Category: News

  • မိုးကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်နေ

    မိုးကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်နေ

    မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ချောင်းကြီးနဲ့ ရှမ်းကုန်းစံကျေးရွာဘက်မှာ ယခုရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲဆီ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၈ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်အတွင်း ဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “၈ ရက်နေ့ကတိုက်ပွဲမှာ စစ်ကူလာတာ ၁၀၀ လောက်ရှိတယ်။ စစ်ကားတွေက ချောင်းကြီး မရောက်ခင်လှည့်ပြန်တာ။ အဲ့ဒီစစ်ကြောင်း ပိတ်အပစ်ခံရတာဖြစ်တယ်”လို့ ချောင်းကြီးရွာမှာရှိနေတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ချောင်းကြီးနဲ့ ရှမ်းကုန်းစံကျေးရွာဟာ မိုးကုတ်မြို့ အရှေ့ပိုင်းကနေသွားရပြီး မိုးကုတ် – ဘားနဒ်ရွာလမ်းပိုင်းမှာ ရှိပါတယ်။

    တိုက်ပွဲတွေဖြစ်နေတာ ရက်အနည်းငယ်ကြာပြီဖြစ်ပြီး ဖေဖော်ဝါရီ ၈ရက် မနက်ပိုင်းမှာ ပိုပြင်းထန်ခဲ့တာပါ။

    “ဇန်နဝါရီလတုန်းက ချောင်းကြီးက စစ်ဘေးရှောင်လင်မယား ဆိုင်ကယ်နဲ့ သွားတာကို စစ်တပ်က ပစ်လို့ မိန်းမ သေသွားသေးတယ်။ စစ်တပ်က ချောင်းကြီးကို ထိန်းချင်တာ။ တိုက်ပွဲကဆက်ဖြစ်နေတာ” လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    အဲ့ဒီရွာတွေပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာကလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး အရပ်သားတွေကို စစ်ကောင်စီတပ်က ထွက်ခွာခွင့်ပိတ်ပင်ခဲ့ပါတယ်။ လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ ယခုတစ်ကြိမ်တိုက်ပွဲမှာလည်း မိုးကုတ်မြို့ထဲကနေ လက်နက်ကြီးတွေ ပစ်ခတ်နေခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

    ယခုရက်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီကသေဆုံးသူ ၈၀ ဦးထက်မနည်းရှိတယ်လို့ စစ်ရေးသတင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးပါဘူး။

    ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကုတ်မြို့အနောက်ပိုင်းမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ပွဲမှုဖြစ်ခဲ့တယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

    “ပြန်ဖို့က မဖြစ်နိုင်သေးဘူး။ အနောက်ပိုင်းမှာ ဖြစ်နေတယ်။ အရှေ့ခြမ်းကတော့ နေရတယ်။ အခုက မြို့ထဲကို ပွဲကဖြစ်နေတာ”လို့ မိုးကုတ်မြို့ခံက ပြောပါတယ်။

    တအာင်းတပ်မတော်(TNLA)က မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ပေးပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်စစ်ကြောင်းတွေက ၂၀၂၅ အောက်တိုဘာမှာ ပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။အဲဒီနောက်ပိုင်း မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီတပ် စစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MOD က အသိပေးထားပါတယ်။

    စစ်ကောင်စီက ဖေဖော်ဝါရီ ၅ ရက်မှာ မိုးကုတ်မြို့အတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ထပ်မံပို့ဆောင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်မနက်ပိုင်းမှာ မိုးကုတ်မြို့ထဲက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတစ်ခုကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

    (တိုက်ပွဲအတွင်းမှာ တွေ့ရတဲ့ မိုးကုတ်ဗျူဟာက ရဲဘော်တစ်ဦး။ ဓာတ်ပုံ – မိုးကုတ်ဗျူဟာ)

  • အထူးသတိပြုရန် – မိုးရွာနိုင်သည့် ဒေသ (၇) ခုနှင့် တနိုင်ငံလုံး နေ့ပူညအေးဖြစ်စဉ်

    အထူးသတိပြုရန် – မိုးရွာနိုင်သည့် ဒေသ (၇) ခုနှင့် တနိုင်ငံလုံး နေ့ပူညအေးဖြစ်စဉ်

    📢 အထူးသတိပြုရန် – မိုးရွာနိုင်သည့် ဒေသ (၇) ခုနှင့် တနိုင်ငံလုံး နေ့ပူညအေးဖြစ်စဉ် 🌧️🌡️

    ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်း နောက်ဆုံးရအခြေအနေအရ အထက်လေပွေလှိုင်းအရှိန်ကြောင့် မြို့ကြီးအချို့တွင် မိုးရွာနိုင်သလို၊ တနိုင်ငံလုံးအတိုင်းအတာ နေ့နဲ့ည အပူချိန်ကွာခြားမှု အလွန်ပြင်းထန်နေပါတယ်။

    🌦️ မိုးရွာနိုင်ချေရှိနေသည့် ဒေသများအနေနဲ့

    နေပြည်တော်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား နဲ့ ရှမ်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။

    နောက် ၂ ရက်အတွင်း တနင်္သာရီနဲ့ ကချင်ပြည်နယ်တို့မှာ မိုးဆက်လက် ရွာနိုင်ခြေ ရှိနေပါသေးတယ်။

    🌡️❄️တနိုင်ငံလုံးနီးပါး နေ့ပူညအေး (၂၁ ဒီဂရီအထိ ကွာခြားနိုင်မှု)

    အပူချိန်ကွာခြားချက် အလွန်များတဲ့ဒေသအဖြစ် (နေပြည်တော်)ဟာ နေ့ဘက် 35°C နဲ့ ညဘက် 14°C အထိ (၂၁ ဒီဂရီခန့်) ကွာခြားသွားနိုင်လို့နေပြည် တော်တကြောက ပြည်သူတွေအနေနဲ့ အထူးသတိပြုပါ။

    အထက်မြန်မာပြည် (စစ်ကိုင်း၊ မကွေး၊ မန္တလေး)

    တိုင်းမှာ နေ့ဘက် ၃၅°C ဝန်းကျင်အထိ ပူပြီး၊ ညဘက်မှာတော့ ၁၆°C မှ ၁၉°C ဝန်းကျင်အထိ ပြန်အေးသွားမှာ ဖြစ်ပါတယ်။

    မနက်ပိုင်းတွေ ပိုသိသာ ပြင်းထန်နိုင်ပါတယ်။

    တောင်ပေါ်ဒေသများဖြစ်တဲ့ (ရှမ်း၊ ကချင်၊ ချင်း)

    တောင်တန်းဒေသများမှာ ညအပူချိန် ၁၀°C ဝန်း ကျင် (ဟားခါးတွင် ၀°C အထိ) နဲ့ ဆက်လက်အေးစိမ့်နေဦးမှာပါ။

    အောက်ပိုင်းဒေသ (ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ)တို့ကတော့ ညဘက်နဲ့ မနက်စောစောမှာ ၁၈°C မှ ၂၀°C ဝန်းကျင်နဲ့ အေးစိမ့်စိမ့် ဆက်ဖြစ်နေပါမယ်။

    ⚠️ ဒီလို ဥတုမညီမျှနေတဲ့အချိန်မှာ

    🩺 • ကျန်းမာရေးအနေနဲ့ မိုးစိုပြီး ညဘက်ပြန်အေးတဲ့ဒဏ်ကြောင့် အအေးမိ၊ နှာစေးရောဂါတွေ မဖြစ်အောင် ဂရုစိုက်ပါ။

    နေ့ဘက်မှာ အိုက်စပ်စပ် ဖြစ်နေပေမဲ့ ညဘက်မှာ အပူချိန်က ရုတ်တရက် ပြန်ကျသွားတတ်လို့ အအေးမိ၊ နှာစေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ မဖြစ်အောင်အပြောင်းအလဲမှာ သင့်တင့်မျှတအောင်နေထိုင်ပါ။

