ရှမ်းပြည်နယ်အရှေ့ပိုင်းက ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် ဆန်ဆိုင်းဈေးအနောက်ဘက် မြို့ပတ်လမ်းပေါ်ရှိ ရွှေသဲအိမ်ဆောက်ပစ္စည်းဆိုင်အနီး တရုတ်ကုန်စုံဆိုင်က အသက် ၄၀ ဝန်ကျင်းရှိ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲခံရတာဖြစ်တယ်လို့ သိရပါတယ်။

လူမှုကွန်ယက်မှာ ပျံနှံ့လာတဲ့ ဗီဒီယိုဖိုင်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသား ၄ ဦးဟာ လက်နက်တွေကိုင်ဆောင်ပြီး ကားအဖြူပေါ်ကဆင်းလာကာ ဆိုင်အတွင်းမှာထိုင်နေတဲ့ အမျိုးသမီးကို အတင်းချုပ်နှောင်ကာ ကားပေါ်ကိုတင်ပြီး မောင်းထွက်သွားတာကိုတွေ့ရပါတယ်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီး စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေဟာ တာချီလိမ်မြို့အနှံ့ကိုပိတ်ဆိုပြီး ရှာဖွေတာတွေ ပြုလုပ်နေပေမယ့် အခုချိန်ထိ ဖမ်းဆီးရမိတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တိုးနယားအပိုင်းမှာနေထိုင်သူ ဦးစိုင်းဟန်လင်းကိုလည်း အမျိုးသား ၄ ဦးက တိုးနယားကွင်းထဲမှာ ကားပေါ်ဆွဲတင်ကာ ပြန်ပေးဆွဲခေါ်ဆောင်မှု ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရှိရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *