Category: News

  • ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ယုဇနပလာဇာအနီးမှာ မီးလောင်မှုဖြစ်နေလို့ Level 2 အဆင့်နဲ့ ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း မှာမီးလောင်ခဲ့တာဖြစ်ပါတယ်။

    ” မီးတအားများတယ်။ မီးသတ်ကား​တွေ အတော်များတယ်။ ပလာဇာရှေ့မှာ လမ်း​တွေလည်း ပိတ်နေတယ်။ မီးခိုးတွေလည်းတက်နေတုန်းပဲ” လို့ ယုဇနပလာဇာ အနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

    နှင်းဆီလမ်းနဲ့ ကပ်လျက် စံပယ်လမ်းမှာနေထိုင်သူတစ်ဦးကတော့ မီးထိန်းနိုင်တဲ့ အခြေအနေဆိုပေမဲ့ မီးခိုးတွေဆက်ရှိနေတဲ့ အခြေအနေလို့ပြောပါတယ်။

    ” စံပယ်​လမ်း​မှာ​ဆို မီး​ခိုး​တွေ​နဲ့ ဖုံး​နေ​ပြီး လမ်း​တောင်​ မ​မြင်​ရ​တော့​ဘူး​။ မီး​ခိုး​တွေ​က တက်​နေ​တုန်း​ပဲ။ မီးခိုး​က မ​ဖြူ​သေး​ဘူး၊ မည်း​လိုက်၊ မီးခိုး​ရောင်​ ဖြစ်​လိုက်​နဲ့၊ လောင်​လို့​ ကောင်း​နေ​တုန်း” လို့ ပြောပါတယ်။

    လက်ရှိမှာ မီးငြှိမ်းသတ်နေဆဲဖြစ်လို့ ဆုံးရှုံးမှုနဲ့ ထိခိုက်မှုအခြေအနေတွေကို မသိရသေးပါဘူး။

    ယုဇနပလာဇာ အနီးမီးလောင်မှု Level 2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရပြီး မီးကြွင်းမီးကျန် ဆက်လက်ငြှိမ်းသတ်နေ

    ရန်ကုန် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ စျေးကြီးအနီးရှိ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းထဲက တိုက်ခန်းတခုမှာ မီးလောင်မှု ဖြစ်ပွားနေပြီး Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

    မနက် ၁၀ နာရီ ၃၀ မိနစ်လောက်ကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုက ၁ နာရီကျော်လောက်ကြာမြင့်ခဲ့ပါတယ်။

    လက်ရှိမှာ မီးငြိမ်းသွားပေမယ့် မီးကြွင်းမီးကျန်တွေ ကျန်ရှိနေတဲ့အတွက် ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ် တယ်လို့ သိရပါတယ်။

    ” မီးကအထဲမှာ လှိိုက်လောင်တော့ ငြိမ်းသတ်နေရဆဲပါ။ မီးသတ်ကားတွေလည်း များပါတယ်။ယုဇနပလာဇာဘေး နှင်းဆီလမ်းထဲက တိုက်ခန်းမှာ လောင်တာပါ ။ ” လို့ မီးလောင်ပြင်မှာ ကူညီရေးလုပ်နေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။

    အဆိုပါ မီးလောင်မှုကို ၁၁ နာရီ ၄ မိနစ်မှာ မီးထိန်းနိုင်ပြီး ၁၁ နာရီ ၄၂ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။

    မီးလောင်မှုအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ မီးလောင်ရတဲ့ ဖြစ်စဥ်ကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး ။

    ဓာတ်ပုံ – မီးသတ်ဌာန

  • မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မန္တလေး – မိုးကုတ် လမ်းပိုင်းကို ထိန်းချုပ်ပြီးနောက် မြို့အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ဖို့ စစ်အုပ်စုကြိုးစားလာတာဖြစ်

    မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မြို့အုပ်ချုပ်ရေးယန္တရားပြန်လည် အသက်သွင်းဖို့အတွက် တိုက်ပွဲဖြစ်ပွားနေချိန်မျာ ဌာနပေါင်းစုံကနေ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ Non -CDM ဝန်ထမ်းတွေကို ဇန်နစစ်အုပ်စုတပ်က လုံခြုံရေးပေးပြီး ခေါ်ဆောင်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဌာနဆိုင်ရာမှာ လုပ်ကိုင်နေကြတဲ့ Non-CDMတွေ ရာနဲ့ချီလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာ မြို့အလည်က အောင်နန်းရပ်ကွက်က ကျောင်းကြီးအရှေ့ကို ရောက်ရှိနေတာလို့ မိုးကုတ်မြို့မှာ ဆက်လက်နေထိုင်နေတဲ့ အမျိုးသမီးဒေသခံတစ်ဦးက အတည်ပြု ပြောပါတယ်။

    “ရောက်နေပြီ ကျွန်မတို့ အိမ်နားက ကျောင်းကြီးရှေ့မှာ ကားတွေ အများကြီးပဲ ။ လမ်းမှာတော့ လူရှင်းသွားပြီ “

    အပစ်ရပ်ကမ်းလှမ်းချက်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံကနေ မိုးကုတ်နဲ့မိုးမိတ်မြို့တို့ကို စစ်အုပ်စုတပ် လွဲပြောင်းယူပြီးနောက် မြို့အုပ်ချုပ်ရေး ယန္တရားပြန်လည်ပတ်နိုင်ဖို့အတွက် မန္တလေးမြို့မှာ ရောက်ရှိနေကြတဲ့ Non-CDM ဝန်ထမ်းတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ခေါ်ဆောင်ဖို့ စီစဉ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    လက်ရှိရောက်ရှိလာတဲ့ ဌာနဆိုင်ရာ Non-CDMဝန်ထမ်းတွေဟာ ပထမတစ်သုတ်အနေနဲ့ ရောက်ရှိနေတာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေသူတွေကိုလည်း ထပ်မံခေါ်ဆောင်ဖို့ စီစဉ်နေတယ်လို့ နောက်ထပ် မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

    “စတော့မှာပေါ့၊ အခုဆို မိုးကုတ်၊ ဖော့တော၊ မန်း လမ်းကို သူတို့အကုန်စီးမိပြီဆိုတော့ လမ်းပြန်ဖွင့်တော့မယ်ထင်တယ်”

    လက်ရှိ မိုးကုတ်–ဖော့တော–သပိတ်ကျင်း–စဉ့်ကူး–မန္တလေး ကားလမ်းတလျှောက်ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ပြည်သူတွေ မြို့တွင်းကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက် အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းနေတာလို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

    နောက်ထပ် အမည်မဖော်လိုတဲ့ မိုးကုတ်ဒေသခံတစ်ဦးကတော့ အခုရက်ပိုင်းအတွင်းမှာပဲ မိုးကုတ်မြို့ကို ပြန်လည်ဝင်ရောက်လာသူတွေ တဖြည်းဖြည်း များလာတယ်လို့ ပြောပါတယ်။

    “တခြားနေရာတွေမှာ နေရတာ စရိတ်ကြီးလာတော့ ကိုယ့်အိမ်ရှိတဲ့ မိုးကုတ်ကို ပြန်လာကြတာ များလာပါတယ်။ လူစည်လာသလို အလုပ်လုပ်နေတဲ့သူတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် ပစ်ခတ်သံတွေ၊ လေကြောင်းသံတွေ ကြားလိုက်ရင်တော့ တစ်ချိန်တည်းမှာ လူတွေ အကုန် ကိုယ့်အိမ်ကို ပြန်ဝင်သွားပြီး မြို့ထဲမှာ ခဏအတွင်း လူရှင်းသွားတတ်ပါတယ်”

    ဒါ့အပြင် မိုးကုတ်ကို လေကြောင်းတိုက်ခိုက်မှု ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ မန္တလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဌာန(လဝက)ရုံးဆိုင်ရာတဲ့ ကိစ္စတွေကို မိုးကုတ်မြို့နယ်မှာ ပြန်လည်ဆောင်ရွက်ကြဖို့ ညွှန်ကြားနေကြောင်း သူကဆိုပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လမှာ သပိတ်ကျင်းမြို့ကို စစ်အုပ်စုက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဒီဇင်ဘာလမှာ စဉ့်ကူးမြို့ကိုပါ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အခုနှစ် ဇန်နဝါရီလမှာတော့ မန္တလေး–သပိတ်ကျင်း–ဖော့တော–မိုးကုတ် လမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်ပြီးနောက် ထိုးစစ်တွေဆက်တိုက်လုပ်ဆောင်ကာ မန္တလေး – မိုးကုတ် လမ်းပိုင်းတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်သွားခဲ့တာဖြစ်ပါတယ်။

    လတ်တလောမှာလည်း မိုးကုတ်မြို့အတွင်းမှာ စစ်အုပ်စုတပ်က လက်နက်ကြီးပစ်ခတ်တာကလွဲရင် တိုက်ပွဲငြိမ်သက်နေပြီး မြို့တွင်းလူသွားလူလာ ပြန်ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဓာတ်ပုံ- TNLA၊ TNLA သိမ်းပိုက်အုပ်ချုပ်နေတဲ့ မိုးကုတ်မြို့ကို ၂၀၂၄ က တွေ့ရစဉ်

    ဓာတ်ပုံ – စစ်အုပ်စု၊ သပိတ်ကျင်းနယ် လိပ်ကျရွာကို ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု

  • တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်

    တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်

    တောင်ကြီးမြို့ရှိ အောင်မြေသစ်ကိုယ်ပိုင် အထက်တန်းကျောင်းပိုင်ရှင်၏ သားဖြစ်သူက Grade 12 ကျောင်းသူ ကိုမုဒိမ်းကျင့်

    ရဲစခန်းတွင် အမှုဖွင့်ထား၍ လတ်တလော ကျောင်းပိတ်ထားရ

    ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက်၊ ကျန်းမာရေးရုံးလမ်းမှာရှိတဲ့ အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်းပိုင်ရှင် ဦးမောင်မောင်ရဲ့ အသက် ၂၉ နှစ်အရွယ်ရှိသားဖြစ်သူ ဇာနည်သွေးက အဆောင်နေပြီး ကျောင်းလာတက်နေတဲ့ ကျောင်း သူတစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တယ်လို့ တောင်ကြီးဒေသခံပြည်သူတွေ ကပြောပါတယ်။

    မုဒိမ်းပြုကျင့်ခံရတဲ့ ကျောင်းသူမှာ ဆီဆိုင်မြို့မှ Grade 12 အတန်း လာတက်ရောက်နေသူဖြစ်ပြီး ဇန်နဝါရီ လ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန် အဲဒီကျောင်းသူက ခေါင်းကိုက်နေတာကြောင့် ဆရာမထံ ခွင့်တောင်းပြီး အဆောင်မှာပြန်နားနေခဲ့ပါတယ်။ အဲဒီအချိန် မွန်းလွဲ ၁ နာရီလောက်မှာ ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ ဇာနည်သွေး ရောက်ရှိလာပြီး ခြိမ်းခြောက်ရိုက်နှိက်ကာ အလိုမတူဘဲ အဓမ္မ ပြုကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီကျောင်းသူမိန်းကလေးရဲ့ အရှက်ကို ငှဲ့တဲ့အနေနဲ့ မိဘဖြစ်သူတွေက ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့ ကျောင်းပိုင်ရှင် ဦးမောင်မောင်ကို ပြောဆိုခဲ့ပေမယ့် ဦးမောင်မောင်က ဘယ်သူမှဂရုစိုက်ဘူးလို့ဆိုပြီး မောက်မောက်မာမာပြန်လည်ပြော ဆိုခဲ့၍ ညှိနှိုင်းလို့မရခဲ့ဘူးလို့ အဲဒီဖြစ်ရပ်ကို သိထားတဲ့ တောင်ကြီးဒေသခံတစ်ဦးကပြောသည်။

    အဲဒီလိုညှိနှိုင်း၍ မရတာကြောင့် အောင်မြေသစ်ပုဂ္ဂလိက ကျောင်းမှာ ကျောင်း ပိုင်ရှင် ဦးမောင်မောင်ရဲ့ အသက် ၂၉ နှစ်အရွယ်ရှိ သားဖြစ်သူကို မနေ့ကပဲတောင်ကြီးရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်လှစ်ခဲ့ပြီး နောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

    လတ်တလော တာဝန်ရှိသူတွေက အဆိုပါ အောင်မြေသစ် ပုဂ္ဂလိက ကျောင်းကို ပိတ်ထားခိုင်းတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

  • ကုလ နေရာ အစားထိုးမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရန် နိုင်ငံ ၆၀ ကို ထရမ့်ပ် ကမ်းလှမ်း

    ကုလ နေရာ အစားထိုးမည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရန် နိုင်ငံ ၆၀ ကို ထရမ့်ပ် ကမ်းလှမ်း

    ကုလသမဂ္ဂကို အစားထိုးဖို့ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဝင်ရောက်ဖို့ နိုင်ငံပေါင်း ၆၀ လောက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ်းလှမ်းလိုက်ပါတယ်။

    အဖွဲ့ဝင်သက်တမ်းကို ၃ နှစ်ကန့်သတ်ထားပြီး အမြဲတမ်းအဖွဲ့ဝင် ဖြစ်ချင်ရင်တော့ လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့ တနိုင်ငံကို ဒေါ်လာ ၁ ဘီလီယံစီ ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။

    ဒီအဖွဲ့မှာ ထရမ့်ပ်က တသက်တာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဂါဇာအရေးအပြင် တခြားပဋိပက္ခတွေကိုပါ ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

    ကုလသမဂ္ဂနဲ့ စင်ပြိုင်ဖြစ်နေတဲ့အတွက် နိုင်ငံအများစုက သတိထားတုံ့ပြန်နေကြပေမဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကတော့ ချက်ချင်းလက်ခံကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

    အိမ်ဖြူတော်ကတော့ “ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကို နက်နက်ရှိုင်းရှိုင်း သန္နိဋ္ဌာန်ချထားတဲ့ နိုင်ငံတွေကို အမြဲတမ်းအဖွဲ့ဝင်နေရာ ကမ်းလှမ်းထားတာဖြစ်ပါတယ်” လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

    အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီက သူ့ဘက်က လုပ်စရာရှိတာလုပ်ဖို့ အသင့်ပဲလို့ပဲ ပြောထားပါတယ်။

    ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးကတော့ ပါဝင်ဖို့ မူအားဖြင့် သဘောတူထားပေမဲ့ အသေးစိတ်ကို စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

    ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ခွင့်ပြုပေးခဲ့ပေမဲ့ ၂၀၂၇ အထိပဲဖြစ်သလို ဂါဇာပဋိပက္ခတစ်ခုတည်းကိုပဲရည်ရွယ်တာ ဖြစ်ပါတယ်။

    အဲဒီကတည်းက ဂါဇာအနာဂတ်အတွက် ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ရှင်းရှင်းလင်းလင်း မဖော်ပြဘူးလို့ ဗီတိုအာဏာပိုင်တဲ့ ရုရှားနဲ့ တရုတ်က ဝေဖန်ခဲ့ကြပြီး မဲမပေးဘဲ ကြားနေခဲ့ကြပါတယ်။

    ဘုတ်အဖွဲ့ဝင်တွေအဖြစ် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနဲ့ ထရမ့်ပ်ရဲ့ သမက် ဂျရက်ကွတ်ရှ်နာတို့ ပါဝင်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

    ဖိတ်ကြားခံရတဲ့အထဲမှာ ပြင်သစ်၊ ဂျာမနီ၊ ဥရောပကော်မရှင်နဲ့ အရှေ့အလယ်ပိုင်း အင်အားကြီးနိုင်ငံတချို့ ပါဝင်တယ်လို့ သိရပါတယ်။

    Source: Reuters

  • ဂန့်ဂေါခရိုင် စစ်ဆင်ရေး၌ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံး

    ဂန့်ဂေါခရိုင် စစ်ဆင်ရေး၌ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံး

    မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း စစ်ဆင်ရေးတခုမှာ စစ်ကောင်စီလက်အောက်ခံ ၄၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားနဲ့အတူ ပျူစောထီးကျေးရွာ ၂ ရွာ ကို သိမ်းပိုက်ရရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဂန့်ဂေါခရိုင်အတွင်းမှာ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားကြတဲ့နေရာတွေနဲ့ ပျူစောထီးရွာ တပ်စခန်းတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက်စောပိုင်းကနေ Yawland Opreation စစ်ဆင်ရေးနာမည်နဲ့ စတင်ထိုးဆင်စစ်တိုက်ခိုက်နေတာဖြစ်ပြီးတော့ အခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ အထိ တိုက်ပွဲတွေအတွင်း စကစရဲ့ လေကြောင်းပစ်ကူတွေကြားထဲကနေ ပျူစောထီးရွာ ၂ ရွာကို သိမ်းပိုက်ရရှိထားပြီး​တော့ ရန်သူ့အလောင်း ၄၂ လောင်းလည်း တွေ့ရှိထားပါတယ်။ နောက်ဆက်တွဲ တိုက်ပွဲသတင်းတွေကိုတော့ အခွင့်သင့်ရင်သင့်သလို ဆက်လက်ထုတ်ပြန်ပေးသွားမှာပါ” လို့ ပြောပါတယ်။

    စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီလက်အောက်ခံတွေဆီကနေ G3 သေနတ် ၄ လက်၊ ကာဘိုင်သေနတ် ၂ လက်၊ ခါးချိုးသေနတ် ၂ လက်၊ Jumber စက် ၁ လုံး၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ လခြမ်းမိုင်း ၃ ခု၊ ချိန်း ၁ ခု၊ G3 ကျည်အတောင့် ၆၀၊ ၇.၆၂ ကျည် ၂၂၅ တောင့်၊ ကာဘိုင်ကျည် ၁,၁၈၅ တောင့်၊ လက်ပစ်မိုင်း ၁ လုံး၊ စကားပြောစက် ၃ လုံးတို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဆိုပါ Yawland Opreation စစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာန လက်အောက်မှာရှိကြတဲ့ တပ်ရင်းတွေအပြင် ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့၊ KKG တပ်ရင်း ၅ နဲ့ ၆၊ ဂန့်ဂေါခရိုင် ပကဖ၊ ဂန့်ဂေါမြို့နယ်နဲ့ ဆောမြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ၊ ယောတပ်တော် (YA)၊ YDF (ရဲဘော် ကောင်းကောင်းအဖွဲ့) တို့ ပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

    ဂန့်ဂေါမြို့နယ် ပကဖတာဝန်ခံ ဆရာငြိမ်းက “ဂန့်ဂေါခရိုင်ထဲမှာ ဟံဟာဝတီပျူရွာတို့ မြောက်ခင်ရန်းတို့ အပါအဝင် ပျူစောထီးရွာ ၁၁ ရွာရှိပါတယ်။ ကျနော်တို့တွေရဲ့ စစ်ဆင်ရေး စတဲ့ ၂၇ ရက်နေ့က ဝင်ဝ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ မြောက်ခင်ရန်း၊ ရွှေမြစ်သာ၊ တောကျောင်း ကာကင်းစခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီးတော့ အဲဒီနေ့မှာပဲ ဝင်ဝပျူရွာသိမ်းနိုင်ခဲ့တာပါ။ အခုလ ၄ ရက်နေ့ မနက်ပိုင်းလောက်ကျမှ ရွှေမြစ်သာပျူရွာကို ထပ်ပြီးသိမ်းပိုက်နိုင်ခဲ့ကြတာ” လို့ ပြောပါတယ်။

    တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိအောင်လည်း လုံခြုံတဲ့နေရာတွေဆီကို ရွှေ့ပြောင်းပေးထားပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့ပေးထားသလို ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက် စီစဥ်ဆောင်ရွက်ပေးထားတယ်လို့ ဆရာငြိမ်းက ဆက်ပြောပါတယ်။

    စစ်ကောင်စီတပ်ဟာ ယောဒေသ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို ဇန်နဝါရီ ၄ ရက်ကနေ ၇ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာတာကြောင့် ပြည်သူပိုင်နေအိမ်တွေ ထိခိုက် ပျက်စီးခဲ့ကြရသလို ဒေသခံပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

    Yawland Opreation စစ်ဆင်ရေးမှာပါဝင်တဲ့ တပ်ရင်းတာဝန်ရှိသူတယောက်က “ဂန့်ဂေါခရိုင်ထဲက ပျူရွာတွေက ဘူးလက်လှဆွေ အားထားရတဲ့ရွာတွေဖြစ်ပြီးတော့ မြို့တမြို့၊ တပ်မတခုစာထက် များပြီး၊ ကျယ်ပြန့်တဲ့ စုဖွဲ့ထားမှုနဲ့အတူ ပျူစောထီးအင်အားကလည်း ထောင်ချီပြီးရှိကြပြီးတော့ စကစဘက်က ဂန့်ဂေါမှာ အထိုင်ချတပ်စွဲထားတဲ့ ခလရ ၅၀ နဲ့ အမတ ၃၇၁ တို့ကနေ လက်နက်နဲ့ စားနပ်ရိက္ခာတွေကို အဓိကထောက်ပံ့ပေးနေတာပါ။ ကျနော်တို့ဘက်ကတော့ လက်နက်ခဲယမ်းတွေ ပြည့်စုံလှတယ်တော့ မဟုတ်ပေမဲ့ လက်ရှိအခြေအနေ အရကတော့ တိုက်ပွဲဖြစ်နေတာ မရှိသေးပေမဲ့ စစ်ရေးအခြေအနေ တင်းမာနေတဲ့နေရာတွေကတော့ ရှိနေပါတယ်” လို့ ပြောပါတယ်။

    စစ်ဆင်ရေးနယ်မြေမှာရှိတဲ့ ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ဆင်ရေးကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးအန္တရာယ်တွေကို အထူးသတိပြုသွားလာနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။