    အထူးသဖြင့် နေပြည်တော်လို အပူချိန်ကွားခြားချက်၂၁ ဒီဂရီ အထိ ကွာခြားနိုင်တဲ့ ဒေသတွေအနေနဲ့ ပိုပြီး ဂရုစိုက်ကြပါ။

    🌾• စိုက်ပျိုးရေးဘက်မှာတော့ မိုးရွာနိုင်တဲ့ ဒေသတွေက တောင်သူတွေအနေနဲ့ ရိတ်သိမ်းပြီးသီးနှံတွေ မိုးစိုမမိအောင် ကြိုတင်ဖုံးအုပ်ထားကြပါ။

    • ခရီးသွားလာတဲ့အခါ မိုးဖွဲရွာချိန် လမ်းချောနိုင်သလို၊ မနက်ပိုင်း မြူဆိုင်းနိုင်တာကြောင့် ကားမောင်းသူများ သတိပြုကြဖို့ လိုပါတယ် ။

    ညဘက်နဲ့ မနက်ပိုင်း အပူချိန်ကျဆင်းမူပိုတဲ့ဒေသတွေကိုသွားလာကြတဲ့အခါ အနွေးထည်လေးတွေလည်း ဆောင်သွားကြပါ။

    🌿 AI Info Team 🌿

  • ဆယ်ကျော်သက် မိန်းကလေးကို အဓမ္မကျင့်ပြီး ဝက်ခြံထဲပစ်ခဲ့ရာ ဝက်များ ကိုက်ဖြတ်၍ သေဆုံးမှု တရားခံအား ထောင်ဒဏ် ၂၃ နှစ် ချမှတ်

    ဆယ်ကျော်သက် မိန်းကလေးကို အဓမ္မကျင့်ပြီး ဝက်ခြံထဲပစ်ခဲ့ရာ ဝက်များ ကိုက်ဖြတ်၍ သေဆုံးမှု တရားခံအား ထောင်ဒဏ် ၂၃ နှစ် ချမှတ်

    ရုရှားတွင် ဆယ်ကျော်သက် မိန်းကလေးကို အဓမ္မကျင့်ပြီး ဝက်ခြံထဲပစ်ခဲ့ရာ ဝက်များ ကိုက်ဖြတ်၍ သေဆုံးမှု တရားခံအား ထောင်ဒဏ် ၂၃ နှစ် ချမှတ်

    ရုရှားနိုင်ငံ၊ ခရက်စ်နိုယက်ဗ် ဒေသရှိ မွေးမြူရေးခြံတစ်ခုတွင် အလုပ်ရှင်၏ ၁၇ နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မကျင့်ကာ သတိလစ်သွားသည်အထိ ထိုးကြိတ် ရိုက်နှက်ပြီးနောက် ဝက်ခြံအတွင်း ပစ်ထားခဲ့သဖြင့် ဝက်များ ကိုက်ဖြတ် စားသောက်ခြင်း ခံခဲ့ရသည့်အမှုမှ တရားခံကို ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်သည်။

    အသက် ၄၂ နှစ်အရွယ် တရားခံ အီဂေါ ဇိုင်ကော့ဗ် ဆိုသူသည် ယခင်က ၎င်း၏ ညီအရင်းကို သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးသူ ဖြစ်သည်။

    ၎င်းထောင်မှ ပြန်လည် လွတ်မြောက်လာချိန်တွင် မွေးမြူရေးခြံပိုင်ရှင်က ဒုတိယအကြိမ် အခွင့်အရေးပေးသည့်အနေဖြင့် အလုပ်ခန့်ထားခဲ့ခြင်း ဖြစ်သော်လည်း ဇိုင်ကော့ဗ်နှင့် အလုပ်ရှင်တို့အကြား ကာလရှည် အငြိုးအတေးများရှိခဲ့သည်။

    အခင်းဖြစ်ပွားသည့်နေ့တွင် ဇိုင်ကော့ဗ်သည် အလုပ်ရှင်နှင့် စကားများခဲ့ပြီးနောက် တိရစ္ဆာန်များကို သတ်ဖြတ်ကာ မွေးမြူရေးတဲများကို မီးရှို့ပစ်မည်ဟူသော ရည်ရွယ်ချက်ဖြင့် အရက်မူးကာ ဝက်ခြံအတွင်း ဝင်လာခဲ့သည်။

    ထိုစဉ် ပိုင်ရှင်၏ သမီးဖြစ်သူ မီလီနာရှီဗယ်ယိုဗာက ဝက်စာကျွေးနေသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းကို တုတ်ဖြင့်ရိုက်၊ လက်သီးဖြင့် ခေါင်းကို အဆက်မပြတ် ထိုးကြိတ်ခဲ့ရာမှ မီလီနာမှာ သတိလစ် မေ့မျောသွားခဲ့ခြင်း ဖြစ်သည်။

    ၎င်းနောက် တရားခံသည် မီလီနာ၏ လက်ကိုင်ဖုန်းကို ယူဆောင်ကာ ထွက်ပြေးခဲ့ပြီး ရိုက်နှက်ခဲ့သည့် တုတ်နှင့် ဖုန်းကို မီးဖိုအတွင်း ထည့်ကာ သက်သေ ဖျောက်ဖျက်ခဲ့သည်။

    မေ့မျောနေသည့် မီလီနာကို သွေးနံ့ရရှိသည့် ဝက်များက ကိုက်ဖဲ့စားသောက်ရာမှ ပေါင်ရှိ သွေးလွှတ်ကြောကြီး ပေါက်ထွက်သွားသည်အထိ ဒဏ်ရာရရှိခဲ့ပြီး သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

    မွေးမြူရေးခြံပိုင်ရှင် ဇနီးမောင်နှံမှာ ထိုအချိန်တွင် စျေးဝယ်ထွက်နေသဖြင့် သမီးဖြစ်သူထံ ဖုန်းဆက်ရာတွင် ဆက်သွယ်၍ မရသောကြောင့် မီလီနာ၏ ရည်စားဖြစ်သူအား သွားရောက် ကြည့်ရှုခိုင်းခဲ့သည်။

    မီလီနာ၏ ရည်စားက ဝက်တဲအတွင်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော အလောင်းကို တွေ့ရှိခဲ့ရသဖြင့် ထိတ်လန့်တကြား အော်ဟစ် အော့အန်ခဲ့ရပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

    ထို့နောက် ရဲတပ်ဖွဲ့က ဇိုင်ကော့ဗ်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းက အဓမ္မကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ဆေးစစ်ချက်များအရ ပြုကျင့်ထားသည့် အထောက်အထားများ တွေ့ရှိခဲ့ရသဖြင့် တရားရုံးက ထောင်ဒဏ် ၂၃ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

    ကိုကလင်း

    Ref:The Sun

  • ဘိုကလေးဈေးရှေ့မှာ မုဆိုးမလေးဂင်္ဂါ ဇာတ်လမ်းရိုက်နေတဲ့ အဖွဲ့

    ဘိုကလေးဈေးရှေ့မှာ မုဆိုးမလေးဂင်္ဂါ ဇာတ်လမ်းရိုက်နေတဲ့ အဖွဲ့

    ဘိုကလေးဈေးရှေ့မှာ မုဆိုးမလေးဂင်္ဂါ ဇာတ်လမ်းရိုက်နေတဲ့ အဖွဲ့…(မိတ်ဆွေတို့သတိထားနိုင်ဖို့ပါ)

    ဘိုကလေးဈေးရှေ့ကားခဏရပ်ပြီး မိတ်ဆွေတယောက်ကိုခဏစောင့်နေတုန်း ပုံပါအမျိုးသမီး

    ကြောင်တောင်တောင်ပုံဖမ်းပြီး ကားနောက်ခန်းတံခါးလာဆွဲဖွင့်တယ်၊ ဖွင့်မရ။

    ကျွန်တော်ကမှန်ချပြီး ဘာလုပ်တာလဲ ဘာညာနဲ့ခပ်ငေါက်ငေါက်ပြောလိုက်တော့ ကြောင်တောင်တောင်စကားတွေပြောပြီး ပုံထဲကအတိုင်း သစ်ပင်အောက်သွားထိုင်တယ်။

