်းလုံးမြို့ပေါ်သို့ မဲပုံးများလာပို့သည့် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထားဝယ်-လောင်းလုံး လမ်းပိုင်းတနေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရှိရသည်။

    “လောင်းလုံးမြို့နယ်ထဲမှာ ရွေးကောက်ပွဲက နေရာ ၄ ခုလောက်မှာပဲ လုပ်နိုင်တယ်။ မြို့ပေါ်မှာဆို ဒီနေ့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ မဲရုံတောင် မလုပ်နိုင်ဘူး။ သူတို့ တပ်မိသားစုဝင်တချို့လောက်ပဲ မဲပေးတာရှိတယ်။ ပြည်သူတွေ လုံးဝမဲလာမပေးဘူး။ ရဲစခန်းကတော့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရလို့ အဆောက်အဦးတချို့ မီးလောင်သွားတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ နောက်ပြီး မောင်းမကန်ရွာ မဲရုံလည်း ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခံရလို့ စစ်ခွေးတွေ ညနေပိုင်းတောင် မစောင့်နိုင်ဘဲ မဲရုံသိမ်းသွားတယ်လို့ သိရတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    လောင်းလုံးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က တောရှည်ရွာ၊ ကမြောကင်းရွာနှင့် မောင်းမကန်ရွာတို့တွင်သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး မဲလာပေးသူ မရှိသလောက် နည်းပါးကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

  • မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု

    မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု

    ရန်ကုန်နှင့်မန္တလေးတွင် ပြုလုပ်မည့် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြု

    ICJ တရားရုံးကို မထီမဲ့မြင်ပြုရာ ရောက်နိုင်သည်ဆိုသော အကြောင်းပြချက်ပေး

    ရန်ကုန်နှင့်မန္တလေးတွင် ပြုလုပ်မည့် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များ၏ ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို စစ်ကော်မရှင်က ခွင့်မပြုကြောင်း ရန်ကုန်အခြေစိုက် အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ဇန်နဝါရီလ ၂၇ ရက်နေ့ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် မဘသနှင့်အမျိုးသားရေးအစွန်း ရောက်များက ဂမ်ဘီယာနိုင်ငံ အပေါ် ရှုတ်ချပွဲကို ပြုလုပ်ရန် စစ်ကော်မရှင်ထံသို့ ငြိမ်းစုစီ ဥပဒေအရ လျှောက်ထားခဲ့သော်လည်း စစ်တပ်က ခွင့်ပြုချက်မပေးဘဲ ပယ်ချခဲ့ကြောင်း သိရှိရသည်။

    “ရန်ကုန်မှာလုပ်မယ့် ဂမ်ဘီယာနိုင်ငံ ရှုတ်ချပွဲက ပျက်သလောက်တော့ဖြစ်နေတယ်။ ခွင့်ပြုချက်မရလို့။ ထပ်တော့ကြိုးစားနေတယ်။ အနီးကပ်မှ ရမလားတော့မသိသေးဘူး” ဟု ရန်ကုန်အခြေစိုက် အမျိုးသားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    အလားတူ မန္တလေးမြို့နယ်၊ မဘသအဖွဲ့က ဂမ်ဘီယာနိုင်ငံကို ရှုတ်ချပွဲကျင်းပရန် စီစဉ်ထားသော်လည်း စစ် ကော်မရှင်ခွင့်ပြုပေးခဲ့ခြင်းမရှိသဖြင့် ဖျက်သိမ်းလိုက်ကြောင်း မဘသဆရာတော်တစ်ပါးဖြစ်သည့် ဦးကန္ဒဝိရ(လှည်းကူး)က လူမှုကွန်ရက်မှတဆင့် ထုတ်ဖော်ပြောဆိုထားသည်။

    လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မန္တလေးမြို့၌ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ICJ တရားရုံးတွင် တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံကို ကန့်ကွက် ရှုတ်ချကြောင်း ပွဲလုပ်ရန်စီစဉ်ထားကြောင်း၊ ထိုသို့ စီစဉ်ထားသည့် ပွဲကို စစ်ကော်မရှင်ထံ တင်ပြခဲ့ရာ ခွင့်ပြုပေးခြင်းမရှိသဖြင့် ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း အသိပေးထားသည်။

    ‘အခုပြောချင်တာက မန္တလေးမှာ ကျင်းပမယ့် ဂမ်ဘီယာနိုင်ငံကို ရူတ်ချပွဲ စစ်တပ်က ခွင့်မပြုလို့ ဖျက် သိမ်းတဲ့အကြောင်းပါ။ ဂမ်ဘီယာနိုင်ငံကို ရူတ်ချပွဲက ဇန်နဝါရီလ ၂၇ ရက်လုပ်မယ်ဆိုပြီးတော့မှ တင်ထားကြ တာ။ အဲ့လိုမန္တလေးမှာ လုပ်မယ့်ပွဲ ကန့်ကွက်ပွဲ ပျက်ပြယ်သွားပါတယ်။ သက်ဆိုင်ရာ အစိုးရက ခွင့်မ ပြုဘူး။ သူတို့က ဦးကိုကိုလှိုင်တို့ ပြန်လာတဲ့အခါကျ ကြိုဆိုပွဲတို့ နောက်ပိုင်းမှ အောင်မြင်သွားရင်‌ အောင်ပွဲတို့ အဲ့လိုပွဲတွေကြရင်တော့ လုပ်စေချင်ကြတာပေါ့။ လောလောဆယ်မှာက ဂမ်ဘီယာ နိုင်ငံက ICJ တရားဆွဲထားတာနဲ့ ပတ်သတ်ပြီးတော့ ICJ မှာ မြန်မာနိုင်ငံက အခြေနေကောင်း တယ်လေ။ အဲ့ဒါကြောင့်မို့ မလုပ်စေချင်ဘူးလို့ ထင်တာပဲ။” ဟု မဘသ ဆရာတော် ဦးကန္ဒဝီရ (လှည်းကူး) က ပြောဆိုထားသည်။

    ဂမ်ဘီယာရှုတ်ချပွဲများကို မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ၊ အမျိုးသားရေးအဖွဲ့များက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဦးဆောင်သူများတွင် ဝင်းကိုကိုလတ်နှင့် သုစိတ္တတို့လည်း ပါဝင်ကြသည်။

    ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ နှင့် တရားသူကြီးများကို ဝေဖန်ပုတ်ခြင်းမပြုရန် ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

    ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ကိုကိုလှိုင်ဦးဆောင်သော Agent of Myanmar အဖွဲ့ကို မြေပြင်ထောက်ခံပွဲများပြုလုပ်ရာတွင် တရားရင်ဆိုင်ဆဲကာလဖြစ်၍ ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြရန် ၊တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မပြုလုပ်ကြရန် စစ်တပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

    ထောက်ခံပွဲများတွင် Agent of Myanmar အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန် စစ်တပ်က ညွှန်ကြားထားသည်။​

    အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တွင် မြန်မာနိုင်ငံက လူမျိုးပြုန်းစေမှု ကာကွယ်ရေးဆိုင်ရာ စာချုပ်ပါ တာဝန်တ္တရာများအရ ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်သည့် လုပ်ရပ်များကို တားဆီး ရန်နှင့် အပြစ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားရာ ယင်းအမှုနှင့်ပတ် သက်၍ ယခုဇန်နဝါရီလအတွင်း နှစ်ဖက် ကြားနာ စစ်ဆေးမှုများ ICJ က ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

  • တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ဆိုင်အတွင်းဝင်ရောက်ကာ ပြန်ပေးဆွဲခံရ (ရုပ်သံ)

    တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ဆိုင်အတွင်းဝင်ရောက်ကာ ပြန်ပေးဆွဲခံရ (ရုပ်သံ)

    ရှမ်းပြည်နယ်အရှေ့ပိုင်းက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

    ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနောက်ဘက် မြို့ပတ်လမ်းပေါ်ရှိ ရွှေသဲအိမ်ဆောက်ပစ္စည်းဆိုင်အနီး တရုတ်ကုန်စုံဆိုင်က အသက် ၄၀ ဝန်ကျင်းရှိ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။

    လူမှုကွန်ယက်မှာ ပျံနှံ့လာတဲ့ ဗီဒီယိုဖိုင်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၄ ဦးဟာ လက်နက်တွေကိုင်ဆောင်ပြီး ကားအဖြူပေါ်ကဆင်းလာကာ ဆိုင်အတွင်းမှာထိုင်နေတဲ့ အမျိုးသမီးကို အတင်းချုပ်နှောင်ကာ ကားပေါ်ကိုတင်ပြီး မောင်းထွက်သွားတာကိုတွေ့ရပါတယ်။

    အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိမ်မြို့အနှံ့ကိုပိတ်ဆိုပြီး ရှာဖွေတာတွေ ပြုလုပ်နေပေမယ့် အခုချိန်ထိ ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တိုးနယားအပိုင်းမှာနေထိုင်သူ ဦးစိုင်းဟန်လင်းကိုလည်း အမျိုးသား ၄ ဦးက တိုးနယားကွင်းထဲမှာ ကားပေါ်ဆွဲတင်ကာ ပြန်ပေးဆွဲခေါ်ဆောင်မှု ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။

  • ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ မှာ ဆိုင်ကယ်မောင်းပြိုင်ပွဲပြုလုပ်ရာက

    ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ မှာ ဆိုင်ကယ်မောင်းပြိုင်ပွဲပြုလုပ်ရာက

    ကဒါ့ ပြည်နယ်, Kupang

    ဘတ်တာဝပ်.. ကူလင်း အဝေးပြေးလမ်းမကြီးပေါ် မှာ ဖြစ်ပွားခဲ့ ဆိုင်ကယ်အက်ဆီးဒင့်,

    ယနေ့ ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ မှာ ဆိုင်ကယ်မောင်းပြိုင်ပွဲပြုလုပ်ရာကနေ

    အက်ဆီးဒင့်ဖြစ်ပွားခဲ့ တယ်လို့သိရပြီး

    ခေါင်းထိခိုက်ဒဏ်ရာရရှိသူကတော့

    နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ

    နောက်ထပ် ၈ ဦးက အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

    ရွှေမြန်မာများဆိုင်ကယ်မောင်းနှင်သူများ

    အထူးဂရုစိုက်ပါ