    ဘာလုပ်မလဲဆက်ကြည့်နေတာ ခဏနေတော့နောက်ရပ်ထားတဲ့ကားဆီသွားပြီးတံခါးထပ်သွားဖွင့်တယ်။

    ကျွန်တော်ဓါတ်ပုံလှမ်းရိုက်လိုက်တယ်။

    နောက်ကားမှာကအမျိုးသမီးတဦးတည်းရယ်။

    အော်သံကျယ်ကြီးကြားရတယ်။

    ကျွန်တော်လည်းလိုအပ်ရင်ကူညီဖို့ကားစက်ရပ်ပြီးဆင်းလိုက်တယ်၊

    ပတ်ဝန်းကျင်ကပါဝိုင်းကြည့်နေတော့ ကားပေါ်ကပြန်ဆင်းလာပြီး ခုနသစ်ပင်အောက်ပြန်ထိုင်တယ်။

    ကျွန်တော်ကားပေါ်ပြန်တက်တော့ လိုက်တက်တယ်။

    အော်ပြီးဆွဲချလိုက်ရတယ်၊

    အဲ့တော့မှ သူ့အဖော်လို့ယူဆရတဲ့ အမျိုးသမီး၂ဦးနဲ့အမျိုးသား၁ဦးက ဘေးကနေပြီး မလုပ်ပါနဲ့ဗိုက်ဆာလို့ဖြစ်မှာပါတဲ့၊

    ကျွန်တော်လည်းစိတ်တိုတိုနဲ့ ဗိုက်ဆာမှန်းသိရင်ခင်ဗျားတို့ခေါ်သွားပြီးကျွေးလိုက် ဆိုတော့ ငတိက ဘုကြည့်ကြည့်တော့ ကားထဲကဝါးခြမ်းဆွဲပြီး မိုက်စကားပြောရရော၊

    ငတိမတွေကလည်းရန်တွေ့သေးဗျာ

    ကျွန်တော်လည်းစကားတခွန်းမှပြန်မပြောဘဲ ငတိကို ခုန်ကန်လိုက်ပြီးပြန်အကျမှာ ဝါးခြမ်းနဲ့ ခပ်စပ်စပ်လေးတွယ်လိုက်ပြီး တက်နင်းထားလိုက်ရော

    ခုနက သာလိကာမတွေက ဈေးထဲဝင်ပြေးရောဗျာ။

    ငတိကအဲ့တော့မှ ငိုမဲ့မဲ့နဲ့ သူနဲ့မဆိုင်ပါဘူးဆိုပြီး drama တွေခင်းပါရော။

    ဆိုက်ကားသမား၂ယောက်ကပါ ဆွမ်းကြီးဝိုင်းလောင်းဖို့လာရော

    အဲ့နားက ခုနကမဆိုင်သလိုနေတဲ့ လူကြီးလူကောင်းများက သနားပါတယ်

    မှားမယ်နော်တွေလုပ်ကုန်ပြီး ခွင့်လွှတ်ပါတွေဘာညာနဲ့ ကိုယ်တွေကပဲ ခင်မိုမို့အေး၊

    အေး အေး ခင်ဗျားတို့အိမ်ထဲဝင်လာမှ ခွင့်လွှတ်လိုက်ဆိုတော့ကိုယ့်တောင် သူတို့ကမကြည်ကြည့်နဲ့။

    ဇာတ်လမ်းကမုဆိုးမလေးဂင်္ဂါ ဖြစ်သွားနိုင်တာနဲ့ ကျွန်တော်လည်း ထွက်လာခဲ့လိုက်တော့တယ်။

    မိတ်ဆွေတို့သတိထားနိုင်ဖို့ပါ။

    မူရင်းပို့စ် – Kyaw Zin Win

  • အွန်လိုင်းဆယ်လီ သမီးဆိုးကို ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်

    အွန်လိုင်းဆယ်လီ သမီးဆိုးကို ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်

    အွန်လိုင်းဆယ်လီ သမီးဆိုး (ခ) သက်ကိုကို ကို ပြင်ဦးလွင်ခရိုင် တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်ပြီ ဖြစ်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

    သမီးဆိုး (ခ) သက်ကိုကို ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့တာဖြစ်ပြီး စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် အရေးယူခဲ့တာ ဖြစ်ပါတယ်။

    ဒါပေမယ့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) ၊ အဲဒီနောက်မှာတော့ လဝက အက်ဥပဒေ ၁၃ (က) ပုဒ်မတွေနဲ့ ထပ်တိုး အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    “၅၀၅ နဲ့ ၁၃ (က) က နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ဖြေလျော့ပေးလိုက်တာ။ ပုဒ်မ ၆၆ ကိုလည်း ကာယကံရှင်က ‌ကျေအေးပေးတယ်။ ဒါပေမယ့် အဲဒီလို ကျေအေးပေးရင်တောင်မှ အမှုပေါ်လွင်ရင် အမိန့်ချတာပဲ။ ပြစ်ဒဏ်ကျခံပြီး လွတ်လာရင်တော့ ပြည်နှင်ဒဏ် ပေးခံရမှာပါ” လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

    သတင်းတွေအရ သမီးဆိုး (ခ) သက်ကိုကို ကို စတင်အမှုဖွင့် တိုင်ကြားခဲ့သူဟာ ဒေါ်အေသင်ကို ဖြစ်တယ်လို့ သိရပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က ပြင်ဦးလွင် မြို့မရဲစခန်းမှာ (ပ)၂၁၅/၂၀၂၅၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒါကြောင့် သမီးဆိုး (ခ) သက်ကိုကို ကို စတင်ဖမ်းစီးစဉ်က ရန်ကုန်မြို့ရှိ မင်္ဂလာဒုံ ရဲစခန်းမှာ ကနဦး ထိန်းသိမ်းခဲ့တာ ဖြစ်ပေမယ့် မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရတာ ဖြစ်တဲ့အတွက် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့၊ ညပိုင်းမှာပဲ ပြင်ဦးလွင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံရပြီးနောက်ပိုင်း ပုဒ်မ ၅၀၅ (က) ထပ်တိုး အမှုဖွင့်ခံရတာဟာ Follower တသိန်းလောက်ရှိတဲ့ သူမရဲ့ လူမှုကွန်ရက်ဖြစ်တဲ့ Shwe Thet အကောင့်နဲ့ ပြည်ပနိုင်ငံမှာ အလှကုန်ပစ္စည်းတွေ Live လွှင့် ရောင်းချရင်း မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို ဝေဖန် ပြောဆိုခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

    ဒါနဲ့ပတ်သက်လို့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်နေ့ထုတ်၊ နိုင်ငံပိုင် သတင်းစာတွေမှာလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက် စာမျက်နှာပေါ် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းတွေ လုပ်ဆောင်ခဲ့တဲ့ “Shwe Thet” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၆) ရပ်ကွက်နေ သက်ကိုကို (ခ) သမီးဆိုး (၄၅) နှစ်ကို ပြင်ဦးလွင် မြို့မရဲစခန်းမှာ တရားဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။

    ဒါအပြင် ‌သူမဟာ အမေရိကန်နိုင်ငံသူအဖြစ် ခံယူထားသူ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သူမတည်းခိုရာ နေရာတချို့မှာ နိုင်ငံခြားသားတွေအတွက် Form-C တိုင်ကြားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလည်း ပျက်ကွက်ခဲ့တဲ့အတွက် လ.ဝ.က အက်ဥပဒေ ပုဒ်မ ၁၃ (က) နဲ့ ထပ်မံ တရားစွဲဆိုခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

    Photo – Shwe Thet (FB)